Public Hearing အမှုတခု

ကျွန်တော်အခုနေရတဲ့မြို့မှာ ဒုတိယဘုန်းကြီးကျောင်းရှိလာတယ်။ မွန်ကျောင်း။ ဒီတိုင်းပြည်က ဥပဒေတွေများတယ်။ ကိုယ်ပိုင်ဝယ်ထားတာမှန်ပေမဲ့ လိုက်နာစရာတွေက အလွန့်အလွန်ကို များတာ။ အကုန်မသိပါ။ တမြန်နှစ်က မွန်ဘုန်းကြီးကျောင်းကို ဘေးအိမ်တအိမ်က တိုင်တယ်။ လူတွေအဝင်အထွက်များတယ်။ ကားတွေများတယ်။ အမြန်မောင်းကြတယ်။ ဆူညံတယ် စသဖြင့်။ ညစ်ပေတယ်။ ရှေ့နေငှားပြီးရင်ဆိုင်တယ်။ လူနေရပ်ထဲမှာ ဘာသာရေး အပါအဝင် အများနဲ့ဆိုင်တဲ့နေရာမျိုးမှာ လုပ်ခွင့်မရှိတာလည်း တချက်။

မွန်ကျောင်းဘက်က ရှုံးတယ်။ ဒီနှစ် ကထိန်မခင်းလိုက်ရပါ။ ထမနဲပွဲ မလုပ်လိုက်ရပါ။

ဆရာတော်က ကျွန်တော့်ကို ဖြစ်ကြောင်းကုန်စင် အတိုချုပ်ရှင်းပြတယ်။ ပတီးရှင်းခေါ် ပြန်လည်စစ်ဆေးဘို့ထပ်တင်တယ်။ Zoning hearing ပတ်ဘလစ်ဟီးယားရင်းလို့ခေါ်တယ်။ ရှေ့နေသစ်ငှားတယ်။ မီးသတ်ဌာနရဲ့ ကင်းရှင်းကြောင်းစာ ရလာတယ်။ အိမ်နီးချင်းတဦးရဲ့ထောက်ခံချက်ရလာတယ်။ ကိုယ့်ဘက်မှာ အဲတာ ၂ ခုသာရှိတယ်။ လိုအပ်ရင် ကျွန်တော်လည်း သက်သေခံထွက်ဆိုဘို့။ တင်ပါ့ဘုရား။

ဖေဖေါ်ဝါရီလ ၂ဝရက် ရက်ချိန်းရလာတယ်။ သူတို့တိုင်းပြည်မှာ အတိုင်အခံထားပြီး သူတို့ဥပဒေတွေကလည်းများတော့ အားမရှိပါ။ ဘုန်းကြီးကိုတော့ အားပေးထားရတယ်။ အားမရှိပါ။ ရုံးချိန်း နောက်တလရွေ့တယ်။ ကနေ့ တရားရုံး သွားကြရတယ်။

ထွက်ဆိုချိန် မိနစ် ၂ဝ စီနဲ့ ပြန်လည်ထွက်ဆိုချိန်က ၅ မိနစ်စီ။ ကျွန်တော်တို့ဘက်က ရှေ့နေ၊ လက်ထောက် အကျိုးဆောင်နဲ့ မွန်ကောလိပ်ကျောင်းသူလေးတို့က ထွက်ဆိုကြတယ်။ ဆရာတော်ရော ကျွန်တော်ပါ ပြောချိန်မရပါ။ တိုင်တဲ့ဘက်က ရှေ့နေနဲ့ သက်သေထွက်ဆိုသူတွေ ၅ ယောက် ၆ ယောက်။ အနီးအနားမှာ အိမ် ၁၃ အိမ်ရှိတာ ၁ဝ အိမ်က ကန့်ကွက်ပါတယ်။ မတ်တပ်ရပ်ပြကြတယ်။ လူတွေ အဝင်အထွက်များတယ်။ ကားတွေများ အမြန်မောင်းကြတယ်။ မနက်ဘယ်အချိန်ဆိုရောက်တယ်။ ညဘယ်အချိန်မှပြန်တယ်။ ဆူညံတယ်။ ညစ်ပေတယ်။ နားထောင်နေတဲ့ကျွန်တော် ရှက်လာတယ်။

ကျွန်တော်တို့ရှေ့နေက တင်ပြတယ်။ ကားတွေများတယ်၊ အမြန်မောင်းတယ်၊ လူများတယ်။ ဒါပေမဲ့ အက်ဆီးဒင့် တခါမှ မဖြစ်ပါ။ ရဲမှု တခုမှ မရှိပါ။

တရားသူကြီးတဦးက တိုင်တဲ့ဘက်ကို မေးတယ်။ မီးသတ်ဌာနကနေ ဒီကျောင်းအဝင်အထွက်လမ်းအတွက်စာ အသစ်ရတာ ရှိသလား။ နှုတ်နဲ့ စိုးရိမ်တယ်လို့ ဘယ်နေ့ဘယ်ရက်ကပြောပါတယ်။

တရားသူကြီးလို့ခေါ်သူ ကော်မတီမှာ ၄ ဦးထိုင်တယ်။ မဲပေးကြတယ်။ ပတီးရှင်းလုပ်တဲ့ဘက်က ၃ မဲ ၁ မဲနဲ့ ကျွန်တော်တို့ နိုင်တယ်။ ကျွန်တော် တရားစီရင်ရေးနဲ့ သူတို့ဥပဒေတွေကို လေးစားသွားမိတယ်။

ကျွန်တော်တို့ ရုံးခန်းအပြင်မှာ ဓါတ်ပုံစုရိုက်ကြတယ်။ ဘုန်းကြီးရော ကျွန်တော်ပါ သဘောထားတူကြတယ် တိုင်သူနဲ့ တဘက်က ထွက်ဆိုသူတွေအပေါ် မေတ္တာမပျက်ဆက်ဆံကြမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၈

Comments