Birthday မွေးနေ့

ဒေလီနေရတုံးက ၂ဝ၁၄ နှစ် ကျွန်တော့်မွေးနေ့မတိုင်ခင်နေ့က ဆေးခန်းမှာ နက်ဖြန်ဘာနေ့လဲလို့ ရှစ်လေးလုံးကို သိကြမလားလို့ ဆရာမတွေကို မေးတယ်။ မသိကြပါ။ နက်ဖြန်ဆရာ့မွေးနေ့လို့ပါပြောတော့ ပါတီလုပ်အုံးမှာလားတဲ့။ မွေးနေ့ပါတီရယ်လို့ မှတ်မိသလောက် မလုပ်ဘူးပါ။

မွေးနေ့တွက် ဆုတောင်းပေးတာတွေ ၃-၄ ယောက်ဆီကနေ တရက်ကြိုတင် ရနေတယ်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ရဲ့ တခြားနိုင်ငံရောက်နေတဲ့သမီးကကနေ ဖေ့စ်ဘွတ်ကနေ Happy birthday ရေးတယ်။ မန္တလေးက ဖရင်းတယောက်ဆို ရန်ကုန်က ကျွန်တော်တို့ တူမတယောက်ဆီကို မွေးနေ့လက်ဆောင် ပို့ထားပြီးပြီတဲ့။ တူမကပြောလို့သာ သိတာပါ။ လက်ဆောင်ပေးသူကိုယ်တိုင်က တိုက်ရိုက်မပြောပါ။ အန်တီက သူ့ကို အရင်ဘဝက သားသမီးဖြစ်ခဲ့သလား မသိဘူးလို့ ပြောနေတယ်။

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၄

မင်္ဂလာရှိသောနေ့လေးပါဆရာ။ ဆရာ့မွေးနေ့အတွက် ကိုယ်တိုင်လုပ်တဲ့အရာဝတ္ထုနဲ့ မလှူပေးဖြစ်လို့ ဒီသင်္ကန်းပဲ ဆွမ်းခံကြွတဲ့ဦးဇင်းကိုပဲ လှူလိုက်ပါတယ်ဆရာ။ ကျေးဇူးတင်စကားနဲ့ ဒီပုံနဲ့စာကို ပြန်မတင်ပါနဲ့နော်။ ကျမကလှူတာတွေ လူသိအောင်မလုပ်ချင်လို့ပါ။ ဆရာလည်း လှူပေးတဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြန်ပြောနေရတာများလို့ ဆရာ့ကိုလည်း အားနာပါတယ်။ ဒါနဖြစ်မြောက်သွားပြီဆို ကျမကျေနပ်ဝမ်းသာပါတယ်။ ဆရာသက်တော်ရာကျော်ရှည်ပါစေ။ ဆရာ့လိုရာဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေ။

အဲတာလည်းဟုတ်တယ်။ ဟုတ် ကျေးဇူးတင်ပါတယ်နဲ့ Thank you very much! ကို (ကော်ပီ-အင်-ပေ့စ်) လည်း မလုပ်ချင်လို့ တခါလာတခါရိုက်ဆိုတော့ မချောင်ပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၅

ဆရာ ကျမ ဆရာ့မွေးနေအတွက် ဝါဆိုသင်္ကန်းကပ်လှူခဲ့ပါတယ်။ မွေးနေ့အကြိုအလှုပေါ့။ အချိန်မတူတာကြောင့် ဆရာတို့ဆီက နံနက်ခင်းအမီပါ။ မိသားစုအားလုံး အစစအရာရာ အဆင်ပြေတိုးတက်ပါစေ။

ခင်ပုညာ (ပုလဲ)
မန္တလေး
၉-၈-၂ဝ၁၅

ပြောမနာဆိုမနာ ဆေးကျောင်းမှာကတည်းက ရင်းနှီးတဲ့သူငယ်ချင်းက မွေးနေ့ဆိုတာ တနှစ်ကြီးတာတဲ့။ သူက ဒါပဲ ရေးတယ်။ သူလိုပဲ အတူရင်းနှီးတဲ့သူငယ်ချင်းမွေးနေ့တုံးက ကျွန်တော်ကနေ သူငယ်ချင်း မင်းနဲ့ငါ သူငယ်ချင်းသက် တနှစ်တိုးတာပေါ့ကွာ။ တို့တတွေ ပြန်ဆုံကြဘို့ရာလည်း တနှစ်ပိုနီးလာတာလို့ ရေးလိုက်တယ်။ ခွဲခွါတာ တနှစ်ပိုကြာခြင်းဟာ ပြန်ဆုံဘို့ရာလည်း တနှစ်နီးလာပဲမဟုတ်ပါလား။

ဆုတောင်းပေးသူတွေ ဆုတူရကြပါစေ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၅

Away from the mango tree သရက်ပင်နဲ့ ဝေးတဲ့အရပ်

မနှစ်က ကျွန်တော့်မွေးနေ့မှာ ပုလဲက မိတ်ဆွေရင်း ဆရာဝန်ကနေ တင်ပေးတဲ့ပို့စ်ဖတ်ရတယ်။

Tun Hlaing ဆရာနှင့်မမအေး သရက်သီးများကို မြတ်စွာဘုရားအား ရည်မှန်းလှူလိုက်ပါတယ်။ ဆရာတို့မိသားစုကိုလည်း မေတ္တာအထူးပို့လိုက်ပါတယ်။ ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ။ စေတနာမွန်ဖြင့်။

Tint Swe ကျွန်တော့်အိမ်ခြံဝင်းလေးထဲက သရက်သီးတွေကို ဒေါက်တာထွန်းလှိုင်က ဘုရားစဉ်မှာ ကပ်တင်ထားတယ်လို့ မိသားတစုလုံးက ဝမ်းမြောက်ကြရတယ်။

တမြန်နေ့က ဒေါ်မြမြအေးကနေ သရက်သီးစိမ်းတလုံးကို ၆၅ ဆင့်နဲ့ ဝယ်လာတယ်။ သရက်သီးတော့ အိန္ဒိယမှာရော ဒီမှာပါ ဝယ်လို့ရပါတယ်။ ကိုယ့်ဆီကထွက်တာလောက်တော့ မမက်ပါ။ ကိုယ်အိမ်ခြံထွက်ဆိုတာတော့ မပြောနဲ့ပေါ့။ သရက်သီးသနပ်လည်း ဘယ်မှာမဆို ပေါတယ်။ မြန်မာပြည်က သရက်ချဉ် (ပေါက်ချဉ်) ကိုတော့ အိမ်တင်လုပ်မှရတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၅
၈-၈-၂ဝ၁၆

၉-၈-၂ဝ၁၂ နေ့ ကျွန်တော့်မွေးနေ့မှာ ယူအက်စ်ကိုသွားပြီဖြစ်တဲ့ သမီးစိုက်ထားခဲ့တဲ့ မြတ်လေးပန်း ပွင့်လာတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ