Wind colic in babies ကလေးနဲ့ လေဆေး

ဆရာရှင့် ကျွန်မအသက်က ၃၂ ပါ။ ဒုတိယကိုယ်ဝန် ၃၁ပတ်ရှိပါပြီ။ ပထမကိုယ်ဝန်က ၃လနီးပါးမှာ ပျက်ဖူးပါတယ်ဆရာ။ ကျွန်မကနယ်မှာနေတယ်ဆိုတော့ Og ပြဖို့တော့အခက်အခဲရှိလို့ နယ်ဆေးရုံဆရာဝန်ကိုပဲ ကိုယ်ဝန်အပ်ထားပါတယ်။ ကျွန်မသိချင်တာက နယ်ကလူတော်တော်များများက ကိုယ်ဝန် ၇လ ဆိုရင် ကမ္မဇဆိုတဲ့လေဆေးသောက်ရတယ်ပဲပြောနေကြလို့ပါ။ မသောက်ရင် ကလေးမွေးတဲ့အခါ ကလေးမှာလေနာရောဂါပါမယ်ပဲပြောနေကြတယ်ဆရာ။ ကျွန်မ စာတွေ ဖတ်ထားတာက ဘယ် OG ကမှ အဲ့ဆေးကိုမသောက်ခိုင်းဘူးတဲ့ဆရာ။ ကျွန်မသောက်သင့် မသောက်သင့် မဆုံးဖြတ် တတ်လို့ပါဆရာ။ ကျွန်မကိုယ်ဝန်ကလဲ ၈ လပြည့်တော့မယ်ဆိုတော့စိတ်ပူလို့ပါဆရာ။ ကျေးဇူးပြုပြီးပြန်ဖြေပေးပါအုံးဆရာ။

ဆရာက အိုဂျီ မဟုတ်ပါ။ ကလေးအထူးကုလည်း မဟုတ်ပါ။ ပြောတဲ့ဆေးဖြစ်ဖြစ် တခြားအရပ်ဆေး၊ ဗမာဆေးဖြစ်ဖြစ် သောက်စရာမလိုပါ။ လေနာရောဂါဆိုတာ ကလေးတွေမှာ မဖြစ်ပါ။ ကလေးတိုင်း လေအောင့်တာ၊ လေနဲ့ နို့အန်တာ ဖြစ်တတ်တယ်။ အဲတာက ချိုစို့ရင်း၊ ချိုလိမ်စို့ရင်း၊ ရေသောက်ရင်း၊ အစာစားရင်းနဲ့ လေကိုပါမျိုချလို့ဖြစ်တယ်။ တချို့ကလေးက လေအောက်ဆင်းတာလွယ်ပြီး တချို့က အထက်ဆန်တယ်။ အဲတာ ရောဂါရယ်လို့ မဟုတ်ပါ။ ကလေးတွေဗိုက်နာတာ အလိုလိုပျောက်ပါမယ်။

လေက အောက်ဖြစ်ဖြစ်၊ အထက်ဖြစ်ဖြစ် မထွက်နိုင်လို့ လေအောင့်နေရင်တော့ Simeticone drops ဂရိုက်မစ်ချာ ခေါ် ဂရိုက်ဝါးတား ဆေးရည်တိုက်ရမယ်။ အဲဒီဆေးကိုလည်း ကလေးတိုင်းမလိုပါ။ ခဏခဏလည်း မလိုပါ။ ဆေးက လေဘူပေါင်း သေးသေးလေးတွေကို စုပေးလို့ လေဘူပေါင်းကြီးလာပြီး ထွက်ရတာလွယ်စေမယ်။ Lactase drops လက်တေ့စ်ဆေးရည်လည်း တခါတလေသုံးနိုင်တယ်။ Dicycloverine (dicyclomine) ဆေး ကလေးအတွက်မသုံးသင့်ပါ။

ကလေးငယ်လေးတွေ အကြာကြီးငိုရင် လေကိုအရင်စဉ်းစားရတယ်။ ကလေးတွေငိုတိုင်းရောဂါရှိလို့မဟုတ်ပါ။ ၅% မှာသာ အကြောင်းတခုခုရှာတွေ့တယ်။ ကလေးမှာ အဲလိုလေကြောင့်ရစ်နာတာ ရက်သတ္တပါတ်ကြာတတ်တယ်။ ငယ်တုံးက အဲလိုဖြစ်လို့ ကလေးကြီးတော့ လေနာဆိုတာ ဆက်မဖြစ်ပါ။

တကယ့်ကို ဗိုက်ရစ်နာရင်တော့ Renal colic ကျောက်ကပ်ကျောက်ကိုစစ်ဆေးရမယ်။ Biliary colic ဆိုတာက သည်းခြေကျောက်ရှိလို့ ရစ်နာတာ။ ကလေးဟာ အဆက်မပြတ်ငိုနေမယ်။ ချော့မရဖြစ်မယ်။ မျက်နှာနီပြီး ညိုပြာပြာ ဖြစ်လာမယ်။ နေ့တိုင်း ငိုနေကျအချိန်မျိုးမှာငိုမယ်။ မိနစ်နည်းနည်းကြမယ်။ တိတ်သွားမယ်။ ငိုတာကလည်း အကြောင်းမဲ့လို့ ထင်ရတယ်။ အနေအထားကလည်း ဗိုက်ကြောတွေတင်းတောင့်ပြီး ခါးကော့်နေမယ်။ အိပ်ရေးပျက်မယ်။ နို့ကောင်းကောင်းမစို့ဘူး။

ကိုယ်ဝန်မှာ မိခင်လောင်းက ဆေးလိပ်သောက်ရင် မွေးလာတဲ့ကလေး ၂ ဆဖြစ်လမ်းရှိတယ်။ မိခင်နို့တိုက်တာနဲ့ နို့ဗူးတိုက်တာ ဆတူဖြစ်တယ်။

အငိုတိတ်အောင် နည်းအမျိုးမျိုးကြိုးစားပါ။ ကလေးချီပိုးနည်း။ နို့တိုက်အနေအထား။ Pacifier (dummy) ချိုလိမ်။ နို့ဗူးတိုက်ရင် နို့သီးခေါင်းထဲမှာ လေမပါဘဲ နို့ရည်သာရှိနေစေပါ။ ကလေးချော့တာ ထိမ်းတာအတွေ့အကြုံရှိတဲ့ လူကြီးတွေ အကူအညီယူပါ။ အရပ်နည်းတိုင်းတော့ မသင့်တာ သတိပြုပါ။ ဗမာဆေးဆိုတာ တခါမှမကြားဖူးတဲ့ မြန်မာပြည်က ကလေးတွေ သန်းပေါင်းများစွာရှိတယ်။ သူများတိုင်းပြည်တွေမှာ ဘီလီယန်များစွာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး