To all my teachers အာစရိယဂုဏော အနန္တော
သတင်း = ကျောင်းဆရာ-ဆရာမတွေ အရေးပါမှု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
• ဆရာ့ ဆရာသင်တဲ့ဓါတုဗေဒထဲက ရုပ်ပြောင်းလဲခြင်းတော့ မြင်နေရပြီဆရာ၊ ဓါတ်ပြောင်းလဲခြင်းက အတော် စောင့်ရအုံးမှာဆရာ၊
• ဆရာ့ ဆရာ့ရူပဗေဒထဲက အလင်းဆိုတာ မှုံဝါးဝါးတော့ မြင်လာရပြီဆရာ၊ သံလိုက်စက်ကွင်းရော လျှပ်စစ် စက်ကွင်းရောကနေ မလွတ်ကင်းသေးပါဆရာ၊
• ဆရာ့ ဆရာ့သင်္ချာက အသုံးချရတာ၊ လွယ်လိုက်တာဗျာ၊ ပညာရေး၊ ကျန်းမာရေး အနိမ့်ဆုံးဂဏန်းမှန်သမျှ ကျွန်တော်တို့နိုင်ငံကလို့ မှတ်သားရတယ်ဆရာ၊
• ဆရာမ့ ဆရာမသင်တဲ့အင်္ဂလိပ်စာ ကျွန်တော်နည်းနည်းတတ်တာ အသုံးတည့်တယ်ဆရာမ၊ ဗမာစကား မတတ်ကြသူတွေကို ကျွန်တော်တို့ဆီကလူတွေ ဆင်းရဲတဲ့အကြောင်း၊ စကားလုံးတွေပြောင်းပြောင်းပြီး ကျွန်တော် ပြောတတ်တယ်ဆရာမ၊
• ဆရာ့ ဆရာသင်ပေးတဲ့ ကမ္ဘာ့ပထဝီထဲက နိုင်ငံတွေအစုံကိုရောက်ပြီး၊ ကျွန်တော်တို့ မြန်မာပြည်က အောက်ကျတာတွေကို ရှက်ရှက်နဲ့သာ သွားပြောခဲ့ရ၊ ဟောခဲ့ရပါတယ်ဆရာ၊
• ဆရာမ့ ဆရာမသင်ပေးတဲ့သမိုင်းထဲက မင်းဆိုးမင်းညစ်တွေကို ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရပါပြီဆရာမ၊
• ဆရာ့ ဆရာ့မြန်မာစာ ကျွန်တော်အသုံးချနေတယ်ဆရာ၊ ဦးပေါ်ဦးလို ဘုရင်ကိုလဲ အရူးလုပ်တတ်တယ်ဆရာ၊ အနန္တသူရိယအမတ်ကြီးလိုလည်း သံဝေဂတွေရပါတယ်ဆရာ၊
• ကျောင်းအုပ်ဆရာမကြီးခင်ဗျာ့း့ ကျောင်းစည်းကမ်းတွေက ကျွန်တော့်ဘဝမှာ တကယ်အသုံးကျပါတယ်ဗျာ၊ တာဝန်ဆိုတာ ယူတတ်သလို၊ ကြိုးစားရမှာဆိုတာလဲသိလို့၊ ကျွန်တော် အခုထိကြိုးစားနေပါတယ်ခင်ဗျာ။
(မုံရွာ၊ စတိတ်တူးကျောင်းနဲ့ မန္တလေးဆေးကျောင်းက ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုပြီးရေးပါတယ်။)
ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၄
၎-၇-၂ဝ၁၆

Comments
Post a Comment