How to vote ရွေးကောက်ပွဲဆိုတာ ဘာကိုရွေးတာလည်း

ကျွန်တော် ဒီစာကို ပြီးခဲ့တဲ့ ဧပြီလကတည်းကရေးထားတာပါ။

ရွေးကောက်ပွဲ
မြန်မာပြည်ကရွေးကောက်ပွဲဆိုတာ နိုင်ငံကိုခေါင်းဆောင်မယ့်သူကို ရွေးပေးရတာမဟုတ်ပါ။ အုပ်ချုပ်မယ့်အစိုးရကိုလည်း ရွေးပေးရတာမဟုတ်ပါ။ ကိုယ်စားလှယ်ကိုသာ မဲပေးခွင့်ရှိတယ်။ အဲတာတောင်မှ မဟုတ်ချင်တော့လို့ အမျိုးသား လွှတ်တော်မှာ (ပီအာ) ဆိုတာ ထွင်လာတယ်။ ကြိုက်တဲ့လူကို ရွေးခွင်မရှိတဲ့စနစ်သာဖြစ်တယ်။ ခုထိသေချာသေးတာက ကိုယ်ကြိုက်တဲ့နိုင်ငံရေးပါတီကို မဲပေးခွင့်ကလေး ရနေသေးတာပါ။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုသာ ကြည့်ပြီး မဲပေးကြပါ။

လွှတ်တော်
လွှတ်တော်နေရာ ပေါင်း (၂၂၄ + ၄၄ဝ = ၆၆၄) ထဲက (၅၆) နဲ့ (၁၁ဝ) ယောက်ကို လူတွေကရွေးခွင့်မရှိပါ။ (၁၂၄) နဲ့ (၂၁၂) နေရာတွေကို ပြည်ခိုင်ဖြိုးကအနိုင်ယူထားတယ်။ ကျန်ပါတီတွေက (၄၄) နေရာနဲ့ (၁ဝ၉) နေရာမှာသာရကြတယ်။ NLD ပါတီက (၄) နေရာနဲ့ (၃၈) နေရာသာရထားတယ်။

သမ္မတ
သမ္မတကို လူထုကတိုက်ရိုက်ရွေးခွင့်မရှိပါ။ သမ္မတကသာ လူထုကိုကြိုက်သလိုအုပ်ချုပ်ခွင့်ရှိတယ်။ သမ္မတရွေးချယ် တင်မြောက်ရေးအဖွဲ့ ဆိုတာကနေသာ သမ္မတကိုရွေးတယ်။ အဲတာထဲမှာ အစု (၃) စုရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အမတ်တွေကတစု၊ မြို့နယ်အခြေခံ မဲဆန္ဒနယ်မြေကတက်လာတဲ့ အမတ်တွေကတစုနဲ့ စစ်တပ်ဦးစီးကအမိန့်ပေးထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတစုဖြစ်တယ်။ အစုတစုကနေ နာမည်တခုစီအဆိုပြုမယ်။ အဲဒီ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်ကနေ မဲပေးပြီး မဲအများဆုံးလူကို သမ္မတ၊ ကျန် (၂) ဦးကို ဒုသမ္မတတွေအဖြစ် ရွေးတယ်။ သမ္မတကနေသာ အစိုးရအဖွဲ့ကို ရွေးချယ်ခန့်ထားတယ်။ လူထုနဲ့အစိုးရ ဆက်စပ်မှုမရှိဘူး။

လူထုနဲ့အစိုးရ ဆက်စပ်မှုရှိချင်ရင်
အာဏာရှင်ကိုမကြိုက်သူတွေက (၃) ပုံထဲ (၁) ပုံလောက်အတွက်သာ အားခဲရမလိုဖြစ်တယ်။ NLD ပါတီက လွှတ်တော် ၂ ရပ်လုံးမှာ နေရာအများစုရပါမှ သမတအမည်တင်ခွင့်မှာ တပမ်းသာမယ်။ (၁) ခုထဲမှာသာ အများစုရရင်လည်း (၃) မဲ (၁) မဲနဲ့ သမတတင်မယ့်သူ ရှုံးမယ်။ အဲတာကြောင့် အထက်လွှတ်တော်မှာ (ပီအာ) လုပ်လာတာ ဖြစ်တယ်။ အဲတာကြောင့် NLD က ၁ဝဝ% လို့ပြောရတာဖြစ်တယ်။

မဲပေးနည်း
NLD ကို မုန်းတီးစိတ်နဲ့ကြည့်၊ အခွင့်အရေးလောဘလည်းရှိတဲ့ အမတ်တချို့က (ပီအာ) အတွက် အာနေကြတာဖြစ်တယ်။ အဲတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အဲလိုအမတ်လောင်းနဲ့ အဲဒီပါတီမျိုးတွေကိုလည်း မဲမပေးပါနဲ့။ လူမျိုးစုအခြေပြု ပါတီတွေကလည်း အာဏာရှင်တွေဖက်မှာနေမှာလား။ NLD နဲ့နေမှာလား။ သီးခြားနေလို့တော့ ပညာရှိရာ မကျပါ။
ရွေးကောက်ပွဲမှာ အရွေးမခံရပဲ သမ္မတတက်လုပ်မယ့် အစီအစဉ်သစ်ကို ၂ဝ၁၅ မှာ တီထွင်လိုက်ပြန်ပြီ။
NLD နေရာအပြတ်အသတ်မရလို့ မဲပြားသွားရင် ပြည်ခိုင်ဖြိုးကပဲဆက်စားနေအုံးမယ်။ အဲတာကြောင့် အမတ်လောင်းကို ကြည့်မနေကြပဲ NLD ပါတီကိုသာမဲတွေပုံအောကြမှသာ ဗျူဟာမြောက်တဲ့မဲပေးတဲ့သူဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး