Sex Education for Kids ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး

ကလေးသူငယ် လိင်စော်ကားမှုကိုဖတ်ပြီး ဒီစာရေးရခြင်းဖြစ်ပါသည်ရှင့်။ ယခု မြန်မာနိုင်ငံတွင်လည်း သက်ငယ်မုဒိမ်းမှုများ အလွန်ဖြစ်ပွားနေသည်ကို စာစောင်ဂျာနယ်များမှာ မကြာမခဏဖတ်နေရပါသည်။ ယခင်ကတော့ ကျွန်မတို့မှာ ကြားပင် မကြားဖူးပါ။ အမှန်အတိုင်း ဝန်ခံရပါလျှင် ကျွန်မတို့ငယ်ငယ်ကတည်းက မိဘများက Sex Education ကို မပေးခဲ့ဖူးပါ။ ကျွန်မ ဆရာ့ရဲ့ Sex Education ဆိုတဲ့ ဆောင်းပါးလည်း ဖတ်ပြီးပါပြီရှင့်။ သို့သော်လည်း မိဘများအနေဖြင့် သမီးငယ်များအတွက် မည်သည့်အသက်အရွယ်ကစတင်ပြီး လိင်ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ပညာပေးနိုင်မလဲ ဆိုတာကို ဆောင်းပါးလေး ရေးပေးစေချင်ပါတယ်ရှင့်။

ဒီအကြောင်းအရာကို မပြောဘဲ-မရေးဘဲနေတာကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့မေးခွန်းမှာ အပေါင်းနဲ့ အနုတ် နှစ်မျိုးလုံးရှိတယ်။ ကျန်းမာရေးပညာပေးရေးတာကို ဖတ်ချင်သူကဖတ်၊ ယူချင်သူကယူ ကိုယ့်ဖါသာဆုံးဖြတ်ခွင့်ရှိတယ်။ လူအများနဲ့ဆိုင်တဲ့ ဥပမာ တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာတွေမှာ ထည့်ရင်တော့ အကန့်အသတ်တွေ ရှိလာပြီ။ ကျောင်းတွေမှာ သင်-မသင်ဆိုတာကြ ဥပဒေနဲ့လုပ်မှရတယ်။ ဒါလဲဘဲ နေရာတခုနဲ့တခု၊ လူမှုအသိုင်းအဝိုင်း တခုနဲ့တခု မတူဘူး။ လွန်ခဲ့တဲ့နှစ်တွေကနေ ခုခေတ်မှာ ပြောင်းလာရတာလဲရှိတယ်။

သင်ပေးသင့်တယ်ဆိုရင်လည်း ဘာတွေပါသင့်သလဲဆိုတာ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ စိတ်ဝင်စားသူတွေကြားမှာ မတူကြတာတွေ ရှိပြန်တယ်။ အသစ်တခုကိုစရင် အခြေခံအကျဆုံးကနေစရပါတယ်။ ဆေးပညာလည်းသိရမယ်။ သင်ကြာရေးဝိဇ္ဇာပညာလည်းပါရမယ်။ ဒါလဲ အငြင်းပွါးမှုအနည်းဆုံးသာဖြစ်ပြီး ကန့်ကွက်တာ၊ ဆဲရေးတာမခံရဘူးလို့ အာမခံချက်မရှိပါ။ နိုင်ငံတကာမှာ ပညာရေးတာကို နမူနာပေးပါမယ်။

စာသင်ကျောင်းတွေမှာဆိုရင် (၈) နှစ်အရွယ်ကနေစတာများတယ်။ ဒီအရွယ်လေးတွေကို သင်ပေးရမဲ့ အကန့်အသတ် ကြီးတယ်။ မေးလာရင် လိမ္မာပါးနပ်အောင်ဖြေနိုင်ဘို့ ပြင်ထားရမယ်။ မိဘတွေကို မေးထားပြီးမေးခွန်းလေးတွေကိုလဲ မရှင်းတာကို ကျောင်းမှာမေးနိုင်တယ်။ သင်ကြားပေးသူရဲ့ တာဝန်၊ စေတနာနဲ့ ပညာအပြင် သင်ကြားမှုအနုပညာလိုမယ်။

၁။ ယောက်ျားလေးနဲ့ မိန်းကလေး မတူတဲ့အကြောင်း။ မတူတာတွေထဲမှာ မွေးရာပါ မျိုးပွါးအင်္ဂါတွေရှိကြောင်း။ ငယ်သေးလို့ မဖွံ့ထွားသေးတဲ့အကြောင်း။ ပြောင်းလဲလာတာတွေဟာ ပုံမှန်သာဖြစ်တဲ့အကြောင်း။ စိုးရိမ်မှုမရှိသင့်ကြောင်း။

၂။ အရွယ်ရောက်ခြင်းဆိုတာဘာလဲ။ တယောက်နဲ့တယောက် နဲနဲမတူတာရှိကြောင်း။ ဥပမာ မိန်းကလေးတွေက စောတယ်။ ဝသူတွေက စောတယ်။ အားကစားမလုပ်သူတွေက စောတယ်။ စောတိုင်းလဲ မကောင်းကြောင်း။ ကိုယ့်မှာ စောနေလို့လဲ မစိုးရိမ်သင့်ကြောင်း။ မျိုးရိုးလဲရှိတတ်ကြောင်း။

၃။ ယောက်ျားလေးတွေမှာ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ တနှစ်မှာ အရပ် ၄ လက္မပိုရှည်လာမယ်။ အသံသြလာမယ်။ နှုတ်ခမ်းမွေးပေါက်လာမယ်။ ဝက်ခြံပေါက်မယ့်အကြောင်း။

၎။ မိန်းကလေးတွေ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ ယောက်ျားလေးတွေက အရပ်ပိုရှည်တာထက် မိန်းကလေးတွေက တင်နေရာကားလာတာ ပိုသိသာတယ်။ ရင်သားထွက်-ထွားလာမယ်။ အမြဲတစေ ဖုံးအုပ်ထားရမယ်။ အထိမခံသင့်ကြောင်း။ ဝက်ခြံပေါက်လာမယ်။ မကြာခင် ရာသီသွေးဆိုတာဆင်းမယ်။ အောက်ပိုင်းအတွင်းခံမှာ သွေးလို စွန်းထင်းတာရှိရင် အမေ၊ အမ၊ ဆရာမကို ပြောသင့်ကြောင်း။ စိုးရိမ်စရာမဟုတ်ကြောင်း။

၅။ စိတ်ပိုင်းအပြောင်းအလဲတွေဖြစ်မယ်။ ဟော်မုန်းအသစ်တွေထွက်လို့ဖြစ်တယ်။ ပုံမှန်ဖြစ်တယ်။ စိုးရိမ်ဘို့မလိုကြောင်း။ ပြောင်းလာတဲ့အတွက် နေရထိုင်ရ၊ ပြောဆိုရတာတွေကို ပြုပြင်ရမှာဖြစ်ကြောင်း။ စိတ်ရှုပ်ထွေးတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေ ရှိတတ်ကြောင်း။ ကလေးတိုင်းဖြစ်တာမို့ မစိုးရိမ်ဘဲ ထိန်းရမှာဖြစ်ကြောင်း။

၆။ အနေအထိုင်၊ အမူအယာသင်ပေးပါ။ ဘယ်လိုဝတ်စားဆင်ယင်တာ၊ မသင့်တဲ့နေထိုင်တာ၊ ပြုမူပြောဆိုတာတွေဟာ အန္တရာယ်ရှိကြောင်း။ တိတိကျကျမေးလာရင် ကိုယ်ဝန်ရှိနိုင်ကြောင်း။ အပျိုဘဝ၊ လူပျိုဘဝဆုံးသွားနိုင်ကြောင်း။ တန်ဘိုးထားမှု ကျဆင်းသွားနိုင်ကြောင်း။ ဖြစ်သွား-ပျက်သွားတာတွေက ဘယ်တော့မှ ပြန်မရတော့ကြောင်း။ တချို့မှာ တသက်လုံး စိတ်ထိခိုက်ရကြောင်း။ ဆက်မေးလာရင် တားဆီးကာကွယ်နည်းတွေ ကျန်းမာရေးနဲ့ညီတာတွေရှိနေကြောင်း တယောက်ချင်းကနေ ဆရာဝန်ကိုမေးနိုင်ကြောင်း။ အရွယ်ပြောင်းလာလို့ ယောက်ျားလေး၊ မိန်းကလေးတွေ ပြောဆိုဆက်ဆံတာ၊ အတူကစားတာတွေမှာ ပြောင်းရကြောင်း။ ဘယ်လိုပြောင်းမလဲ။့။

အိန္ဒိယမှာ CBSE ပညာရေးစနစ်ထဲမှာ Sex education ကို သူငယ်တန်းကနေ ၁၂ တန်းအထိသင်ပေးလာတာ မကြာသေးပါ။ Adolescent education လို့ခေါ်တယ်။ Reproductive health မျိုးပွါးကျန်းမာရေးနဲ့အတူ Drug abuse ဆေးဝါးတလွဲသုံးခြင်း၊ Homosexuality လိင်တူဆိုတာတွေလဲပါမယ်။ Adolescence and Reproductive Sexual Health Programme (ARSH) လို့ရုံးသုံးခေါင်းစဉ် တပ်ထားတယ်။ ဒီအကြောင်းအရာတွေကို ဘာသာရပ်တခုအနေနဲ့ သင်ပေးမှာ မဟုတ်ဘဲ Activity-based programmes လှုပ်ရှားမှု အစီအစဉ်တွေထဲမှာ ထည့်ပါမယ်။ Nutrition အာဟာရ၊ Health ကျန်းမာရေး၊ Hygiene သန့်ရှင်းရေး၊ Physical fitness ရုပ်ပိုင်းကျန်းမာရေး၊ Mental health စိတ်ကျန်းမာရေး၊ Sexual health လိင်ကျန်းမာရေးထဲမှာ HIV/AIDS လဲပါမယ်။ Sexual changes at puberty အရွယ်ရောက်ခြင်း အပြောင်းအလဲများ၊ Substance abuse မူးယစ်ဆေးဝါးများ၊ Myths မျိုးပွါးခြင်းဆိုတာမှာ တလွဲအထင်အမြင်အမှားတွေ၊ Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ ထည့်သွင်းထားပါတယ်။

အိန္ဒိယမှာ နိုင်ငံရေးစနစ်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံရှိတာမို့ ပြည်နယ်တခုနဲ့တခုမတူဘဲ ကျင့်သုံးခွင့်ရှိတယ်။ (မဟာရာစထရာ) ပြည်နယ်က အဲဒီ Adolescent Education Programme (AEP) အစီအစဉ်သစ်ကို လက်မခံပါ။ MLA ပြည်နယ် အမတ်တွေက ၁ဝ တန်းသင်ရိုးထဲထည့်မှာကို ဆန့်ကျင်နေကြပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာ အတိုက်အခံ အမတ်တွေက အစိုးရထုတ် Kishorawastha Jivan Kaushalya Karyakram ဆိုတဲ့ စာမျက်နှာ ၂ဝဝ ကျော်ပါ ဆရာလမ်းညွှန်စာအုပ်တွေကို ထောင်ပြပြီး ကန့်ကွက်ကြတယ်။

A resource for a planned and continuous Sex Education programme conforming to DfEE guidelines ဆိုတာက ဗြိတိန်နိုင်ငံသုံး လိင်ကျန်းမာရေးလက်စွဲစာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေးအခြေအနေတွေနဲ့ ကိုက်ညီတာတွေကို ကျွန်တော်တို့ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေဆီက အကြံဥာဏ်အကူအညီမလို ဘူးထင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ