မဟုတ်တရုတ်

ဆရာခင်ဗျား ပုံထဲက ရှေးဦးသူနာပြုစုနည်းက အမှန်ပါလားဆရာ။ ဗဟုသုတအနေနဲ့ သိချင်မိပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

မမှန်ပါ။ မှားပါတယ်။ ဝေဒနာသည်တွေကို လိမ်ညာတဲ့စာဖြစ်တယ်။ မဟုတ်တရုတ်ဆိုတာ အဲတာမှ အစစ်။

Early Symptoms of Stroke လေဖြတ်တော့မယ်ဆိုတာ ဘယ်လိုသိနိင်သလဲ

လေဖြတ်တော့မယ်ဆိုတာ ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။

ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။
• သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊
• နားအကြား အားနည်းသွားခြင်း၊
• အရသာ ပျက်လာခြင်း၊
• ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊
• ချွေးစီးပြန်ခြင်း၊
• စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊
• မှတ်ဥာဏ်နည်းလာခြင်း၊
• အမျိုရခက်လာခြင်း၊
• အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊
• ခေါင်းမူးခြင်း၊
• ဆီး-ဝမ်း မထိန်နိုင်ခြင်း၊
• ကိုယ်ကို မထိန်းနိုင်ခြင်း၊
• ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊
• ကြွက်သားတွေအားနည်းလာခြင်း၊
• ထုံကျင်လာခြင်း၊
• စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊
• လမ်းကောင်းကောင်းမလျှောက်နိုခြင်း။

F.A.S.T. ဆိုတဲ့ အင်္ဂလိပ်စာလုံး ၄ လုံးနဲ့မှတ်သားနည်းတခုရှိပါတယ်။
FACE မျက်နှာ = ပြုံးရီလို့ ခါတိုင်းလိုမရ၊ မျက်စိချက်ချင်း ကြည့်မကောင်း၊ ချက်ချင်းခေါင်းကိုက်၊
ARMS လက် = လက်တွေအမြှေက်ခိုင်းရင် ဖြစ်တဲ့ဘက်ကမရဘူး၊ အားနည်းနေမယ်၊ ထုံကျင်နေမယ်၊
SPEECH စကေားပြောခြင်း = ရိုးရိုးစာကြောင်းလေး တခုကို ထပ်ဆိုခိုင်းရင် မှန်အောင်-မြန်အောင်မဆိုနိုင်၊ လေးနေ၊ နှေးနေမယ်၊
TIME အချိန် = အဲလိုဖြစ်တာတွေတွေ့ရင် အချိန်မဆိုင်းဘဲ ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။

ပဌမမေးခွန်းကိုဖြေရရင် အချိန်မဆိုင်းဘဲ လူနာကို ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။ ဘာအပ်မှ မဆောင်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇
၁၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး