Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ်

၁။ မင်္ဂလာပါဆရာရှင့် ကျွန်မညီမက အသက် ၂၁ပါ ဆရာ  အူအတက်ခွဲထားတာ ၂ လရှိပါပြီ အခု ဗိုက်ကနည်းနည်းပြန်အောင့်ပြီး နေ့တိုင်းအန်ပါတယ်ဆရာ စိုးရိမ်ရပါသလားရှင် အူအတက်ခွဲထားတာက ရန်ကုန်ဆေးရုံကြီးမှာခွဲထားတာပါဆရာ  ကျွန်မတို့ကနယ်ကိုပြန်သွားတော့  ခုလိုအန်နေတာကို နယ်ကဆရာဝန်နဲ့ပြပေမဲ့လည်း နေ့တိုင်းအန်နေတာ ဆယ်ရက်လောက်ရှိပါပြီဆရာ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာရှင့်။

၂။ ဆရာခင်ဗျား ကျွန်တော့်အစ်မ ၄ဝ နှစ်၊့ မြို့၊ ရန်ကုန်သည် လွန်ခဲ့သော ၂ နှစ်ခန့်တွင် အူမကြီးနဲ့အစာအိမ်ကြားတွင် အနာဖြစ် ပြည်တည်၍ အူဖြတ်၍ဆက်ထားရပါသည်။ ခုအခါ မကြာခဏ ဗိုက်ထဲတွင် နာကျင်ခြင်း (အူဆက်ထားသည့် နေရာဟုထင်ပါသည်) အားနည်းခြင်း၊ ဝက်ခြံများပေါက်လာခြင်း ဖြစ်နေပါ၍ သက်သာစေမည့် နည်းလမ်းနှင့် ဆေးများ ညွန်ကြားပေးရန် အစ်မကိုယ်စား ပန်ကြားပါသည်။

၃။ ဆရာရှင့် သမီးက 5.6.2014 နေ့က ဗိုက်ခွဲပြီး ကလေးမွေးခဲ့ပါတယ်။ အခု တလကျော်တာတောင် ဗိုက်သားတွေ နာနေတုန်းပါဘဲ။ ချုပ်ရိုးက ကောင်းပါတယ်။ လုံးဝမနာပါဘူး။ ဒါပေမယ့်  ချုပ်ရိုးအောက်ဗိုက်ထဲမှာ မာမာ အမြှောင်းလိုက် ဖြစ်နေပါတယ်။ ချုပ်ရိုးအပေါ်ဘက်နားက ဗိုက်သားတွေကလဲ အရမ်းနာနေတုန်းပါ။ ဘယ်လိုကုသမှုမျိုး လိုအပ်ပါသလဲ ဆရာ။ ကျေးဇူးပြုပြီး ကူညီပေးစေလိုပါတယ်ရှင့်။

၎။ ကျွန်တော့် အမျိုးသမီးသည် ကလေးနှစ်ကြိမ် မွေးဖူးပါသည်။ နှစ်ကြိမ်နှစ်ခါစလုံး ဗိုက်ခွဲ၍ မွေးခြင်းဖြစ်၍ နောက်ထပ် ကလေးလိုချင်လျှင် နောက်ထပ် ဗိုက်ခွဲ၍ မွေးဖွားလို့ရနိုင်ပါသေးလား သိပါရစေခင်ဗျား။ ဆိုးကျိုးများဖြစ်နိုင်ပါသလား။ အရင်ခွဲမွေးရတဲ့ အကြောင်းက သူက အရမ်းပျော့ပြီးကြောက်တတ်လို့ မေ့ဆေးပေး၍ ဗိုက်ခွဲမွေးရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ခါခွဲဖူးတဲ့အတွက် နောက်ထပ် ဗိုက်ခွဲမွေးလို့ ရပါသေးလား သိပါရစေ။

မေးခွန်း (၁) ဘာကြောင့်လဲ မသိနိုင်သေး။ ခွဲစိတ်တာကနေ အထဲမှာ တွယ်ကပ်မှု ဖြစ်သလား စဉ်းစားရ။ ဟုတ် မဟုတ် ဆရာက မသိနိုင်။

မေးခွန်း (၂) အတွက် ဝက်ခြံကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်စဉ်းစားရမယ်။ ဟော်မုန်းပါဆေးတွေ သောက်နေသလား မသိရပါ။ အိမ်ထောင်ရေးစတာ မသိရပါ။

မေးခွန်း (၄) အတွက် နောက်တခါလည်းခွဲရ-မခွဲရဆိုတာ အရင်ခွဲမွေးရတဲ့ အကြောင်းတရားအပေါ်မှာ မူတည်ပါတယ်။ တခါခွဲမွေးဘူးလို့ အမြဲတန်းခွဲရတယ်လို့ မရှိပါ။ အရိုးကွင်းကျဉ်းတမျိုးကတော့ အမြဲခွဲရတတ်တယ်။ ကျန်အကြောင်းတွေက ကိုယ်ဝန်တခုချင်းအပေါ်မှာ မူတည်ပါတယ်။ တခုရှိတာက ဆေးရုံ-ဆေးခန်းတွေက သိပ်မစောင့်ချင်တာတို့၊ ငွေကျသင့်စေချင်တာတို့နဲ့ ခပ်လွယ်လွယ်ခွဲတာလဲ နေရာတကာမှာ ရှိတယ်။ ကျွန်တော့ ဆေးခန်းသေးသေးလေးမှာ အရင်ခွဲမွေးထားသူတွေကို ရိုးရိုးမွေးမေးထားတာ ၃-၄ ယောက်ရှိပြီ။ အများအားဖြင့် ဗိုက်ခွဲပြီးကလေးမွေးတာကို ၃ ကြိမ်အထိလုပ်ပါတယ်။ ဒိနောက်တော့ သားကြောဖြတ်ချင်ရင် တခါတည်း ဖြတ်ပေးလေ့ရှိတယ်။

မေးခွန်း အားလုံးအတွက် ခွဲစိတ်ကုသနည်းဟာ ရောဂါတွေကို ပျောက်စေ၊ သက်သာစေပြီး အသက်တွေကို ကယ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲဖြစ်မှာတွေ ရှိပါတယ်။ အဲဒါတွေထဲကတမျိုးဟာ ခွဲတဲ့နေရာအနီးအနားမှာ Adhesion ခေါ် တွယ်ကပ်မှုဆိုတာ ဖြစ်လာနိုင်တယ်။ ဒီလိုတွယ်ကပ်မှုဆိုတာ ကိုယ်ခန္ဓာရဲ့ အနာကျက်ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းသာဖြစ်တယ်။ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ခွဲစိတ်တာအပြင် ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဓါတ်ကင်လို့လဲ ဖြစ်လာစေနိုင်တယ်။ ဗိုက်၊ တင်ပါးဆုံတွင်းနဲ့ နှလုံးနေရာတွေမှာ အများဆုံးဖြစ်တယ်။

Pelvic adhesions တင်ပါးဆုံတွင်းမှာဖြစ်တာလဲ မနည်းပါ။ သားအိမ်။ သားအိမ်ပြွန်၊ မျိးဥအိမ်၊ ဆီးအိမ်တွေကြား တွယ်ကပ်မှုတွေဖြစ်နိုင်တယ်။ ဗိုက်ခွဲကလေးမွေးတာနဲ့ သားအိမ်ထုတ်ရတာတွေကနေ အများဆုံးဖြစ်တယ်။ ခွဲစိတ်တာအပြင် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေပိုးဝင်လို့လဲ ဖြစ်နိုင်တယ်။ အများဆုံးက လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်တယ်။ သားအိမ်ပြွန်မှာဖြစ်ရင် ကလေးမရတာအထိ ဖြစ်လာနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာလဲဖြစ်နိုင်တယ်။

Heart adhesions နှလုံးမှာလဲ နှလုံးကိုဖုံးထားတဲ့ Pericardial sac အိတ်မှာတွယ်ကပ်မှုဖြစ်တတ်တယ်။ Rheumatic fever လေးဘက်နာအဖျားကနေ ဖြစ်နိုင်တယ်။

ခွဲစိတ်ပြီးနောက် ရက်ပိုင်းအတွင်းလေးမှာစဖြစ်တယ်။ ဖြစ်လို့ခံစားရတာတွေကတော့ နှစ်နဲ့အထိကြာနိုင်တယ်။ အဆိုးဆုံးဖြစ်နိုင်တာက အူပိတ်တာနဲ့ အစာလမ်းကို သွေးမလျှောက်တာတွေဖြစ်တယ်။ ဖြစ်နေသူတွေမှာ အသဲအထက်မှာ ဖြစ်ရင် အသက်ရှူရင်နာမယ်။ အမျိုးသမီးမွေးလမ်းမှာဖြစ်ရင် အတူနေတာမှာ မနာသင့်ဘဲနာနိုင်တယ်။ နှလုံးမှာဖြစ်နေရင် ရင်ပတ်နာမယ်။ ဗိုက်အောင့်ရာ နာရာကနေ အန်ချင်တယ်။ အစာမကျေဖြစ်မယ်။

ဘယ်လိုကုသရမလဲဆိုတာ ဘယ်နေရာမှာ ဘာဖြစ်နေသလဲအပေါ်မူတည်တယ်။ အနာသက်သာဆေး၊ ပိုးသေဆေးတွေ ပေးရတယ်။ လိုအပ်ရင်ခွဲစိတ်ပေးရတယ်။ Adhesions Surgery ခွဲငုနည်းမှာလဲ Laparoscopy ကိရိယာသုံးနည်းနဲ့ Laparotomy ဗိုက်ပြန်ဖွင့်နည်းရှိတယ်။

ဗိုက်ခွဲတိုင်း ကလေးမွေးတာဖြစ်ဖြစ်၊ အစာအိမ်ပေါက်တာဖြစ်ဖြစ် တခါခွဲရင်တခါ အထဲမှာ တွယ်ဆက်မှုလေးတွေ ဖြစ်တယ်။ ခွဲလို့အနာဖြစ်ရာနေရာတိုင်းက မကျက်သေးခင် အနီးအနားက တစ်ရှူးတွေကို တွယ်ကပ်ကြတယ်။ အတန်းလိုက်တွေ၊ ပင့်ကူအိမ်လိုတွေဖြစ်တယ်။ ဒီအရာတွေကို နောက်တကြိမ်ခွဲရရင် ရှင်းပေးရတယ်။ တချို့ဆိုရင် ဗိုက်စဖွင့်တာနဲ့ ခွဲရာဟောင်းက အထဲကအင်္ဂါတွေတွယ်ကပ်နေတာကို အရင် ရှင်းရတယ်။

ခွဲစိတ်ပြီးရင် (ခီးမို့စ်)၊ (ခိုင်မရော) ဆိုတဲ့ဆေးတွေကို ပေးကြတာက ဒါမျိုးမဖြစ်အောင်လို့။ ဒါပေမဲ့ ထိရောက်မှုကိုတော့ ဆရာဝန်တွေ အမြင်မတူကြပါ။ တွယ်ကပ်မှုဖြစ်တာကလဲ တယောက်နဲ့ တယောက် မတူကြဘူး။ ဒဏ်ရာရလို့ အမာရွတ် ထင်သူနဲ့ မထင်သူလိုမျိုး ကွာတယ်။

ဗိုက်ခွဲပြီးနောက်မှာ နာနေသေးသူတိုင်းတော့ အဲလိုမဖြစ်ပါ။ နာတာအတွက် အနာသက်သာဆေး သောက်သင့်ပါတယ်။ Paracetamol, Ibuprofen စတဲ့ဆေးတွေဖြစ်ပါတယ်။ လိုသေးရင် Buscopan စားဆေးလဲ သုံးနိုင်ပါတယ်။ ကြာလေ သက်သာလေကိုလည်း မျှော်လင့်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး