My Writings စာတွေကို ဘာလို့ ဘယ်လိုရေးသလဲ


My Writings စာတွေကို ဘယ်လိုရေးသလဲ

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ)

ကျွန်တော်က စာတွေရေးဖြစ်တာ မကြာသေးပါ။ ဆေးစာတွေကို ဘာသာပြန်ရင်းကနေ စရေးဖြစ်လာတာပါ။ နောက်မှာ ကိုယ်လုပ်ခဲ့တဲ့နိုင်ငံရေးတွေ ရေးဖြစ်လာတယ်။ စိတ်ထဲပေါ်တာ ပါလာပြန်ရော။ ဘဝဇာတ်ကြောင်း တိုတိုတိတိ မေးလာတာရှိတဲ့အခါရေးပြန်ပါတယ်။

ခုဆိုရင် ပုဒ်ရေထောင်ကျော်လာတော့ တချို့က ကျွန်တော့်ကို စာရေးဆရာထင်လာကြပြန်ရော။ တန်းမဝင်ပါ။ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်အောင်လုပ်တဲ့ ကြိုးပမ်းမှုလဲ မလုပ်ပါ။ ကာရန်သင့်တာလေးတွေနဲ့ ခပ်တိုတိုရေးတော့ ကဗျာလို့ နာမည်တပ်မရ။ ကိုယ့်ကိုယ်ကို သိပ်နှိမ့်ချတာမဟုတ်၊ အသားလိုလို့ အရိုးတောင်းတာ မလုပ်ပါ။

ရသဆိုတာ စာရဲ့ပေတံလို့သဘောထားကြတယ်။ ကျွန်တော်က အဲလို ရသပေါ်အောင် ရေးနိုင်ဘို့မကြိုးစားပါ။ ကြိုးစားရင် အတန်အသင့်တော့ ဖြစ်မလားမပြောတတ်။ ကိုယ်ရေးတဲ့စာကို ဖတ်လိုက်သူမှာ တခုခုရစေချင်တယ်။ အဲဒီတခုခုဟာ အတုံးလိုက်အတစ်လိုက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အချက်အလက် အမှန်တော့ဖြစ်တယ်။ အချက်အလက် မှန်ချင်မှမှန်မှာ မဟုတ်တဲ့ ဝတ္ထုတွေလို စိတ်ကူးကောင်းကောင်းနဲ့ ဖွဲ့နွဲ့ပြီး မရေးချင်ပါ။ ဝတ္ထုတွေကို မကြိုက်တာလဲ မဟုတ်ပါ။ သိပ်ကိုစိတ်ကူးယဉ်လွန်းတာမျိုးကိုလဲ အကြိုက်စာရင်းထဲမှာ မထည့်ချင်ပါ။ နာမည်ကြီးလို့ဆိုပြီးလည်း လိုက်မကြိုက်နိုင်ပါ။

ရသမဟုတ်ရင် သုတလို့သတ်မှတ်ကြတယ်။ သုတရေးတာကို ဆောင်းပါးလို့ ခေါ်ကြတယ်။ ကျွန်တော့်စာတွေကို ဆောင်းပါးလို့၊ အာတီကယ်လို့၊ အက်ဆေးလို့ မပြောပါ။ စာများလို့သာ ခေါင်းစဉ်တပ်ထားပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ ဂီတသမား၊ အနုပညာသမားတွေဟာ သူ့နယ်ပယ်မှာသူတို့ တစိုက်မတ်မတ်ရှိကြရတယ်။ စားလဲသည်စိတ်၊ အိပ်လဲသည်စိတ်။ အဲလိုဖြစ်မှလဲ နက်နဲတာမျိုးကို ထုတ်ကုန်အဖြစ်ထွက်နိုင်မဲ့သဘောလို့ ထင်ပါတယ်။ ဒါပေမဲ့ နက်နဲလွန်းတာမျိုးကြရင် သူတို့လိုလူမျိုးမဟုတ်သူတွေက နားမလည်ကြတော့ဘူး။ သူတို့ အချင်းချင်းသာ ငြင်းခုန်နေကြတာမျိုး မဖတ်ချင်ပါ။ အဲလိုကောင်းလွန်းတာ (အောက်ခြေလွတ်တာ) မျိုးကို မကြိုက်ပါ။ တန်ဘိုးတော့ ရှိမှာပေါ့။ ကျွန်တော်က အားမကျပါ။

နိုင်ငံရေးမှာတော့ တချို့ သဘောတရားတွေဆိုရင် သမိုင်းတန်ဘိုးထက်မပိုတော့တာတွေ ရှိပါတယ်။ ခေတ်အလိုအရ တန်ဘိုးကျလာတဲ့သဘောဖြစ်တယ်။ ဝါဒဖြန့် အရေးအသားမျိုးကို လက်မခံပါ။ လက်တွေ့မျက်မြင်ကို ရေးချင်တယ်။ ဘဝသရုပ်ဖေါ်စာမျိုးကို အားပေးကြတယ်။ ဆင်းရဲသူတွေအကြောင်းရေးတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းက စားစရာမရှိအောင်ဆင်းရဲနေကြတာလဲ မဟုတ်ပါ။ ဒီမိုကရေစီမှာ သိပ်ဟောင်းတာကိုလဲ အများစုကမကြိုက်ကြပါ။ လူတိုင်းကလဲ ဆန်းချင်နေကြတာလည်း မဟုတ်ပါ။

စာကိုအလေးအနက်ဖတ်သူ နည်းရင် ဝါဒဖြန့်တာကို အလွယ်နဲ့ယုံကြတော့တယ်။ ပြုပြင်ရေးလို ရေးသူတွေ၊ ဖတ်သူတွေ များစေချင်တယ်။ အချက်အလက်ပါတဲ့ အမှန်တွေကို လူအများဖတ်ချင်လာအောင်ရေးတာမျိုး ကြိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)