Kuki ကူကီး

တိုင်းရင်းသားလူမျိုးစုအတွေ အတော်စုံစုံလင်လင်နဲ့ ခင်ခင်မင်မင်နေခဲ့ရတာ နှစ်အစိတ်လောက်ရှိသွားပြီ။ တရပ်ထဲမှာ အတူနေရတာမျိုး မဟုတ်ပါ။ သေကောင်ပေါင်းလဲအခြေအနေမျိုးမှာလည်း အတူတူနေခဲ့ရတာပါ။

မြန်မာပြည်ထဲတုံးက ကူကီးအတွေ့အကြုံရယ်လို့ ၁၉၈၅ ခုနှစ် စစ်ကိုင်းတိုင်း မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲကို ပုလဲကနေ သွားကစားခဲ့ရတုံးက တမူးမြို့မှာ ကူကီးလူမျိုးရယ်လို့ စတွေ့ခဲ့တာပါ။ ကူကီးလူမျိုးတွေက မြန်မာပြည်ဖက်မှာ ကဘော်ချိုင့်ဝှမ်းမှာနေကြတယ်။ အိန္ဒိယဖက်မှာ ပိုများတယ်။

ကျွန်တော် ၁၉၉ဝ အကုန်မှာ အိန္ဒိယကိုထွက်လာရတယ်။ ထွက်လာရတာကနိုင်ငံရေးမို့ နိုင်ငံရေး အင်အားစုတွေအကုန်နဲ့ ဆက်ဆံပေါင်းသင်းရတော့ ကူကီးလည်းပါတယ်။ သူတို့မှာ လက်နက်ကိုင်အဖွဲ့ရှိတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင် လှုတ်ရှားကြတယ်။ နာဂတွေနဲ့ နယ်မြေအငြင်းပွါးရာကနေ တိုက်ကြခိုက်ကြတယ်။ ကျွန်တော်တို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဘယ်အဖွဲ့နဲ့ဖြစ်ဖြစ် အဆင်ပြေကြပါတယ်။ မဏိပူပြည်နယ်က ကူကီးအမတ်နဲ့လည်း ခဏခဏတွေ့ဖြစ်ပါတယ်။

ကျွန်တော် ဒေလီကနေ မိုးရေးကို ပဌမဆုံးသွားတော့ ကူကီးလွှမ်းမိုးထားချိန်ဖြစ်တယ်။ အရင်တခေါက်ရောက်ဘူးခဲ့တဲ့ မိုးရေးနဲ့မတူတော့ဘူး။ ကျွန်တော့်အသက်အန္တရာယ်လုံခြုံရေးကို ကျောင်းသားအဖွဲ့ကနေ ကူညီတယ်။ ကူကီးအဖွဲ့ ခေါင်းဆောင်က ညနေစာကျွေးတယ်။ လိုသုံးလိုမယ် အတိုလေးတလက်ပါ ပေးထားသေးတယ်။

နောက်လေးနှစ်နေတော့ ကျွန်တော့်မိသားစုကို မိုးရေးလမ်းကနေ ခေါ်ယူပါတယ်။ ကျွန်တော်က မိုးရေးအထိမဆင်းသေးပဲ သူတို့ မဏိပူမြို့တော် အင်ဖါးအထိရောက်မှသာ ဒေလီကနေဆင်းသွားတယ်။ နယ်စပ်ကို ကျွန်တော်ရောက်တာနဲ့ သတင်းပေးတွေက တဖက်ကမ်းကိုသတင်းပို့တာ သိတယ်။

မိသားစုတွေ မိုးလေးရောက်တော့လည်း ကျောင်းသားအဖွဲ့ကနေ ကူညီစောင့်ရှောက်ပါတယ်။ ကျောင်းသားတာဝန်ခံကနေ အန်တီ့ ဘာမှမပူနဲ့ လုံခြုံရေးစိတ်ချ။ ကျွန်တော်တို့ရှိတယ်။ အားပေးကောင်းတယ်။ မနက်လင်းတော့ အိမ်ရှေ့မှာ ချထားတဲ့ သစ်သားပုံကြီးက မရှိတော့ဘူးတဲ့။ တာဝန်ယူစကားပြောခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မျက်နှာပူပါလေရော။ သူတို့က ဗမာစစ်သားနဲ့ သူပုန်သူကန်သာ သတိရှိပြီး သူခိုးကိုမေ့ထားကြတာကိုး။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅
Photo of Moreh

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ