Summer Holiday နွေကျောင်းပိတ် အတိတ်သတိရ
ကျောင်းတွေ ဘယ်တော့ပိတ်မှာလဲ။
ပိတ်ပြီဆရာ။
• ကျောင်းလွယ်အိပ်ထဲက စာအုပ်တွေထုတ်၊
• မစုပ်သေးတဲ့ ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီ၊
• ဘောင်းတီတိုလည်း နှစ်ထည်၊ စွပ်ကျယ် မလို၊
• ရွာကိုအလည်ပြန်မှာ သွားတိုက်တံမလို၊ ဘိုကေဖီးဘို့ ဘီးမလို၊
• ခုံဖိနပ်တို အိမ်မှာထား၊ ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ အမေက တာယာဖိနပ် စီးသွားတဲ့။
• ထွက်မဲ့ကားမီအောင် အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊
• သူငယ်ချင်းတွေ မေးငေါ့၊ ငါတော့ ရွာအလည်သွားမယ်ပေါ့။
• ချင်းတွင်းမြစ်ကြီး ကူတို့စီးပြီး ညောင်ပင်ကြီးဘက်ကူး၊
• ကားမူးတတ်ပေမဲ့ ကားမူးပျောက်ဆေးဆိုတာ မသိသေး၊
• ချွေးထွက် ဖုန်ထူလို့ လူကိုဘာဖြစ်သလဲ မဖတ်ရသေး၊
• သွေးဆိုတာ နီတာကလွဲရင် မသင်ရသေး။
• ယာဉ် ၃ တန်၊ ကုန် ၃ တန်၊
• စစ်ကျန် ချက်ပလက်ကား၊ ပုလဲသွားဘို့ လူခေါ်နေ၊
• နေပူရင် ကုက္ကိုပင်အောက်ခို၊ ဟိုဟိုသည်သည် ကြည့်စရာမရှား၊
• ဟိုရွာသား သည်ရွာသား၊ စကားပြောတာနားထောင်၊ အမောင်ကျောင်းသား သုတပွါး။
• မော်တော်တခါဆိုက် ခရီးသည်တသိုက်တိုး၊ ကုန်ကလည်း အမျိုးမျိုး၊
• ပိုးထည်မပါ၊ ဇာဘော်လီမတတ်နိုင်၊ နိုင်လွန်ခပ်ရှားရှား၊
• အဝတ်အစား ပါးတာမသုံး၊ တုံးတယ်လို့အပြောခံရတဲ့ မြစ်အနောက်ဖက်သား။
• လက်ဖက်စို၊ လက်ဖက်ခြောက်၊ သောက်စရာဆေးလိပ် တံဆိပ်ကမျိုးစုံ၊
• ငါးခြောက်၊ မီးခြစ်ကျောက်၊ ဆေးတံသောက်ဆေး၊ မြန်မာဆေး၊
• ကလေးသွားရည်စာ၊ ဘုန်းကြီးကန်တော့စရာ၊ ကရေကရာ၊ ကြံသကာ၊
• နေကြာစေ့လှော်မပါ၊ ကိုလာ မရှိ၊ ဂျန့်ဖုဒ် မသိ။
• ထယ်သွား၊ ပေါက်ပြား၊ ဓါး၊
• နွားဖါးကြိုး၊ ပြောင်းဖူးဖက်ဆေးလိပ်ခြည်တဲ့ကြိုး၊
• ပုဆိုးချောနဲ့ ပေါ်ပလင်၊ လူမြင်နေရာဝတ်စရာ သရက်ထည်လည်းပါ။
• နှစ်နာရီစောင့်အပြီး ကားကြီးပေါ်လူစုံ ကုန်ပြည့်၊ တရွေ့ရွေ့ထွက်၊
• ကားလက်မှတ် မခက်၊ ဆန်အိပ်ပေါ်တက်၊
• နောင်နှစ်သုံးဆယ်တွက်ဆစ်၊ အမတ်ဖြစ်မယ်သာသိရင်တော့ ခေါင်းခန်းကပေါ့။
• တိုင်ကီရေဆူသလား ကားနား၊ ကြားရွာဆင်းမဲ့လူရှိရင် ကားရပ်၊
• မတ်တပ်သစ်ပင် ရေချမ်းစင်မှာ ဆာဆာနဲ့သောက်ရ၊ လွန်အေးမြ၊
• ရေကတဆင့်ကူးစက်ရောဂါ မပေါလှသေးတဲ့ကာလ။
• နှစ်ဆယ့်ရှစ်မိုင်ခရီး၊ သုံးနာရီစီးပြီး ခရီးဆုံးရောက်၊
• အနောက်မှာ နေဝင်ပြီ၊ ရေနံဆီမီးခွက်အလင်းနဲ့ ကားပေါ်ကဆင်း။
• ရွာကလာကြိုတဲ့လှည်း မှောင်မည်းမည်းမှာရှာ၊
• ဗိုက်ဆာလို့လည်း ဘာဆိုင်မှမရှိ၊
• သိတဲ့အမေထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးထက် မြိန်ရှက်တဲ့အစာ ငါ့ကမ္ဘာမှာမရှိ၊
• တအိအိနဲ့လှည်း မှောင်ထဲမှာ နွားဆွဲရာလိုက်ပါ၊
• သုံးတိုင် ခေါ် ခြောက်မိုင်အကွာက မွေးရပ်ရွာသည်၊ ငါ၏နွေရာသီစံနန်းဖြစ်တော့သတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment