The lead rope and the pole ချည်တိုင်နဲ့ ချည်ကြိုး
အလွန်ရင်းနှီးတဲ့ သူငယ်ချင်းဆရာဝန်ရဲ့ သမီးကနေ ရေးလိုက်တာ။ ဦးဦးရဲ့ My Home ကိုဖတ်ပြီး၊ ဦးဦးရဲ့အဖေတို့ မန္တလေးကိုလိုက်နေတော့ ပြောတဲ့စကားတခွန်းကို မှတ်မိနေပါတယ်။ ရိုင်းသွားမယ်ဆိုရင်လဲ ခွင့်လွှတ်ပါ။ အိုလာတော့ ချည်တိုင်ဘဲ သတိရတယ်တဲ့။ တခြားသူငယ်ချင်းဆရာဝန်တယောက်လည်း ချည်တိုင်လို့ရေးသေးတယ်။
လူတိုင်းဟာ ချည်တိုင်မှာ ချည်တုပ်ခံထားကြရတယ်။ ကြိုးအတိုနဲ့ အရှည်သာကွာကြမယ်။ မမြင်ရတဲ့ကြိုးလို့ တင်စား ပြောကြတာကတော့ သံယောဇဉ်။ တရားသဘောမှာ သံယောဇဉ် (၁ဝ) ပါးရှိတယ်။ လူ့လောကမှာက များလွန်းလှတယ်။ အဝေးကြီးမှာ နေရသူတွေအဖို့ ချည်တိုင်မှာချည်ခံထားရတယ်လို့ သိနေတာကိုက အလွမ်းဖြေစရာ။ အကြာကြီး ခွဲခွါနေရသူတွေအဖို့မှာလည်း ချည်တိုင်ရှိသေးတယ်ဆိုဟာ အလွမ်းပြေစရာ။ ကြိုး တိုတို ရှည်ရှည်၊ ကြာနေနေ ဝေးနေနေ၊ ချည်တိုင်ဆီသာ သမင်လည်ပြန်ကြည့်မိကြတယ်။
ကျွန်တော် မောင်ရင်လောင်းလုပ်စဉ်က မစီးခဲ့ရပေမဲ့ ၁၉၉ဝ ဒီဇင်္ဘာလထဲမှာ ချင်းတောင်တန်းကိုဖြတ်ပြီး ထွက်ခဲ့ရတော့ မြင်းစီးရတယ်။ မြင်းကြိုးကိုချည်ရင် ချည်တိုင်မှာ အမြင့်ကြီးလည်းမချည်ရ၊ နိမ့်နိမ့်လေးမှာလည်း မချည်ရပါ။ ပြန်ဖြေတဲ့အခါ လွယ်ကူအောင်ချည်နည်းပါ သိရတယ်။ အစာစားလို့ရအောင် မြင်းပါးစပ်ဖက်ကကြိုးလည်း သိပ်မတိုစေရဘူးတဲ့။
ကျွန်တော်တော့ ခွဲစိတ်ပညာမှာ အရေးပါတဲ့ကြိုးချည်နည်းအစုံကို ကျွမ်းကျင်အောင်သင်ယူထားပါတယ်။ လူ့ဘဝမှာ ကိုယ့်ကြိုး အတိုအရှည်နဲ့ ချည်နည်းလည်းသိတယ်။ ကိုယ့်ချည်တိုင်ကိုလည်း မမေ့ပါ။ ပြည်တွင်းထဲမှာ နေရသူတွေ အတွက်တော့ ချည်တိုင်မရှိကြပါ။ ဒါပေမဲ့ ခြံခတ်ခံထားကြရတယ်။ ကျွန်တော့်ချည်တိုင်ကလည်း အဲဒီခြံထဲမှာ။ အဲတော့ ကြိုးကအလွန်ရှည်တယ်။
ခြံထဲကလူတွေမှန်သမျှ ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅
၁၇-၃-၂ဝ၁၈

Comments
Post a Comment