Subsidy Politics ပါမစ်နိုင်ငံရေး

ကားပါမစ်ဆိုတာ သူများတိုင်းပြည်မှာမရှိပါ။ မြန်မာပြည်မှာတော့ ပါမစ်နိုင်ငံရေးကို ဖဆပလ ခေတ်ကတည်းက စခဲ့တယ်။ အင်ပို့လိုင်စင်ကို အာဏာရပါတီနဲ့ပတ်သက်သူတွေသာရတယ်။ ဆိုရှယ်လသ်ခေတ်မှာ တံခါးတွေ ပိတ်ထားလို့ အပြင်ကနေ ဘာကုန်ပစ္စည်းမှ ဝင်လို့မရဘူး။ အများစုလူထုက အခွံသာရှိတဲ့ ကုန်သွယ်ရေးဆိုင်တွေကဖြစ်ဖြစ်၊ ခွဲတမ်းနဲ့ ရောင်းတဲ့ သမဆိုင်တွေကနေဖြစ်ဖြစ် တန်းစီဝယ်ရလို့ တန်းစီတိုးစားလူတန်းစားဖြစ်ခဲ့ရတယ်။ ပဒုမ္မာလို အထူးဆိုင်တွေကနေတော့ ပါတီကောင်စီကလူကြီးတွေက ဝယ်ခွင့်ရှိတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပါမစ်စနစ် ဆန်းသစ်လာတယ်။ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းတွေကို အဖွဲ့ကြီးကြီးသလို ပါမစ်တွေ၊ အခွန်လွတ်တွေ ချပေးသတဲ့။ နောက်တခါ နိုင်ငံရေးပါတီတွေကိုပါ အဲလိုဟာတွေ ချပေးမယ်တဲ့။ ချပေးလို့ရတာကို လက်လွှဲရောင်းရင် အမြတ်အစွန်းတွေ နင့်နေအောင်ရကြပုံကြတယ်။ အဲဒီ သက်သာခွင့်ရစေတဲ့ ပိုက်ဆံတွေက ဘယ်ကနေလာလို့၊ ဘယ်နေရာကနေ ဆုံးရှုံးနေပါသလဲ။

ဆပ်ဆီဒီဆိုတာ စီးပွါးရေးကဏ္ဍမှာ ငွေကြေးနဲ့ဖြစ်စေ ထောက်ပံ့မှုတမျိုးမျိုးနဲ့ဖြစ်စေ စီးပွါးတိုးတက်ရေးအတွက် ဖြစ်ဖြစ်၊ လူမှုရေးတိုးတက်ဘို့ဖြစ်ဖြစ် ရည်ရွယ်ပြီး သတ်မှတ်ပေးတာကိုခေါ်တယ်။ အစိုးရကရော အစိုးရမဟုတ်တဲ့အဖွဲ့တွေကနေပါ လုပ်ကြတယ်။ တိုက်ရိုက်ပေးနည်းက ငွေကြေး၊ အခွန်လွတ် ချေးငွေပေးတာနဲ့ သွယ်ဝှိုက်နည်းက အခွန်လျှောပေါ့ပေးတာနဲ့  အာမခံပေးတာ၊ အတိုးနှုန်းနည်းတာ၊ လျှော်ပြစ်တာ၊ ငှားခမယူတာတွေဖြစ်တယ်။ ဆပ်ဆီဒိုက်ဇေးရှင်းဆိုတာ ကုန်ကျငွေကို သက်ဆိုင်သူဆီကနေမဟုတ်ဘဲ တခြားကနေရာကနေယူတာကို ခေါ်တယ်။

အခွန်ကို စနစ်တကျနဲ့ များများရအောင် ကောက်နိုင်တဲ့အစိုးရကို ချီးမွမ်းကြတယ်။ အခွန်တွေကို လိုတဲ့နေရာတွေမှာ သုံးတတ်တဲ့အစိုးရကို ချီးကျူးကြတယ်။ အခွန်အကောက်ကို တလွဲသုံးတာ၊ ရသင့်ရထိုက်တဲ့အခွန်တော်ကို အစိုးရအကျိုးအတွက် နိုင်ငံရေးလက်နက်လိုသုံးခဲ့တယ်။

ဆရာတော်ကြီးတပါး ကျောင်းကအထွက်မှာ ခွေးတကောင်က ကိုက်တော့မတတ် ဟောင်တဲ့အခါ၊ ရုတ်တရက် ဒေါသထွက်ရာကနေ ခွေးကိုရိုက်မယ်ဟန်ပြင်ရင်းက သတိပြန်ဝင်လို့ တယ့့် ဒီခွေး ရိုက်လိုက်ရ၊ ငါပါနှစ်ကောင် ဖြစ်သွားမယ်လို့ မိန့်ပါတယ်။

လူသတ်လက်နက်၊ ဖွဲ့စည်းပုံလက်နက်၊ အခွန်လက်နက်၊ လက်နက်စုံနဲ့ သုံးနည်းဖြစ်တယ်။ ကျန်တဲ့သူတွေကိုပါ ငါပါနှစ်ကောင်ဖြစ်မဲ့ဇာတ် သွင်းခဲ့တာဖြစ်တယ်။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၄
၂၉-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး