Autism နဲ့ Hyperactive တူသလား

ဆရာရှင့် ကလေးမိခင်တယောက်ပြောတာ ဖတ်လိုက်ရလို့ပါ။ သူ့ကလေးက Hyper active ဖြစ်တယ်လို့ပြောတယ်။ အဲ့ဒါဘာရောဂါလဲ သိချင်တာလို့ပါ။ ကျွန်မလည်းကလေးအမေမို့ သိချင်တာပါ။ ကျွန်မကလေးက မိန်းကလေး အသက် ၅နှစ်ပါ။ အမြဲတမ်းဆော့ပြီး နေ့ခင်းနေ့လည်လဲ မအိပ်တဲ့ကလေးပါ။ အရမ်းလည်းပိန်ပါတယ်။ အစားလည်း ကောင်းကောင်း မစားပါ။ ဆိုင်များ ဆိုင်နေမလားလို့ သိချင်လို့ပါရှင်။ ကျေးဇူးတင်ပါသည်။ ဆရာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။

Autism နဲ့ Hyperactive မတူပါ။ ADHD ထဲမှာ တချို့ကလေးတွေက Hyperactive ဖြစ်ကြတယ်။ Autism နဲ့ Autism spectrum disorder (ASD) လို့ ယေဘုယျခေါ်ကြတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက် ဖွံ့ဖြိုးမှုရောဂါ တခုပါ။ အပျော့အပြင်း မတူကြပါ။ ကလေးတွေကြားထဲမှာ တမူထူးနေတာ၊ စကားပြောဆိုတာ၊ တခုခုကို ဆက်တိုက်လုပ်နေတာ၊ စသဖြင့်ရှိမယ်။ ASD ထဲမှာ ဥာဏ်ရည်မမှန်တာ၊ ကြွက်သားလှုပ်ရှားမှု (ပူးတွဲလုပ်ဆောင်မှု) ခက်ခဲတာ၊ အာရုံစူးစိုက်မှုတမျိုး ဖြစ်နေတာ၊ ရုပ်ပိုင်းကျန်းမာရေး (အိပ်ရေး၊ အစာခြေ) တွေရှိနေတယ်။ တချို့ကလေးတွေကြတော့ အမြင်ပိုင်း၊ ဂဏန်းသင်္ချာ၊ တေးဂီတ စတာတွေမှာ သူများထက်တော်နေနိုင်တယ်။ အသက် ၂-၃ နှစ်မှာ သိသာလာတတ်တယ်။

အယူအဆလွဲများ
၁။ ADD/ADHD ကလေးတိုင်းက Hyperactive သူများထက်တက်ကြွနေတယ်ဆိုတာ မမှန်ပါ။ တချို့က တက်ကြွပါမယ်။

၂။ ADD/ADHD ကလေးတိုင်းက သတိမထားကြဘူးဆိုတာ မမှန်ပါ။ တချို့ကလေးတွေက သူတို့ စိတ်ဝင်စားနေတာကို အာရုံစိုက်နေတယ်။ ကျေနပ်နေမယ်။

၃။ ADD/ADHD ကလေးတွေက သူတို့လုပ်ချင်ရင် အမူအယာကို ပိုကောင်းအောင်လုပ်နိုင်မယ်ထင်တာလဲ မမှန်ပါ။ လုပ်နိုင်တာကိုသာ အဲလိုလုပ်နိုင်မယ်။

၎။ ADD/ADHD ကလေးတွေ ပျောက်ကင်းသွားမယ်လို့လဲ မျှော်မှန်းမထားနိုင်ပါ။ ကလေးတသက်တာ အဲလို ကျော်ဖြတ်ရမှာပါ။

၅။ ADD/ADHD ကလေးတွေကို ဆေးတိုက်ပေးတိုင်း သက်သာပါမယ်လဲ မဟုတ်ပါ။ တချို့အတွက်သာ ဆေးလိုပါတယ်။ အကောင်းဆုံးနည်းလမ်းတွေကတော့ ပညာသင်တာ၊ အမူအယာကုသမှုပေးတာ၊ အိမ်မှာနဲ့ ကျောင်းမှာ ကူညီပေးတာ၊ လေ့ကျင့်ခန်းလုပ်စေတာနဲ့ အစာအာဟာရမျှတ-မှန်ကန်စေတာတွေဖြစ်ပါတယ်။

ADD/ADHD ကလေးတွေမှာ အဓိက (၃) မျိုး ထူးနေပါမယ်။ Inattention အာရုံစူးစိုက်မှုနည်းတာ၊ Hyperactivity တက်ကြွမှုများတာ နဲ့ Impulsivity တွေဖြစ်တယ်။ တချိုက Inattentive ဖြစ်ပေမဲ့ ကျန်တာ ၂ ခုမဖြစ်ဘူး။ ကျန်တာ၂ ခုမှာဖြစ်ပြီး အာရုံစူးစိုက်တာ မဖြစ်သူလဲရှိတယ်။ ၃ မျိုးတွဲရှိတာကများတယ်။ Impulsive ဖြစ်နေတဲ့ကလေးဟာ သူ့ကိုယ်သူထိန်းချုပ်ဘို့ ခက်ခဲနေမယ်။ ဆင်ဆာလုပ်သလို မသင့်တာကို ရှောင်ဘို့ လုပ်တာမှာ အားနည်းနေလို့ ဖြစ်တယ်။ သူများတွေစကားပြောနေတာထဲဝင်ရှုပ်မယ်။ သူများကြားထဲဝင်လာမယ်။ မဆီမဆိုင် မေးခွန်းတွေမေးမယ်။ ပုဂ္ဂိုလ်ရေးမေးခွန်းမျိုးတွေမေးမယ်။ သည်းခံစိတ်ရှည်ပေးပါ။

ASD ကလေးပေါင်း ကမ္ဘာမှာ သန်းမနည်းလောက်ပါ။ အမေရိကားမှာတင် ၂ သန်းရှိတယ်။ ဘာလို့ဖြစ်ရသလဲ ဆရာဝန်တွေက အတိအကျမပြောနိုင်ကြသေးပါ။ ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

1. ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
2. Autism link to air pollution လေထုညစ်ညမ်းမှုနဲ့ (အော်တဇင်) မွေးရာပါကလေးရောဂါ http://doctortintswe.blogspot.com/2014/12/autism-link-to-air-pollution.html
3. Autism နဲ့ Hyperactive တူသလား http://doctortintswe.blogspot.com/2015/05/autism-hyperactive.html
4. Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
5. Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး (၂ဝ၁၃) http://doctortintswe.blogspot.com/2014/12/mental-health-in-children.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး