Deep thought လွဲလည်းမလွဲနဲ့ နက်နက်နဲနဲ စဉ်းစားပါ
၁။ Aung Aly ဆရာသမိုင်းကို ကြေညက်တဲ့သူပါ။
၂ (က)။ Javid Ali ဆရာကိုလေးစားပါတယ်ဗျာ။ ကဗျာကတော့ရှယ်ဘဲ။
၂ (ခ)။ Su Min ကဗျာကာရန်လေးက ကောင်းတယ်ဆရာ
၃။ KhinPone Nyar ဆရာ ဆေးရုံမရှိ၊ ဆေးခန်းမရှိ၊ မြန်မာပြည်မရှိ၊ ဆမ သက်တမ်းမရှိတဲ့လား။ ဆရာ့စာကတိုတိုလေး ဒါပေမဲ့ ရင်ထဲမှာ နင့်သွားတယ်ဆရာ။
မှတ်ချက်သုံးမျိုးမှာ ပညာရပ်သုံးမျိုးပါတယ်။ သမိုင်း၊ ကဗျာနဲ့ ဆေးပညာ။ ကျွန်တော်က မြန်မာစာကိုတော့ ဆေးကျောင်း ဒုတိယနှစ်အထိနဲ့ သမိုင်းကို ၉ တန်းအထိသာ သင်ခဲ့ရတယ်။ ဆေးပညာလည်း ၇ နှစ်စာသာသင်ယူခဲ့ရပါတယ်။
ငယ်စဉ်က ဆရာအမျိုးအစား သုံးမျိုးလုံးဆီကနေ ပညာရင်နို့သောက်စို့ခဲ့ပါတယ်။ ဖတ်မှတ်တာလည်း အစုံကြီး မဟုတ်တောင် စုံပါတယ်။ ပညာတတ်လူတန်းစာကို နှိမ်တာ၊ ပစ္စည်းမဲ့မှဆိုတဲ့ လက်ဝဲအယူအဆလည်း ဖတ်တဲ့ထဲမှာ ပါတယ်။ အသက်ကြီးပိုင်းအတော်များများထဲမှာ လက်ဝဲကိုစွဲနေသူတွေမနည်းပါ။ ကျွန်တော်လည်း အသက်ကြီးပေမယ့် မစွဲပါ။ အရင်းရှင်လို့သတ်မှတ်တာလည်း မဖြစ်ပါ။ တောင်မရောက် မြောက်မရောက်တော့ မဟုတ်ပါ။
ပစ္စည်းရှိမှဆိုတာတော့ ပိုဝေးသေးတယ်။ ဥစ္စာကို ကျိကျိတက်ချမ်းသာဘို့ဆိုတာ ရည်ရွယ်ရင်းကို မရှိပါ။ ဒါပေမယ့် လူမွဲတော့ မဟုတ်ပါ။ မွဲတာကို ဂုဏ်တင်ပြောချင်သူလည်းမဟုတ်ပါ။ ပညာလည်းရှာပါတယ်။ ပညာမှပညာကွလို့လည်း မလုပ်ပါ။ ပါရဂူဘွဲ့တော့ မရပါ။
ကဗျာရယ်လို့ ရေးနေတာလည်း မဟုတ်ပါ။ ကိုယ်ကိုယ်ကိုနှိမ့်ချခြင်းဟာ ချီးမြှေက်တာကို ပိုရချင်လို့ဖြစ်နိုင်ပေမယ့်၊ ကျွန်တော်က မဟုတ်ပါ။ ဘာရေးရေး (စာ) လို့သာရေးပါတယ်။ ကဗျာဆရာတွေက တော်ကြတယ်။ ကျွန်တော်ရေးတာပါ ကဗျာလို့လုပ်မိရင် ကဗျာဆရာတွေကို အားနာတာအမှန်ပဲ။
ဆေးစာတွေရေးပါတယ်။ ကျွန်တော်ငယ်ငယ်က ဆရာဝန်စာရေးဆရာတွေ ရေးတာတွေရော ကျန်းမာရေးပညာပေးတွေပါ ဖတ်ပါတယ်။ ရေးပုံရေးနည်းတွေကိုတော့ တဦးဆီကမှ အတုမခိုးပါ။ ကျွန်တော် စာရေးနည်းက စကားပြောသလို မန္တလေးဟန်ပါ။ အဲလိုရေးရတာ ဖတ်တဲ့သူနဲ့ ရင်းနှီးတယ်။ မျက်နှာချင်းဆိုင်ပြောနေသလို ရေးချင်တာ။ စာသင်နေသလို၊ ကျမ်းစာအုပ်ဖတ်ခိုင်းသလို မရေးချင်ပါ။ မီဒီယာရေးနည်းလည်း ကျွန်တော်နဲ့ မကိုက်ပါ။
ဘယ်အကြောင်းအရာတွေ ရေးမလည်းဆိုတာ ဆေးသိပ္ပံမှာ စနစ်တကျ ဗေဒတွေခွဲသလို မရေးပါ။ မေးလာတဲ့မေးခွန်းကို ဖြေသလိုသာရေးတယ်။ လိုတာကိုရစေချင်တဲ့သဘောမျှသာဖြစ်တယ်။ မေးတာများလို့ ရေးစရာလည်းများရတာပါ။ မေးတဲ့သူတွေက အတန်းအစားကအမျိုးမျိုးဆိုတော့ ချင့်ချိန်ရတာတော့ရှိတယ်။ တချို့အတွက် နားလည်ရခက်မှာ သိပါတယ်။ ဖတ်တဲ့သူတွေထဲမှာ ဆေးလောကလူတွလည်းပါနေတယ်။ ခုမှပေါ်လာတဲ့ ကုသနည်းသစ်မှာလို ရောဂါဖြစ်စေတာကို ဒက်ထိမှန်အောင် Targeted therapy ပစ်မှတ်ထား ဆေးပေးနည်း၊ လူနာတဦးချင်းအတွက် သန့်သန့်ဆေး Personalized medicine ပါဇင်နယ်လိုက်ဆေးမျိုးအထိတော့ မရောက်နိုင်တော့ပါ။ အရွယ်အရ အချိန်မရှိလောက်ပါ။
သမိုင်းကို စိတ်ဝင်စားလို့ ရှာဖတ်ပါတယ်။ ကိုယ့်သမိုင်းကိုလည်း စုံအောင်သိချင်တယ်။ သူများသမိုင်းလည်း သိချင်တာပဲ။ စိတ်မကောင်းဖြစ်ရတာက အခုရွေးကောက်ပွဲကာလမှာ ပြောတာရေးတာတွေဖတ်တော့ တချို့က စစ်အစိုးရ ဘယ်လိုက ဘယ်လို အာဏာတက်ယူနေသလည်း မသိကြပါ။ ပြည်ခိုင်ဖြိုးကို ပုံမှန်နိုင်ငံရေးပါတီတခုလို ထင်နေကြတယ်။ ၁၉၈၈ နဲ့ ၂ဝဝ၇ မှာ သတ်ခဲ့ဖြတ်ခဲ့၊ ဖမ်းဆီးခဲ့တဲ့သူတွေဟာ အဲဒီလူတွေပဲလို့ မေ့သွားတာလား၊ မသိတာလား။ ရာဇဝင်မဖတ်တော့ ပုဂံခေတ်ကအရည်းကြီးကို မသိသူတွေက အသံကောင်းဟစ်နေကြတာကို မသိကြရှာဘူး။
ကျွန်တော်ဆိုလိုချင်တာက ကိုယ်ပိုင်ဟန်လုပ်နိုင်တာ ကောင်းတယ်။ စဉ်းစားဉာဏ်တော့ သုံးရမယ်ပေါ့။ တချို့မှာ ဉာဏ်ရှိပြီး မသုံးတတ်ဘူးဖြစ်နေကြတယ်။ တချို့က တလွဲသုံးနေကြတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Comments
Post a Comment