Captain Ohn Kyaw Myint ဗိုလ်ကြီးအုန်းကျော်မြင့်

စောင့်ကြည့်သတင်းဂျာနယ်မှာပါတဲ့ အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံရန် ကြိုးစားခဲ့သည့် နိုင်ငံတော်လုမှုတွင်ပါဝင်ခဲ့သူ ဗိုလ်ကြီးဟောင်းဘချစ်နှင့် တွေ့ဆုံမေးမြန်းချက်ပဌမပိုင်းကို ဖတ်ရပါတယ်။ အဲတာနဲ့ အရင်က ကျွန်တော်တင်ခဲ့တဲ့ ဗိုလ်နေဝင်းကို လုပ်ကြံ့ဖို့ကြိုးစားခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းကို ပြန်တင်ပါရစေ။ အဲဒီတုံးက မေးလာသူရှိခဲ့လို့ပါ။

ဆရာ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စ သိချင်ပါတယ်။ ဖုံးကွယ်ခံထားရလို့ပဲလားမသိ။ ကျမတို့ အသက် ၃ဝ ကျော်တွေတောင် မသိပါ။ မျှဝေပေးပါဆရာ။

ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံ့ဖို့ကြိုးစားမှုကြီးက ၁၉၇၆ မှာ ဖြစ်ခဲ့တယ်။ သတင်းပေါက်ကြားလို့ အဲဒီအမှုနဲ့ ကြိုးပေးခံရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ရန်ကုန်တက္ကသိုလ်ကဘွဲ့ရပြီး၊ OTS ဗိုလ်လောင်းသင်တန်း အပါတ်စဉ် (၂၉) မှာ ငွေဓါးဆု ရခဲ့တယ်။ သူဟာ ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ PSO ကိုယ်ရေးအရာရှိဖြစ်တယ်။ ထိပ်တန်းစစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအရာရှိဆိုတာ တော်တယ်စိတ်ချရမယ်လို့ သတ်မှတ်ခံရသူကိုသာ ခန့်ထားလေ့ရှိတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး မကြာခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေါ် (မဆလ) ပါတီကိုတည်ထောင်လိုက်တယ်။ ဆယ်နှစ်လောက်နဲ့ တိုင်းပြည်ကဆင်းရဲလာတယ်။ လူတွေကို ဖမ်းဆီး နှိပ်ကွပ်တယ်။ (မဆလ) ပါတီဝင်သူတွေကိုသာ နေရာ-ရာထူး-အာဏာပေးတယ်။ ၁၉၈၈ အရေးအခင်းကြီးမှာ (မဆလ) ပါတီကြီး ပြိုကွဲသွားပေမယ့် ၁၉၉ဝ ရွေးကောက်ပွဲကစပြီး ကနေ့ ၂ဝ၁၅ ရွေးကောက်ပွဲအထိ (တစည) ပါတီဆိုပြီး ဆက်ရှိနေတယ်။

ဗိုလ်နေဝင်းကို ဘာလို့ လုပ်ကြံချင်သလည်းဆိုတဲ့အဖြေကို ၂ဝ၁၅ စက်တင်္ဘာလထုတ် စောင့်ကြည့်သတင်း ဂျာနယ်ပါ ဗိုလ်ကြီးဘချစ်နဲ့ အင်တာဗျူးအရတော့ - သူတို့မရှိမှ တိုင်းပြည်ကောင်းမှာမို့ သတ်ချင်တာ။ အဲဒါကြောင့်မို့ ဗိုလ်ကြီး အုန်းကျော်မြင့်က အာဏာရှင်တွေကို လုပ်ကြံဖို့ ကြိုးစားခဲ့တာပဲ။ ပြောရမယ်ဆိုရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီစနစ် ထူထောင်ကတည်းက ဗိုလ်ကြီး အုန်းကျော်မြင့်တို့၊ ငါတို့က တို့မြန်မာပြည် ကြီးမွဲတော့မယ်။ ဒုက္ခရောက်တော့မယ်ဆိုတာသိနေလို့ ဒင်းတို့သေမှ၊ မရှိမှ တို့တိုင်းပြည် ကောင်းမှာလို့ ကြိုသိနေလို့ လုပ်ကြံဖို့ ကြံစည်တာပဲ။ တပါတီတည်းထူထောင်ကာ အာဏာရှင်စနစ်ကို တည်ဆောက်တာပဲ။ သူတို့ လုပ်ချင်ရာလုပ်မယ် လုပ်ချင်ရာလုပ်ခဲ့လို့လည်း တို့တိုင်းပြည်ဟာ ရွှေပုံပေါ်စံနေရာကနေ သူ့လက်ထက်မှာပဲ ကမ္ဘာမှာ အမွဲဆုံးဖြစ်ခဲ့ရတာ မဟုတ်လားလို့ဖြေပါတာကို ဖတ်ရတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ စွပ်စွဲခံရတဲ့တရားခံတွေက ဗိုလ်ကြီးဝင်းသိန်း၊ ဗိုလ်ကြီးထွန်းကျော်၊ ဗိုလ်ကြီးဘချစ်၊ ဗိုလ်ကြီးဝင်းမောင်၊ ဗိုလ်ကြီးအောင်ကြည်ဦးတို့ ဖြစ်တယ်။ အစိုးရသက်သေ (ဖေါ်ကောင်) က ဗိုလ်ကြီးဝင်းသိန်းဖြစ်တယ်။

မှတ်တမ်းတခုမှာ ဗိုလ်မှူးချုပ်သန်းတင်က ဗိုလ်ချုပ်ကြီးနေဝင်းကို သတင်းပေးတယ်လို့ဆိုတယ်။ ဒါပေမယ့် ဗိုလ်ကြီးဘချစ် အင်တာဗျူးအရ - လေတပ်အကူအညီယူမယ်။ သမ္မတအိမ်ဝင်းတခုလုံး ဗုံးကြဲပစ်မယ်။ အဲဒီလောက်ထိကြံကြတာ။ လေတပ်က ဗိုလ်ချုပ်သောင်းဒန် (အငြိမ်းစား) ကို အစီအစဉ်ပြောပြတော့ သူက ဗိုလ်ချုပ်စောဖြူကို အကူအညီတောင်းဆိုလို့ သွားတောင်းတော့ အဲဒီမှာအစပေါ်ပြီး အဖမ်းခံရတာပဲလို့ ဆိုပါတယ်။

ဒီလုပ်ကြံမှုမှာ နံပါတ် (၂) နေရာရှိတဲ့ ဗိုလ်ချုပ်ကြီးစန်းယုကိုပါ သတ်ဖြတ်ဖို့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အဲဒီတုံးက ဒုတိယဗိုလ်မှူးကြီး) က သက်သေတယောက် ဖြစ်ခဲ့တယ်။ လေတပ်က ဗိုလ်မှူးသူရချစ်ခိုင်က အစိုးရသက်သေအဖြစ် ထွက်ဆိုရပါတယ်။ ထောင်မကျပါ။ အမှုပြီးတာနဲ့ ပြုတ်ပါတယ်။ တလောကမှ လေဖြတ်ထားပြီးဆုံးတယ်။ အရေးယူခံရပြီး မသေခင်အထိ ထောက်လှမ်းရေးတွေက သတိထားစောင့်ကြည့်ခံခဲ့ရတယ်လို့သိရပါတယ်။

အမှုစစ်နေတုံးမှာ ရန်ကုန် အင်းစိန်ထောင်တာဝန်ရှိသူတွေက ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို ညှဉ်းပန်းနှိပ်စက်ကြတယ်။ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တယ်။ မှတ်တမ်းတခုက ၂၇-၇-၁၉၇၇ မနက် ၃ နာရီနဲ့ ၄ နာရီကြားမှာ ကြိုးပေး ကွပ်မျက်တယ်။ ဒါပေမယ့် ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေးတဲ့ရက်က ၂၇-၇-၁၉၇၇ ဆိုတာမဟုတ်ပါ။ အဲဒီရက်မှာ တွဲဖက်တိုက်မှာ သူနဲ့ကျနော် အတူရှိပါတယ်လို့ ရှေ့နေဦးသိန်းသန်းဦးက ထောက်ပြပါတယ်။

အင်းစိန်ထောင်ထဲမှာပဲ အထူးတရားရုံးနဲ့အမှုကိုစစ်တယ်။ ထုံးစံကနေမတူပဲ အပြင်လူတွေပါ နားထောင်ခွင့်ပေးခဲ့တယ်။ အစိုးရမီဒီယာကလည်း သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးခဲ့တယ်။ အသုံးပြုမယ့် ပစ္စတိုလေည်းတွေ့ရတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို တိုက်ပုံအင်္ကျီအဖြူနဲ့ လူချောလူခန့်တယောက်အနေနဲ့ တွေ့ရပါတယ်။ ဗိုလ်ကြီး (၅) ဦး၊ ဗိုလ်မှူး (၁) ဦး၊ ဗိုလ်မှူးကြီး (၁) ဦး၊ သိလျက်နဲ့ထိန်ချန်သူ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးလို့ အစိုးရသတင်းစာကြေးမုံက ရေးတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့် ကွယ်လွန်တော့ သူ့မိသားစုကိုလည်း အကြောင်းကြားခြင်းလည်းမရှိပါ။ သူ့ဇနီးက ပုံမှန် ထောင်ဝင်စာတွေ့ဖို့ သွားတော့မှသာ ပိုင်ဆိုင်ပစ္စည်းတွေပြန်အပ်လိုက်တယ်။ သူ့ဇနီးခမြာ ထောင်ထဲမှာတင် ရှိုက်ကြီးတငင်ငိုတယ်လို့ သိရတယ်။

ကွန်မင့်ကနေ ဖြည့်စွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
• ဗိုလ်ကြီးဝင်းသိန်း (နိုင်ငံတော်ဝင်းသိန်း၊ A1 တင်တင်လှ အမျိုးသား) ဟာ သစ္စာဖောက်ဖေါ်ကောင်။ ဒဂုံဖွံ့ ဖြိုးအောင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ဖြစ်တယ်။
• ဗိုလ်ကြီးဝင်းသိန်းဟာ အစိုးရသက်သေမဟုတ်ပါ။ သူက နှစ်တရားခံအဖြစ် ထောင်တသက်တကျွန်းချခံရပါတယ်။ အစိုးရသက်သေက ဒီကိစ္စအစပြုသူ ဗိုလ်ကြီးသန့်စင်မြိုင်၊ ဗိုလ်ကြီးစံကြည် ယခုမေပြို့မှာ ဘော်ဒါဖွင့်ထားတဲ့ ဗိုလ်မှုးမောင်လတ်အပါအဝင် အတော်များပါတယ်။ ထောင်ကျသူတွေက မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်မှုးကြီးလှဖေ (၇) နှစ်။ ဗိုလ်ချုပ်ကြီးတင်ဦး (၇) နှစ်၊ ဗိုလ်မှူးစိန်ုမြင့် (၇) နှစ်။ ဗိုလ်ကြီးဘချစ် (၅)နှစ် ဖြစ်ပါတယ်။
• ဗိုလ်ချုပ်မင်းခေါင်ရဲ့ pso ဗကသိန်းဝင်းထင်ပါတယ်။ သူဆိုအစိုးရသက်သေမဟုတ်ပါ။ ညဆိုရေခဲတုံးပေါအိပ်ခိုင်းပြီ
• အပေါ်ကရေလောင်းခံရတာ လတော်တော်ကြာတယ်။
• ဗိုလ်ကြီးဝင်းသိန်းက အစိုးရသက်သေမဟုတ်ပါ။ တသက်တကျွန်းကျပါတယ်။ အဲဒါကိုပြင်ပေးဖို့လိုပါတယ်။ ကာယကံရှင်အတွက် အင်မတန်နစ်နာပါတယ်။ ထောင်ကျတဲ့အထဲမှာ ဗိုလ်ကြီး ဘချစ်လဲပါတယ်။
• ဗိုလ်ကြီးဝင်းထိန်ဆိုတာ ယခု NLD က ဦးဝင်းထိန်ပါပဲ။
• လေတပ်က ဗိုလ်မှူးသူရချစ်ခိုင်က အစိုးရသက်သေအဖြစ် ထွက်ဆိုရပါတယ်။ ထောင်မကျပါ။ အမှုပြီးတာနဲ့ ပြုတ်ပါတယ်။ တလောကမှ လေဖြတ်ထားပြီးဆုံးပါတယ်။ အရေးယူခံရပြီး မသေခင်အထိ ထောက်လှမ်းရေးတွေက သတိထားစောင့်ကြည့်ခံခဲ့ရတယ် လို့သိရပါတယ်။
• A1 တင်တင်လှ အမျိုးသားက ဦးဝင်းသိန်းပါ။
• ဟုတ်ပါတယ်။ သစ္စာဖောက် ဖေါ်ကောင်ပါ။
• ဆရာ ကြိုးပေးကွပ်မျက်တာလား။ ကျမ ယောက်ခထီးပြောတာတော့ သေနတ်နဲ့ပြစ်သတ်တာလို့ ပြောတယ်။
• ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဲ့ဒီ့အမှုစစ်တဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီးပါ။ အစိုးရသက်သေက ဗိုလ်ကြီးဝင်းသိန်းပါ။ သိန်းဝင်းမဟုတ်ပါ။ နိုင်ငံတော်ဝင်းသိန်းပါ။ အခု သူဌေးဖြစ်နေပါပြီ။
• အဲဒီတုန်းကကြားမိတာ သပိတ်သွပ်ခွင့်တောင် မပေးဘူးဆိုပဲ။
• အဲဒီတုံးက ကျနော်နဲ့ ချက်ထိုးတဲ့ ပင်နီတိုက်ပုံအမြဲဝတ်တဲ့ ဗိုလ်ကြီးတဦးလည်းပါတယ်။ ဘူးသီးတောင် မောင်တောမှာ တာဝန်ကျခဲ့ပါတယ်။ လေးစားခဲ့တဲ့ပုဂ္ဂိုလ်တဦးပါ။
• ဗိုလ်မှူးချုပ်သန်းတင်နဲ့ ဗိုလ်ကြီးဝင်းသိန်းဟု အမှန်ပြင်ပေးပါရစေ။
• ဦးထွန်းလွင် မဟုတ်ပါ ဦးထွန်းလင်းပါခင်ဗျ။
• ဗိုလ်ချုပ်နေဝင်းပေးတဲ့ပါတီတခုမှာ လုပ်ကြံဘို့ ပစ္စတိုသေနတ်ကို စောင်းကောက်အိမ်ထဲမှာထည့်ပြီး ယူလာခဲ့တယ်။ အတွင်းစည်းထဲရောက်နေပြီးမှ ပေါ်သွားတာလို့သိရပါတယ်။ သူ့သူငယ်ချင်းအရင်းက သစ္စာဖေါက်တာလို့လည်း သိရပါသေးတယ်။
• စောင်းကောက်ထဲမှာပစ္စတိုသေနတ်ထဲ့တာ ဗိုလ်ကြီးအုန်းကျော်မြင့် မဟုတ်ပါ။ အဲဒါနောက်တဖွဲ့ပါ။ ယဉ်ကျေးမှု ကဇာတ်အဖွဲ့ထဲက တယောက်ပါ။ ဦးမန်းငွေအောင်တို့အုပ်စုထင်ပါတယ် ကြိုးပေးတဲ့ရက်သံသယဖြစ်မိတယ်။ အဲ့အချိန်က အင်းစိန်ထောင်မှာ ကျနော်ရှိပါတယ်။ ၁၉၇၇ ဒီဇင်္ဘာ၂ဝ တွဲဘက်ထောင်တန်းမဝင် သပိတ်မှာ ခြေမှုံးခံရပြီး စစ်ခွေးတိုက်မှာ ၃ လလောက်ကြာတယ်။ အဲ့ကမှပုံစံခန်းပို့တယ် ကျနော်ပုံစံခမ်းမှာရှိစဉ် ကြိုးပေးတာပါ။ မန်းငွေအောင်၊ မန်းဒါဝိတ်လှုပ်ရှားမှု ၂ ခါလုပ်ခဲ့ပုံရတယ်။ ၁၉၈၃ ခုနှစ်၊ ဒုတိယမြောက် မန်းငွေအောင်လှုပ်ရှားမှုလို့ ဖတ်ရတာရှိတယ်။ (သိန်းသန်းဦး)
• ၁၉၇၈ ခုနှစ်ထဲမှာ (မဆလ) ပါတီတွင်းပုကန်မှုဖြစ်သေးတယ်။ ဦးသန်းစိန်၊ ဦးထွန်းလင်း၊ ဦးကျော်ဇောတို့ကဦးဆောင်ပြီး (မဆလ) တတိယအကြိမ် ပါတီညီလာခံမှာ ကြိုးစားခဲ့ကြတာဖြစ်တ
ယ်။ သူတို့အားလုံးလည်း အထူးတရားရုံးကနေ ထောင်ဒဏ်နှစ်ရှည်တွေချပါတယ်။

ဖြည်စွက်ချက်။ ဗိုလ်ချုပ်ကြီးတင်ဦး (NLD နာယက) ဟာ ၆-၃-၁၉၇၆ မှာ နိုင်ငံတော်ကောင်းစီ အမိန့်အမှတ် ၂၆/၇၆ အရ အနားပေးခံရတယ်။ တရားဝင် အကြောင်းပြချက်က သူ့ဇနီး ဒေါက်တာဒေါ်တင်မိုးဝေကလာဘ်ယူတယ်လို့ဆိုတယ်။ အနားပေးခံရပြီးနောက်မှာ သူ့ကို ဗိုလ်နေဝင်းလုပ်ကြံမှုကို ထိန်ချန်တယ်ဆိုပြီး နိုင်ငံတော်သစ္စာဖေါက်မှု အက်ဥပဒေ ၁၂၄ နဲ့စွဲချက်တင်တယ်။ ၁၁-၁-၁၉၇၇ မှာ ထောင် ၇ နှစ်ချတယ်။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၅
၂ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး