Outdated ရှေးကျသူ

ဘုရားစင်ပုံတင်ရင် လာနေကျ ကွန်မင့်တခုရှိတယ်။

၁။ Ashinjana Sarmi သစ်သီး အလုံးလိုက်မကပ်ရပါ။
၂။ Mg Oo ဆရာ သစ်သီးတွေကို အခွံမခွာဘဲမကပ်လှူသင့်ဘူးလို့ပြောရင် ကျွန်တော့ကို ဘလော့မှာလား။

စားစရာ ဘုရားမှာကပ်လှူတဲ့အခါ ဘာသာရေးအယူအဆ၊ လူမှုရေးအယူအဆနဲ့အတူ ကျန်းမာရေးအသိလည်း ထည့်သင့်တယ် ထင်ပါတယ်။ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကျဲတယ်ဆိုတဲ့ ဒါနအမှုတွေမှာ စေတနာကဦးဆောင်တယ်။ လှူဖွယ်ဝတ္တုလည်း အရေးကြီးတယ်။ ရဟန်းတော်တွေ မစားဘို့ တားမြစ်ထားတဲ့အသားတွေကိုတော့ မကပ်လှူသင့်ပါ။

အခွံခွါထားတဲ့အသီးဆိုရင် ခြင်-ယင်-ပိုးဟပ်-ကြွက်ကိုဖိတ်ခေါ်ရာကျပါမယ်။ ဘာအသီးဖြစ်ဖြစ် အခုအခွံခွါ အခုစားတာ သင့်တယ်။ လေထဲက အောက်စီဂျင်နဲ့ဓါတ်ပြုလို့ အရောင်ပြောင်းတဲ့အသီးတွေရှိတယ်။ အင်ဇိုင်းအက်ရှင်လို့ ခေါ်တယ်။ အက်စကောဗစ် အက်စစ်နဲ့ စစ်ထရစ်အက်စစ်ပါတယ်။ အက်စစ်ဓါတ်နည်းရင်ဖြစ်တယ်။ သံပုရာ၊ ဗနီဂါ ထည့်ပေးရင် အရောင်မပြောင်းစေပါ။ သံဓါတ်ပါတဲ့ အာလူး၊ ဖရဲသီး၊ စပျစ်သီး၊ စထောဘယ်ရီ၊ လိမ္မော်သီးတွေလည်း အရောင်ပြောင်းကြတယ်။ အောက်စီဒိုက်စ်ဖြစ်လို့ပါ။

လိမ္မော်သီးကတော့ ခဏနေမှစားရင် အပေါ်ယံတင်းတင်းလေးဖြစ်လို့ တမျိုးစားကောင်းတယ်။ ငှက်ပျောသီးကို အခွံခွါပြီးသား တည်ခင်းတာမျိုး ကျွန်တော်သာဧည့်လုပ်ရရင် မစားချင်ပါ။ ဟော်တယ်တွေမှာလည်း တွေ့ပါတယ်။

ဦးပုညဝတ္တုလေးပုဒ်ကို ဆယ်တန်းမှာသင်ခဲ့ရတယ်။ ယုန်၊ ဖျံ၊ မျောက်နဲ့ မြေခွေးတို့မှာ အခွံခွါစရာ ဓါးမရှိကြပါ။ နွှာစရာ (ပီလာ) မပေါ်သေးပါ။ ဘာသာရေးမှာ နောက်မှတိုးလာ၊ ချဲ့ကားလာ၊ ကွန့်လာတွေ အတော်များတယ်။ ကျွန်တော်တော့ ဗောဓိညောင်ပင်၊ မိဂဒါဝုန်နဲ့ အင်ကြင်းတောကိုသာ မြင်နိုင်အောင်ကြိုးစားပါတယ်။ ခက်တော့ခက်တယ်။ ၂၅၅၉ နှစ် ကြာသွားပြီ။ ခုခေတ်မှာ ရှေးကျတာတွေကို အပြစ်တင်ခံရတတ်တယ်။

အခွံခွါပြီး လှူကပ်တာကိုသာ စိတ်ညွှတ်သူတွေကိုတော့ မခွါပါနဲ့ မပြောပါ။ ဆွမ်းတော်စွန့်တာကို စားရင်တော့ သတိထားစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၆
၁၉-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ