Overdue pregnancy ရက်ကြာနေတဲ့ကိုယ်ဝန်

၁။ မင်္ဂလာပါဆရာ သမီးအသက်က ၂၄နှစ်ပါ။ အိမ်ထောင်ကျတာက ငါးနှစ်ထဲမှာပါ။ အခု ကိုယ်ဝန်နဲ့ပါ။ ပထမအကြိမ်ပါ။ ကိုယ်ဝန်က လကစေ့နေပြီ မမွေးသေးတာပါဆရာ။ ရာသီလာတဲ့ရက်က ၂၂-၈-၂၀၁၆ ပါ။ ရာသီပြီးတဲ့ရက်က ၂၅-၈-၂၀၁၆ ပါဆရာ။ အခုအဲ့ရက်အတိုင်း ဆရာဝန်ပြလာတာကို မွေးမဲ့ရက် ကျော်နေပြီလို့ ပြောပါတယ်။ အဲ့လို မွေးမဲ့ရက် ကျော်ရင် ကလေးအတွက်စိုးရိမ်ရပါသလားဆရာ။ ကြားထဲကပို့တဲ့စာတွေက လိုင်းမကောင်းလို့ မရောက်တာဆရာ။

နောက်ဆုံးရာသီလာခဲ့တဲ့ပဌမရက် = ၂၂-၈-၂ဝ၁၆ ဖြစ်ရင် ခန့်မှန်းမွေးရက် = ၂၉-၅-၂ဝ၁၇ ဖြစ်တယ်။ ရှေ့-နောက် ၁-၂ ပတ်အထိကွာနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

၂။ ကိုယ်ဝန်ကလစေ့နေပါပြီဆရာ။ OG ကိုလည်းရိုးရိုးမွေးမယ်လို့ပြောထားပါတယ်။ သွေးပေါင်ချိန်ကလည်း ကျနေပါတယ်။ 90/60 ပဲရှိပါတယ်။ ultrasound ကိုအခု 20 ရက်ကရိုက်ထားတာပါဆရာ။ အားလုံးကောင်းပါတယ်လို့ပဲ ပြောပါတယ်။ အခု 27 ရက်တစ်ပတ်ကြာလို့ ပြန်သွားပြတော့ ဗိုက်စမ်းပြီးတာနဲ့ Due date စေ့နေပြီ။ ကလေးကအနေထား မှန်ပေမယ့် ခေါင်းက ဂွင်ထဲမရောက်သေးဘူး ရေမြွှာလည်းနဲနေပုံရတယ်၊ ဖြစ်နိုင်ရင်ခွဲမွေးစေချင်တယ်လို့ ပြောပါတယ်။ အခုတော့ 1.12.15 ထိစောင့်ကြည့်ပြီးမှ ultrasaund ပြန်ရိုက်ကြည့်မယ်လို့ ပြောပါတယ်ဆရာ။ အဲဒါ ဆက်စောင့်နေသင့်သလား ခွဲရမှာလား မစဉ်းစားတတ်လို့ပါဆရာ။ သွေးပေါင်ချိန်ကတော့ ကျနေတုန်းပါပဲဆရာ။ အခုထိ due date လွန်နေပေမယ့် ဗိုက်နာတာရေဆင်းတာသွေးဆင်းတာဘာမှမရှိပါဘူးဆရာ။ လူက တော်တော်နေလို့ ကောင်းနေတုန်းပါပဲ။ ဗိုက်ထဲက ကလေးကိုစိတ်ပူလို့ပါ။ ဆရာ့အကြံပေးချက်ကို အားကိုးလျက်ပါဆရာ။

ကိုယ်ဝန် ခန့်မှန်းမွေးမယ့်ရက်ကျော်ပေမယ့် မမွေးသေးတာဖြစ်တတ်ပါတယ်။ ကိုယ်ဝန်အများစုဟာ ၃၇ ပတ်နဲ့ ၄၁ ပတ်အတွင်းမှာ မွေးပါတယ်။ ခန့်မှန်းမွေးမယ့်ရက်ထက် ၁-၂ ပတ်အထိကွာခြားတာဟာလည်း ပုံမှန်သာဖြစ်တယ်။ ၄၂ ပတ် (၂၉၄ ရက်) ကျော်နေရင်တော့ သတိထားသင့်ပါပြီ။  အဲတာမျိုးက ၅-၁ဝ% ထိရှိနိုင်ပါတယ်။ အဲလိုကိုယ်ဝန်တွေမှာ ကလေးမွန်းတာနဲ့ အသေမွေးတာပိုအဖြစ်များတယ်။ ဆောရီး။ ၄၉-၄ဝ ပတ်ကိုယ်ဝန် ၁ဝဝဝ မှာ ၁ ယောက်ရှိတယ်။ ၄၁ ပတ်ဆိုရင် ၂ ယောက်၊ ၄၂ ပတ်ကျော်ရင် ၃ ယောက်ရှိတယ်။

နားနေပါ။ စိတ်လှုပ်ရှားမှုကို ထိန်းပါ။ မွေးလာမယ့်ကလေးအတွင် ပြင်ဆင်မှုတွေလုပ်ထားပါ။ ဗိုက်မနာသေး၊ သားအိမ်မပွင့်သေးရင် တမင်မွေးအောင်လုပ်ရတယ်။

• ဒေလီမြို့ မြန်မာပြည်ကနေလာနေသူတွေအတွက် အခမဲ့ ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ Date of birth (DOB) အတိအကျ မွေးသူ စုစုပေါင်း ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅)
• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)
• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)
• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)
• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)

မြန်မာပြည်က အင်တာနက်နှုန်းနဲ့ဆို ဒီစာရချိန်မှာ ပဌမမေးတဲ့သူ မွေးဖွားပြီးလောက်သလား စဉ်းစားနေတယ်။ ဒုတိယမေးခွန်းက အရင်ကမေးထားတာပါ။ သူ့ဆီက အကျိုးအကြောင်း မသိရပါ။ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)