Machiavelli မြားပစ်သူ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်ချင်လျှင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများအနေဖြင့် ဆွစ်ဇာလန်ဘဏ်အကောင့်တခု ဖွင့်နိုင်ရမည်လို့အစချီထားတဲ့ မြန်မာဘာသာပြန်ဆောင်းပါးကို ဧရာဝတီမှာ http://burma.irrawaddy.com/opinion/viewpoint/2016/08/06/120017.html အခုပဲဖတ်ရတယ်။ မူရင်း အင်္ဂလိပ်လို http://www.burmaenac.org/?p=921 ကိုလည်း ဖတ်ရပါတယ်။

စိတ်ဝင်စားစရာ ဇာတ်လမ်းတခုပါတယ်။ ဇာတ်ပေါင်းခန်းမှာ အရင်အစိုးရလက်ထက်မှာ (NCA) ချုပ်ဆိုနိုင်ခဲ့အောင် စွမ်းဆောင်ခဲ့တဲ့ ဦးအောင်မင်းဟာ ဇာတ်လမ်းထဲကပွဲစားဖြစ်လာတယ်။ နောက် Machiavelli ၏ မည်သည့်နည်းလမ်း နှင့်မဆို အနိုင်ရရန်သာအဓိကဆိုတဲ့ ကျော်ကြားတဲ့အယူအဆလည်းပါတယ်။ Machiavelli ကိုနားလည်အောင် ကျွန်တော် ဒီနှစ်မတ်လတုံးက ဒီလှိုင်းမှာရေးခဲ့တဲ့စာကို ပြန်တင်ပါရစေ။ ဧရာဝတီဆောင်းပါးကိုလည်း ဖတ်ကြစေချင်ပါတယ်။

မြားပစ်သူ
မြန်မာနိုင်ငံရဲ့သမ္မတအဖြစ် NLD ကနေရွေးချယ်ပေးသူတဦး ဖြစ်လာပါမယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်း NLD ပါတီ ဥက္ကဋ္ဌကနေပြောထားပြီးဖြစ်တာက အရေးကြီးတဲ့အဆုံးအဖြတ်တွေကို သူကနေချမှတ်မယ်လို့။ အဲတော့ ပြည်တွင်း-ပြည်ပ မီဒီယာမှာ အတော်ကြီးကိုရိုက်ခတ်တယ်။ သမတအထက်ကပုဂ္ဂိုလ်လို့ ဆိုခဲ့ကြတယ်။

အခုတခါ (ရုပ်ပြသမ္မတ) လို့ သုံးချင်သူတွေကဆိုလာကြပြန်တယ်။ ရုပ်ပြနဲ့ ရုပ်သေး မတူပါ။ တချို့နိုင်ငံတွေက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ သမ္မတတွေဟာ ဝန်ကြီးချုပ်တွေလောက် အာဏာပေးအပ်မထားတဲ့အတွက် (အမည်ခံ) နိုင်ငံ့ခေါင်းဆောင်လို့ သတ်မှတ်ကြပါတယ်။ ဥပမာ အိန္ဒိယသမတ။ ရှေးဘုရင်တွေလက်ထက်မှာလည်း အိမ်ရှေ့အရာ ပေးထားသူ အသက်ငယ်လွန်းချိန်မှာ ခမည်းတော်နတ်ရွာစံရင် တက်လာသူကို ရင်ခွင်ပိုက်ဘုရင်လို့ ခေါ်ကြတယ်။ ဥရောပမှာရော မြန်မာ့ရာဇဝင်မှာပါရှိခဲ့တယ်။

အိန္ဒိယမှာ Chanakya (ချာနကျ) အမတ်ကြီးရှိခဲ့တယ်။ မောရိယဧကရာဇ် (ချန္ဒရာ ဂုပ္ပတ) ဆီမှာ အမှုထမ်းခဲ့တယ်။ သူ့နည်းနဲ့ နန္ဒအင်ပါယာကိုပြိုအောင်ဖြိုဖျက်ခဲ့တယ်။ ခေတ်သစ်ကမ္ဘာမှာ Machiavelli (မာချီဗယ်လီ) (၁၄၆၉-၁၅၂၇) ထုံး နှလုံးမူကြတယ်။ သူဟာ အီတလီလူမျိုး သံတမန်ကြီး၊ သမိုင်းဆရာ၊ ဖီလော်ဆော်ဖါနဲ့ စာရေးဆရာတဦးဖြစ်တယ်။ တိုင်းရေးပြည်ရာမှာ ကောက်ကျစ်စဉ်းလဲတဲ့ နည်းနာတွေသုံးတာမျိုးကို ပြောတာဖြစ်ပါတယ်။ အဲလိုလုပ်တာက တိုင်းပြည် အကျိုးစီးပွါးအတွက်သုံးတာပါ။ တချို့နိုင်ငံရေးသမားတွေလို ကိုယ်ကျိုးစီးပွါးအတွက်သာ လုပ်တာမျိုးနဲ့မဆိုင်ပါ။

အမေရိကန်သမတ (ဂျွန် အက်ဖ် ကနေဒီ) ကို ကိုယ်ခန္ဓာထက် စိတ်ဓါတ်ခွန်အားကြီးမားသူလို့ဆိုကြတယ်။ (ကနေဒီ) ဟာ အိမ်ဖြူတော်မှာဆုံးဖြတ်များချမှတ်ခြင်းစာအုပ်အတွက် နိဒါန်းရေးပေးခဲ့တာရှိတယ်။ အမေရိကန်သမတရာထူးဟာ ခန့်ငြားထည်ဝါတယ်။ လူတွေရဲ့စူးစိုက်မှုကိုခံနေရတယ်။ တခါတလေ ရှုတ်ထွေးပြီး ခွဲခြားရခက်လွန်းတာမျိုးနဲ့ တွေ့ကြုံရတယ်။ ခန့်ငြားထည်ဝါတယ်ဆိုတာ သူ့အဆုံးအဖြတ်က အပြီးသတ်ဖြစ်လို့။ လူတွေရဲ့စူးစိုက်မှုဆိုတာ ဆုံးဖြတ်ချက်ကို လေဟာနယ်ထဲမှာချရတာမျိုးမဟုတ်လို့။ သမတဆိုတာ ပိန်ပိန်ဝဝ ဆုံးဖြတ်ချက်က အရေးအကြီးဆုံး ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ တက်လာတော့မယ့်သမ္မတဟာ ရုပ်သေးမဟုတ်ပါ။ လူထုကနေရွေးပေးထားသူတွေကနေ တည်ဆဲ ဖွဲ့စည်းပုံအရ ရွေးပေးတဲ့သူဖြစ်တယ်။ အရေးပါတဲ့ဆုံးဖြတ်ချက်တချို့ကို သူ့ကိုယ်ပိုင်ချမှတ်မှာမဟုတ်ပေမယ့် စီမံခန့်ခွဲမှု ကောင်းသူဖြစ်ပါမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အကောင်းဆုံးကို ဖြစ်အောင်လုပ်ရတာသာ ဖြစ်တယ်။ အပြစ်တင်လိုသူများ။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုရေးခဲ့သူတွေကိုသာ တင်ရမှာဖြစ်ပါတယ်။

အမေရိကန်သမတ (ဘားရက် အိုဘားမား) ကို အမြော်မြင်ရှိတဲ့ခေါင်းဆောင်လို့ယူဆကြတယ်။ Leading from Behind နောက်ကနေအုပ်စိုးနေသူများဆိုတဲ့စာအုပ် ထွက်ထားပါတယ်။ (ရစ်ချတ် မင်နစ်စတာ) က ရေးတာပါ။ (အိုဘားမား) နောက်မှာ နိုင်ငံခြားရေးဝန်ကြီး (ဟယ်လရီ ကလင်တန်)၊ လွှတ်တော်ဥက္ကဋ္ဌ (နန်စီ ပလိုစီ) နဲ့ (ဗယ်လာရီး ဂျက်နက်) တို့ ရှိနေတယ်။ ဥပမာ (အိုဘားမာကဲယား) ကျန်းမာရေးအစီအစဉ်ဟာ (နန်စီ ပလိုစီ) အစီအစဉ်သာဖြစ်တယ်။ (အိုဆာမာဘင် လာဒင်) ကို သုတ်သင်ရေးမှာ သမတဆုံးဖြတ်ချက်သုံးကြိမ်တိုင်မချခဲ့လို့ (အယ်လ်ကိုင်ဒါ ကေဒါ) တွေ လွတ်ကုန်ခဲ့တာရဲ့ နောက်မှာ (ဗယ်လာရီး ဂျက်နက်) ကရှိလို့ဖြစ်တယ်။

မြန်မာပြည်မှာဖြစ်ချင်တဲ့သမ္မတဟာ လူထုလိုလားသူဖြစ်တယ်။ အဲတာမရသေးလို့ ရတဲ့ထဲက အကောင်းဆုံးလူကိုသာ ရွေးကြရတယ်။ အကောင်းဆုံးဆုံးဖြတ်ချက်တွေချမှတ်ရေးကို ဒေါ်စုကလုပ်မယ်။ အကောင်အထည်ဖေါ်ရေးကို အစိုးရအဖွဲ့ကလုပ်မယ်။ အကောင်းဆုံးစီမံခန့်ခွဲမှုကို သမ္မတကလုပ်မယ်။ ကျွန်တော်သိသလောက် ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို ဦးစီးနေသူဖြစ်လို့ အကူအညီလိုအပ်နေသူတွေအတွက် လုပ်နေသူဖြစ်တယ်။ အကူအညီတွေ လိုအပ်နေတာက အလွန်များတယ်။ (အယ်လ်နင်ညို) ကလည်းလာနိုင်သတဲ့။

မြန်မာလို Chanakya Neeti (စာနကျနီတိ) ကို ဖတ်ဖူးကြပါမယ်။ နိုင်ငံတကာနိုင်ငံခြားရေးလုပ်ဆောင်ရာမှာ ကနေ့အထိ Machiavellianism နည်းဟာ စံတခုဖြစ်တယ်။ သူတို့အမှုထမ်းခဲ့တဲ့ ဘုရင်တွေ၊ တိုင်းပြည်ခေါင်းဆောင်တွေနာမည်နဲ့ ထင်ရှားတာမဟုတ်ပါ။

ချုပ်ပြောရရင် ကျွန်တော်တို့ လှတာမက်လို့မရသေးပါ။ ညစာခက်ကြတုန်းပါ။ အသင့်တော်ဆုံးသမ္မတ ရကြပါလိမ့်မယ်။ ကြိုးဘယ်သူဆွဲဆွဲ မီးလင်းလာဖို့ပဲ။ မြားဘယ်သူပစ်ပစ် မြားချက်ထိဖို့ပဲ။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၆
၆-၈-၂ဝ၁၆

Comments