Lesson from Lee Kuan Yew လီကွမ်းယုကပေးတဲ့ သင်္ခန်းစာ

စင်္ကာပူခေါင်းဆောင်ကွယ်လွန်တဲ့အပေါ်အမြင်ကို မနှစ်က RFA မှာ ခပ်တိုတိုဖြေဆိုခွင့်ရခဲ့ပါတယ်။

လီကွမ်းယုကို အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူးကြတယ်၊ သဘောတူပါသလား။ တော်တဲ့ဖက်မှာ ချီးကျူးကြတာတွေကို သဘောမတူစရာမရှိပါ။ ကျွန်တော် အိန္ဒိယမှာနေစဉ်က မဏိပူပြည်နယ်၊ အင်ဖါးမြို့မှာ အစည်းအဝေးတခုသွားတော့ ပုဂ္ဂလိကကျောင်းတခုက ကျောင်းအုပ်ဆရာကြီးကနေ ကျွန်တော့်ကို လက်ဆောင်ပေးတာ လီကွမ်းယုအကြောင်းစာအုပ်ပါ။

လီကွမ်းယူ သူ့နိုင်ငံအတွက် အလွန်တော်တဲ့သူဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေး ရအောင်လုပ်ပေးသွားတယ်။ လီကွမ်ယုက စင်္ကာပူတိုးတက်သွားအောင်လုပ်ပေးသွားတယ်။ သူပဲ မလေးရှားကနေခွဲထွက်အပြီး၊ ရန်ကုန်ကိုလာကြည့်တယ်။ မြန်မာပြည်ကိုမီအောင် ၁၅ နှစ်လောက်လုပ်ယူရမယ်လို့ အားခဲသွားခဲ့တယ်။ မျက်စိအောက်တင် စင်္ကာပူကို တကယ်တိုးတက်သွားတယ်။ အာရှကျားလေးကောင် (တိုင်ဝမ်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဟောင်ကောင်) ဖြစ်လာနိုင်စေခဲ့တယ်။

ဒါပေမယ့် လီကွမ်းယုလက်ထက်မှာ ဒီမိုကရေစီမရှိသလောက်ပဲ။ တိုင်းပြည်ကောင်းစားရေးအတွက် နာမည်ပျက်ခံသွားတာ လူ့သက်တမ်း လေးပုံတပုံလောက်နဲ့ တကယ်တိုးတက် ချမ်းသာသွားတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီမရှိတာ လူ့သက်တမ်းတဝက်ရှိပြီ။ တိုင်းပြည် ချမ်းသာဖို့နေနေသာသာ LDC မှာ တပ်စွဲထားတုံးပဲ။ လီကွမ်းယုက သူ့နိုင်ငံအတွက်သာမက မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေအတွက်လည်း အလွန်ကောင်းခဲ့သူပါ။ စစ်ဗိုလ်ချုပ်ကြီးတွေ သူတို့ကိုယ်ပိုင်ငွေတွေသွားထားလို့ရတယ်။ ငွေမည်းခဝါချပေးတယ်။ လက်နက်ဝယ်ဖို့ ကြားခံလုပ်ပေးတယ်။ စစ်ရေးအမြင်ရှိသူတွေက စင်္ကာပူကိုဆေးသွားကုနိုင်ကြတယ်။

လီကွမ်းယုလို မြန်မာပြည်မှာ စီးပွါးရေးအမြင်ရှိသူလိုသလား။ မြန်မာပြည်မှာ စစ်ရေးအမြင်ဆိုပြီး လုပ်နေခဲ့တာ နှစ်ပေါင်း ၅ဝ ရှိပြီ။ အခု စာလုံးလေးနည်းနည်းပြောင်းထားတယ်။ မြန်မာပြည်ဟာ စစ်ရေးအရ လုံခြုံမှုအနည်းဆုံးအခြေအနေမှာ ရောက်နေပြီ။ အမြော်အမြင်ရှိသူတွေမှာ လုပ်ခွင့်အပြည့်အဝရတဲ့ နိုင်ငံရေးစနစ်လိုပါတယ်။

လီကွမ်းယု မြန်မာ့ထားဝယ်စီမံကိန်းအထိလာကြည့်တာဟာ မြန်မာပြည်မှာ နိုင်ငံခြားကုမ္ပဏီကြီးတွေကနေ စီးပွါးရေး လုပ်ကွက်ကြီးတွေလာလုပ်တော့ သူ့နိုင်ငံရဲ့လုံခြုံရေးကို စိုးရိမ်လို့ပါ။ စစ်ရေးအမြင်ရှိပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ကတော့ သူတို့အတွက်ဘယ်လောက်ရမလည်းသာ ကြည့်ကြတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေ လီကွမ်းယုကို သက်ရှိထင်ရှားမှာလည်း ခြေဖျားမမီပါ။ သူ့အသုဘမျိုးလည်း မမျှော်ကိုးပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး