Ending a relationship is never easy ဖျက်ရတာက ပိုခက်တယ်

ကျွန်တော့်မှာ အသည်းကွဲဇာတ်လမ်း နှစ်ပုဒ်ရှိပါတယ်။

ကျွန်တော့်ဘဝမှာ နိုင်ငံရေးအလုပ်နဲ့ ကျန်းမာရေးအလုပ်နှစ်မျိုး လုပ်နေခဲ့တာပါ။ နိုင်ငံရေးဆိုတာက စဉ်ပြိုင်အစိုးရ။ NLD ဂန္ဒီခန်းမအစည်းအဝေး ၂၈/၂၉-၇-၁၉၉ဝ နောက်ရက်ကနေစတယ်လို့ ပြောနိုင်တယ်။ ၁၄-၉-၂ဝ၁၂ နေ့မှာ ကိုယ့်အစိုးရကို ဖျက်သိမ်းခဲ့တာမို့ သက်တမ်း ၂၁ နှစ်နဲ့ ၉ လ ကြာခဲ့ပါတယ်။ လျို့ဝှက် အစည်းအဝေးတွေကို ထောက်လှမ်းရေးလွတ်အောင်ကြိုးပမ်းခဲ့ရတယ်။ တိုင်းပြည်ကနေ ထွက်ပြေးကြရတယ်။ ၁၈-၁၂-၁၉၉ဝ နေ့မှာ NCGUB ကိုဖွဲ့စည်း တည်ထောင်နိုင်ခဲ့လို့ ခန့်မှန်းချေ (၅) လသာကြာခဲ့တယ်။ ဖျက်သိမ်းဘို့ စဉ်းစားစီစဉ်ရတာက နှစ်ဆကြာခဲ့ပါတယ်။

ဒုတိယအလုပ်ကတော့ ယမုန်နာဆေးခန်းဖြစ်ပါတယ်။ နယူးဒေလီမြို့မှာ ၂ဝဝ၂ ခုနှစ်သြဂုတ်လ စဖွင့်ခဲ့တာမို့ ပိတ်လိုက်တဲ့ ၂ဝ၁၄ သြဂုတ်လမှာ (၁၂) နှစ် တင်းတင်းပြည့်ပါတယ်။ ဆေးခန်းကိုဖွင့်ဘို့စိတ်ကူးစီစဉ်ရတာ လပိုင်းနည်းနည်းသာ ကြာခဲ့တယ်။ ကျွန်တော်နဲ့ ဇနီးသည် နှစ်ယောက်တည်း စိတ်ကူးပြီး အကောင်အထည်ဖေါ်ခဲ့တာပါ။ အဲဒီကာလတွေမှာ ပြည်ပအဖွဲ့အစည်းတိုင်းက (ပရပိုဇယ်) တင်ပြီး နိုင်ငံတကာအကူအညီတွေ ယူကြရတယ်။ တကယ်အလုပ်လုပ်တဲ့ အဖွဲ့အစည်းတွေရှိသလို ငွေရှိလို့လူရှိတာမျိုးလဲရှိတယ်။ ငွေရအောင် အဖွဲ့ဖွဲ့ကြတာတွေကမနည်းပါ။ ကျွန်တော်က အဲဒီအစဉ်အလာကို သဘောမကျဖြစ်လာတယ်။ ကိုယ်တိုင်က NLD/LA အနောက်ပိုင်းတိုင်းအတွက် ရီပတ်ကဘီကင် IRI အဖွဲ့ကနေ အကူအညီရအောင်တောင်းယူပြီး (ဂရန့်) ကို ကိုင်တွယ်ရပါတယ်။ (ပရပိုဇယ်) ဘယ်လိုတင်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ယမုန်နာဆေးခန်းဖွင့်ဘို့ စိတ်ကူးတဲ့အခါ ဘယ်ကိုမှ (ပရပိုဇယ်) မတင်ပါ။ အိတ်စိုက်ဖွင့်ပြီး ကူညီမဲ့သူတွေက ဆေးခန်းအထိရောက်လာပြီးကူတယ်။ တချို့က သတင်းအကြားနဲ့ အဝေးကနေလှမ်းပြီးကူညီကြတယ်။

ယမုန်နာဆေးခန်းကို တစခန်းရပ်ဘို့ အကြောင်းရှိလာတယ်။ ကျွန်တော်တို့ အိန္ဒိယကနေ အပြီးအပိုင်စွန့်ခွါရပါတော့မယ်။ ကြီးမားတဲ့ဆုံးဖြတ်ချက်ကြီးပါ။ တနေ့မှာ ဒီလိုဖြစ်လာမယ်ကိုလဲ ကြိုမြင်ထားလို့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အဲဒီကာလ နှစ်ဝက်မကကြာတယ်။ ကျွန်တော်တို့မှာ လူရောစိတ်ပါ ပိုပင်ပန်းလှပါတယ်။ စဉ်ပြိုင်အစိုးရကို စနစ်တကျ ဖျက်သိမ်းခဲ့သလို ဆေးခန်းလေးကို စနစ်တကျပဲရပ်နားချင်တယ်။ NCGUB ဖျက်သိမ်းကြောင်း ကြေညာချက်နဲ့ (၂၂) နှစ်တာဆောင်ရွက်ချက်တွေကို ကျွန်တော်ကမူကြမ်းရေးခဲ့တာပါ။ ဆေးခန်းသမိုင်းကြောင်းကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါရေးမယ်လို့ တေးထားတာ အခုဆေးခန်းပိတ်ခဲ့တာ ၂ နှစ်ရှိပြီ၊ မရေးဖြစ်သေးပါ။

ကျွန်တော်နဲ့ဇနီးတို့က မင်းသားမင်းသမီးတော့ မဟုတ်ပါ။ စကားတော့ ကိုးကားပါရစေ။ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ (ဂျော့ခ်ျ အော်ဆန် ဝဲလိစ်) ကပြောပါတယ်။ တကယ်လို့ ပျော်စရာကောင်းတဲ့အဆုံးကို နှစ်သက်တယ်ဆိုရင်တော့၊ သင်အပေါ်မှာသာ မူတည်တယ်။ ဇာတ်လမ်းကို ဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာပေါ့တဲ့။ တီဗွီမင်းသမီး၊ (ကင် ခါဒက်ရှန်) ကပြောပါတယ်။ ကျမရဲ့ ဒဏ္ဍာရီတွေက ရှင့်အိပ်မက်ထဲကလိုမဟုတ်ဘဲ အဆုံးသတ်တာ ဖြစ်နေနိုင်ပါတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၄
၅-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး