Rabbit and tortoise story ယုန်နဲ့လိပ်ကို ပုံပြဆို

အရင်တုန်းကတော့ ဝန်ကြီးဆိုပြီး အကြာကြီး (နှစ် ၂ဝ ကျော်) အခေါ်ခံရဖူးတယ်။ ပြည်ပမီဒီယာတွေ (အဲဒီတုန်းက ပြည်တွင်းမီဒီယာဆိုတာ အိပ်ပျော်နေကြတုန်း၊ တချို့လည်း မွေးတောင်မမွေးသေးပါ၊) ကနေ လူကြီးလူကောင်းဆန်ဆန် ဝန်ကြီးလို့ သုံးပေးကြတာကြားမိတိုင်း ကိုယ့်ကိုယ်ပြုံးမိတယ်။ စိတ်ကမလုံပါ။ လုပ်ရတာတော့ မြို့ကြီးတွေရဲ့ လမ်းမပေါ်မှာ (ပလေကဒ်) ကိုင် (ပုဆိုးမဟုတ်ပါ)၊ လမ်းဘေးပလက်ဖေါင်းမှာ မကြာမကြာထိုင်ရတယ်။

အမတ်ဖြစ်နေခဲ့တာလည်း နှစ်နှစ်ဆယ်ကျော်တာပဲ။ ပြည်ပရောက်အမတ်အဖွဲ့ကို ဖျက်သိမ်းသင့် မသင့်ပြောကြတော့ ကျွန်တော်က သူများတိုင်းပြည်တွေမှာလို (အိတ်စ်-အင်ပီ-ကလပ်) လုပ်ရအောင်လို့ပြောတာ၊ လက်မခံကြပါ။

ပါတီနဲ့ဝေးတာလည်း နှစ်နှစ်ဆယ်ကောင်းကောင်းကျော်ပြီ။ ကင်းကွာလို့သုံးကြတယ်။ ကျွန်တော်ကတော့ ဝေးကွာပေမယ့် မကင်းပါ၊ မကွာပါ။

စင်ပြိုင်အစိုးရအဖွဲ့ကိုတော့ ကိုယ့်ဖါသာဆွေးနွေးဆုံးဖြတ်ပြီး ဖျက်ကြတယ်။ ကျွန်တော်ကတော့ အစိုးရပိုင် ရုံးသုံး ပစ္စည်းပစ္စယလေးတွေ ထုခွဲရောင်းချပြီးသကာလ ၂ နှစ်ကြာဆက်လုပ်သေးတာ။ နောက်တက်မယ့်သူကမရှိတော့ လွှဲမပေးရပါ။

ကျွန်တော်ရဲ့နိုင်ငံရေးအစွဲက ပရိတ်ရွတ်လည်း ကျွတ်မှာမဟုတ်ပါ။ ခုနေမှာတော့ အမတ်ဟောင်းချင်း၊ ဝန်ကြီးဟောင်းချင်း ပြိုင်ချင်နေတယ်။ ကိုယ်ကလိပ်ပေမယ့် ယုန်ကို မကြောက်ပါ။ ခြင်္သေ့လည်း မမှုပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ