ယသော်ဓရာအား ပူဇော်ခြင်း
ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။
ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။
ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။
ကိုယ့်ဘုရားကို ဝပ်တွားပူဇော်လိုက်ပါ၏။ (လူထုစိန်ဝင်း)
ကျွန်တော့်မှတ်ချက်
ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရမ္မာဝတီပြည်သူပြည်သားတွေဟာ ဘုရားရှင်နဲ့တကွ သံဃာတော်တွေကြွလာရာလမ်းကို သုတ်သင်ရှင်းလင်း ပြင်ဆင်ကြတယ်။ သုမေဓာရသေ့နဲ့ သုမိတ္တာအမျိုးသမီးတို့လည်း ပါဝင်ခဲ့ကြတယ်။ သုမိတ္တာက ကြာပန်းရှစ်ခိုင်ကု ယူလာပြီး၊ ငါးခိုင်ကို သုမေဓာရသေ့ကိုလှူတယ်။ ရသေ့မြတ်ကတော့ သူ့ကိုယ်ခန္ဓာပေါ်မှာ ဘုရားရှင်နဲ့ ရဟန်းတော်တွေကို နင်းလျှောက်စေပြီး ဘုရားဆုပန်လိုက်တယ်။ သုမိတ္တာက ကြာသုံးခိုင်ကိုလှူပြီး၊ ရှင်ရသေ့နဲ့ ဘဝဆက်တိုင်းပေါင်းဆုံပါရစေသားလို့ ဆုပန်တယ်။ ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်စကား မိန့်ကြားတော်မူတယ်။ သူတို့နှစ်ဦးဟာ ဘဝပေါင်းများစွာအဆုံးမှာ သိဒတ္ထမင်းသားနဲ့ ယသော်ဓယာဒေဝီရယ်လို့ ဖြစ်လာကြတယ်။
လူထုစိန်ဝင်းက တအမှန်သတ်ပုံကို တစ်အကြံအဖန်လုပ်ဘဲ ဝပ်တွားပူဇော်တဲ့ကဗျာရေးခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
Photo from Nay Thukha
Comments
Post a Comment