Writers and Physicians ဆရာဝန်နဲ့ စာရေးဆရာ

သားသမီးမရေသးသူတယောက်နေ မေးခွန်းတွေ စနစ်တကျမေးတယ်။ ဆေးပညာစာတွေပို့ပေးပါတယ်။ ကနေ့မနက် စာပြန်လာတယ်။

ဟုတ်ကဲ့ဆရာ ကျွန်မ ဆေးဆိုင်မှာ မျိုးဥထွက်ဆေးလို့ မေးဝယ်တော့ ဆိုင်က ဒီဆေးပေးလိုက်တယ်ဆရာ။ မိန်းကလေးအတွက်က profertil (Clomiphene Citrate USP)၊ ယောက်ျားလေးအတွက်က G-Maxn (Herbal Capsule for health and enhancing secual) တဲ့ဆရာ။ ကျွန်မလည်း ဆရာ့ကို မမေးကြည့်ရသေးလို့ မသောက်ရဲသေးဘူးဆရာ။ သူတို့ပေးတဲ့ဆေးက မှန်၊ မမှန် စစ်ဆေးပေးပါအုံးဆရာ။

Clomiphene Citrate ဆိုတာ မျိုးဥထွက်ဆေးဖြစ်။ G-Maxn ကတော့ ပရဆေးဖြစ်တယ်။ မိတ်ဆွေတွေက မိတ်ဆွေ ဝတ္တရားနဲ့ အရပ်နည်းအပါအဝင် ဆေးနည်းတွေပေးတတ်ကြတယ်။ ဆေးဆိုင်ကလည်း ဈေးရောင်းသူတို့သဘာဝအတိုင်း ရောင်းဝယ်ကြပါတယ်။ လူနာမှာ ဆုံးဖြတ်နိုင်စွမ်းရှိရမယ်။

ကျွန်တော်ကတော့ မမြင်ရ၊ မစမ်းရ၊ မေးခွန်းအစုံမမေးရသူကို အဝေးကနေ ဆေးကုသလို မလုပ်အပ်ပါ။ ဆေးစာတွေမှာ ရောဂါအကြောင်း၊ စမ်းသပ်နည်း၊ ကာကွယ်နည်း၊ ကုသနည်း၊ ဆေးအကြောင်း စတာတွေပါတယ်။ ဒါပေမယ့် သည်လို လုပ်ပါလို့ ညွှန်ကြားချက်ပေးတယ်လို့ မယူဆသင့်ပါ။ ဥပမာ ကိုယ်ဝန်ဖျက်နည်းစာဟာ မေးတဲ့သူကို သည်နည်းအတိုင်း ကိုယ်ဝန်ဖျက်ပါလို့ စေခိုင်းတာမဟုတ်ပါ။

ဆရာဝန်ဆိုတာ စောင့်ထိန်းအပ်တာတွေ ရှိတယ်။ စာရေးဆရာတွေမှာလည်း မြန်မာစာအပေါ် စည်းစောင့်ရတာတွေ ရှိတယ်။ ဆရာဝန်နဲ့ စာရေးဆရာ မတူတာရှိတယ်။ ကျွန်တော်တို့လိုက်နာရတဲ့ ဟစ်ပိုခရေးတီးစ်ပဋိညာဉ်က ဘီစီ (၅) ရာစုကတည်းကစခဲ့တာပါ။ (တချို့) စာရေးဆရာတွေက သစ်တာ ဆန်းတာ ပေါ်ပင်ဖြစ်တာကသာ ပိုကောင်းတယ်လို့ ယူဆနေကြတယ်။ အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော်သတ်ပုံမှားသလားဗျာလို့ ရေးထားတယ်။

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောရှက်၊ မရမ်းဖက်၍၊
တိမ်သက်တန့်ရောင်၊ အဝါဘောင်ဝယ်၊
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊
ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊
မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊
လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊
နဂါးရုံကြွေ့၊ ရန်ချင်းဝှေ့သော်။
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။

ခေတ်လူတွေက တစ်တွေအကုန်လုပ်နေကြတယ်။ မှောင်ခဲ့တစ်ခါ မဟုတ်ပါ။ ပြာခဲ့တစ်ချို့ မဟုတ်ပါ။ ညိုခဲ့တစ်လီ မဟုတ်ပါ။ ရီခဲ့တစ်ဖုံ မဟုတ်ပါ။ မှုန်ခဲ့တစ်ချက် မဟုတ်ပါ။

ဒီစာလေးဖတ်ပြီး အဟောင်းတိုင်းက ကောင်းတယ်။ အသစ်တွေက မကောင်းလို့ ဝါးလုံးသိမ်းမှတ်ချက်မဟုတ်တာကိုလည်း ပြောပါရစေ။

ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ