Levonorgestrel အရေးပေါ်တားဆေး
မင်္ဂလာပါဆရာ Ecee2 ဝယ်တာကုန်နေလို့ဆိုပြီး Norpill 1 ပေးလိုက်တယ်ဆရာ။ အဲဒီဆေးကကော ecee2 နဲ့ အတူတူပဲလားဆရာ။ ဘာမှမရေးထားလို့ မတိုက်ရဲသေးလို့ပါဆရာ။ ဆေးကတလုံးတည်းပါတာပါ။
မေးခွန်းတွေမှာ ဆေးနာမည်အမျိုးမျိုးနဲ့ မေးကြတယ်။ Norpill 1 နဲ့ Vonstrel 1.5mg ဆိုတာ Levonorgestrel 1.5mg ဖြစ်တယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးဖြစ်တယ်။
Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းပါတယ်။ အဲဒီဟော်မုန်းက ကိုယ့်ထဲမှာလည်းရှိနေတယ်။ မျိုးဥမထွက်အောင် တားပေးတယ်။ သုက်ပိုးကို မျိုးဥထဲမဝင်အောင်လည်းလုပ်တယ်။
ဆေးကို အတူနေပြီး မြန်မြန်သောက်နိုင်လေကောင်းလေဖြစ်တယ်။ ၁၂ နာရီနဲ့ ၇၂ နာရီ အတွင်းသာသောက်သင့်တယ်။ ကိုယ့်ရာသီရက်ဘယ်ရောက်နေနေသောက်နိုင်တယ်။ ဆေးသောက်ပြီး ၃ နာရီအတွင်းအန်ရင် ဆရာဝန်ကိုမေးပါ။
တခါသောက်ပြီးနောက် အတူနေတာတွေကို အကာကွယ် ပေး မပေးမပြောနိုင်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုလည်း မကာကွယ်ပါ။ ဆေးသောက်လိုက်ရင် ရာသီဆင်းသလိုသွေးဆင်းမယ်။ ကိုယ့်ရက်မှန်ထက်စောမယ်။ ရာသီလ ပြောင်းသွားနိုင်တယ်။ ဟော်မုန်းတွေပြောင်းစေမယ်။
တလထဲမှာ တခါထက်ပိုသောက်ရင် ရာသီရက်ပြောင်းပြီး ထိရောက်မှုမသေချာပါ။ စိုးရိမ်လို့ နောက်ထပ်ဆေးတပြား ထပ်မသောက်သင့်ပါ။ ဘေးထွက်ဆိုးကျိုးတွေခံစားရမယ်။
ဘေးထွက်သက်ရောက်မှုများ
ပျို့အန်၊ ဗိုက်အောင့်၊ မောပန်း၊ ခေါင်းမူး၊ ရင်သားတင်းနာ၊ ဝမ်းပျက်၊ ခေါင်းကိုက်။
ရာသီဆင်းတာ များသူတွေကိုလည်းပေးတယ်။ Endometrial hyperplasia သားအိမ်ရောဂါကာကွယ်ဘို့လည်း ပေးတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment