ချစ်သူ

အခါတပါးမှာဖြင့်
ချစ်ထားသူ တူနှစ်ကိုယ်တို့
သပြေညို နေခိုရိပ်မှာလ
ချိန်းတိတ်တဆိတ် တွေ့ကြတယ်။

ရွှေယောင်စောင်းဟာက
ချစ်ဟောင်းကို ပြန်ကာသစ်ချင်လို့
အချစ်ရယ် ပျို့ဆင်ပန်းကိုလ
ပေးစမ်းပါ ချိုစကား
ကြားမြွက်လို့ကြွယ်။

မောင့်နှယ်ရူးပါဘိ
ချစ်ဦး မယ်အပျိုက
ရယ်သလို သို့အပြောရယ်နဲ့
မြကျောရောင် ကေသီလဲ့ဆီက
ကြည်နွဲ့ကာ နေတဲ့ပန်းကိုဖြင့်
လှမ်းဆွတ်၍ ပေးလိုက်တယ်
ရယ်ချင်ငဲ့ ပျို့စိတ်ထဲ။

ကြင်ဆင့်တဲ့သူ
ကြင်ပွင့်ကို အသာယူ၍
အပြာဖြူ လွမ်းဂူလဲ့ဆီသို့
လှမ်းတဲ့ကာ သူခိုဝင်လျက်
အပျိုစင် ဆွတ်ခြွေပေးလိုက်တဲ့
ပွင့်သွေး အပြာလျှံငဲ့ပြင်
ရွှေဝတ်ဆံ ဝါဝါဝင်း
ပျံ့သင်း သည်မာလာနဲ့
ရယ်တခါ ငိုတလှဲ့သာပ
ဆိုဖွဲ့ကာ သည်လိုဟာဖြင့်
သည်လောကာ ဘုံအနှမ်းပေမို့
ယုံတမ်းပင် ဆိုနိုင်သင့်သော်လဲ
မသင့် မလျော်ပေလို့
ဘယ်ကဝေ ဘယ်ဥာဏ်မင်းငယ်တို့
ငြင်းကြမလဲ။ (ဇော်ဂျီ)

နိုင်ငံတကာကဗျာနေ့မှာ ၁၉၆၄ ခုနှစ်ထုတ် ဆရာဇော်ဂျီရဲ့ ပိတောက်ရွှေဝါကဗျာများစာအုပ်ပါ ဆရာဇော်ဂျီကဗျာကို သတ်ပုံကိုပါ သိစေလိုလို့ တင်ပြပါတယ်။ အခါတစ်ပါးမှာဖြင့် မဟုတ်။ ချိန်းတိတ်တစ်ဆိတ် တွေ့ကြတယ် မဟုတ်။ ရယ်တခါ ငိုတစ်လှဲ့သာပ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ