Bacteria and our Body လူ့ကိုယ်နဲ့ ပိုးမွှား

ဆရာ သွေးလွန်တုပ်ကွေးမှာ ခြင်အန္တရာယ်ကာကွယ်ရေးက ခြင်ရဲ့ မူလဘူတဖြစ်တဲ့ ပိုးလောက်လန်းနှိမ်နင်းရေးက အရေးကြီးမှန်းသိပါတယ်။ ဒါပေမယ့် ဘာသာရေးအစွဲအလမ်းကြီးသူတွေက ပိုးလောက်လန်းတွေကို သတ်ရင် ပါဏာတိပါတကံထိုက်မယ်လို့ ဆိုလာခဲ့ရင် ကျနော်ဘယ်လိုပြန်ပြောရမလဲ။

ဘာသာရေးပါရင် ပြောရတာခက်တယ်။ ပညာသည်လိုငြင်းရင်တော့ အခိုင်အမာရှိတယ်။ မျက်စိနဲ့မြင်ရတာလောက်ကိုသာ လူတချို့ အကောင်ထင်ကြတယ်။ ဉာဏ်နဲ့ရော မှန် (မှန်ဘီလူး) နဲ့ပါ ကြည့်စေချင်တယ်။

လူ့ကိုယ်ခန္ဓာမှာ ဆဲလ် ခေါ် အသေးဆုံးသက်ရှိယူနစ်ပေါင်။ ၁ဝဝ ထရီလီယန် (သန်းပေါင်း တသန်း = သုည ၁၂ လုံး) ရှိတယ်။ လူ့ဆဲလ်က ၁ဝ ပုံ ၁ ပုံသာရှိတယ်။ ကျန် ၉ ပုံက ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေဖြစ်တယ်။ ပိုးမွှားတွေက ထုထည်သေးလွန်းလို့ လူ့ထုထည်ရဲ့ ၁% သို့ ၃% သာရှိတယ်။ ပေါင် ၂ဝဝ လေးတဲ့သူမှာ ပိုးမွှားအလေးချိန် ၂ ပေါင်ကနေ ၆ ပေါင်အထိရှိမယ်။ လူတွေစွန်တဲ့အညစ်အကြေးထဲမှာ တဝက်ဟာ အဲဒီပိုးမွှားတွေဖြစ်တယ်။

Weizmann သိပ္ပံပညာရှင်တွေက အသစ်လုပ်တဲ့သုတေသနအရဆိုရင် လူ့ကိုယ်မှာ ဗက်တီးရီးယားပေါင်း ၃၉ ထရီလီယန် ရှိတယ်။ လူ့ကိုယ်ပိုင်ဆဲလ်ပေါင်း ၃ဝ ထရီလီယန်ရှိတယ်။ အဲတာထဲမှာ သွေးနီဥ ၈၄% ပါတယ်။

လူ့ခံတွင်းမှာ ပိုးမျိုး ၁ဝဝ ကနေ ၂ဝဝ အထိနေထိုင်ကြတယ်။ သွားတချောင်းမျက်နှာပြင်ပေါ်မှာ ဗက်တီးရီးယားပေါင်း ၁,ဝဝဝ ကနေ ၁ဝဝ,ဝဝဝ အထိရှိနေတယ်။ ခံတွင်းသန့်ရှင်းရေးမလုပ်သူမှာ သန်း ၁ဝဝ ကနေ ၁ ဘီလီယန်ရှိနေနိုင်တယ်။ သွားတိုက်လို့ ပိုးဘယ်လောက်ကို ရှင်းထုတ် သို့ သေစေလိုက်သလဲ။ လျှာပေါ်မှာ ၈,ဝဝဝ ရှိတယ်။

တံတောင်ဆစ်မှာ ပိုးအကောင်ရေ ၂ဝဝဝ ရှိတယ်။ လက်တွေပေါ်မှာ ပိုးကောင်ရေ ၅ဝဝဝ ရှိတယ်။ လက်ဆေးတော့ သူတို့ သေကုန်ကြတယ်။

လူတွေနေ့စဉ် သန့်ရှင်းရေးလုပ်ကြရတယ်။ မျက်နှာသစ်တာ၊ ခံတွင်းသန့်ရှင်းတာ၊ လက်ဆေးတာ၊ ခေါင်းလျှော်တာ၊ ရေချိုးတာ၊ ကိုယ်မှာနေတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေ ဘယ်လောက်ကို သေကျေပျက်စီးစေလိုက်ကြသလဲ မှန်းဆကြည့်နိုင်ပါတယ်။

လူကြီးမင်း လမ်းလျှောက်ရင်း၊ ဆရာတော်တွေ စင်္ကြန်သွားရင်း ကြမ်းပေါ်၊ မြေပြင်မှာ ပိုးကောင်ရေပေါင်း ဘယ်လောက်ကို နင်းခြေခဲ့ပါသလဲ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၅၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး