Outside the Facebook

ဖေ့စ်ဘွတ်နဲ့ ရေဒီယို အတော်ကွာတယ်။ ရွေးကောက်ပွဲမှာ ရေဒီယိုတွေကနေ နှိပ်စက်တာ ခံရစရာရှိတယ်လို့ ၂ဝ၁၂ ကြားဖြတ်ကိုကြည့် ပြောမိသေးတယ်။

အခုလာပါပြီဗျာ။ လူအမြင်ကပ်တဲ့သူ၊ လူချစ်လူခင်များတဲ့သူ၊ အတည့်အဖြောင့်ပြောသူ၊ ထိန်ချန်ကွယ်ဝှက်ပြီး ကြားကောင်းအောင်ပြောသူ။ တယောက်တည်းကို ကိုယ်စားပြုသူ။ သန်းများစွာကို ကိုယ်စားပြုသူ။ စတဲ့သူတွေကို မျက်နှာလိုက်တာမဖြစ်ရအောင် စင်တင်ပေးနေကြတယ်။ ဟိုလူလည်း တမိနစ်ဆို၊ သည်လူလည်းတမိနစ်။ ဆန်းစစ်မှု သုတေသနသာလုပ်ရင် အတူတူနဲ့အနူနူ (ကန်တော့်ပါ) လို့ ကောက်ချက်ရမယ်။ ရေဒီယိုမှာ နိုင်သူမရှိ။ ရှုံးသူမရှိ။

ဖေ့စ်ဘွတ်က အင်မတန်ဘက်လိုက်လွန်းတယ်။ ဆင်တူတွေစုနေတဲ့ ဘုံရိပ်သာနဲ့တူတယ်။ မတူသူဆို ဘလော့ပြစ်။ တူတဲ့သူထပ်ထည့်နဲ့။ မိသားတစုလိုဖြစ်ဖြစ်လာတယ်။ ကျွန်တော့်ဖေ့စ်ဘွတ်ဆို ရဲတောက်နေတယ်။ စုန်းပြူးလည်း ပါတော့ပါတာပေါ့။ ဒါပေမယ့် ဖေ့စ်ဘွတ်မှာ ကိုယ်ချည်းနိုင်နေတယ်။

မြေပြင်မှာကြတော့ ရေဒီယိုတွေက အမှားကြီးမှားမယ်။ ဖေ့စ်ဘွတ်လည်း အလွဲကြီးလွဲမယ်။ မဲရုံထဲရောက်ရင် အဖြစ်မှန်သိရမယ်။ အဲ့ အဖြစ်မှန်ဆိုပေမယ့် အဖြေမှန်တော့ မဟုတ်ပြန်ဘူး။ မဲရေမှာတို့ ပယ်မဲတို့၊ ကြိုတင်မဲတို့၊ လူမသိအောင်ဖြည့်မဲတို့ဆိုတာတွေက လာအုံးမယ်။

ကော်မရှင်က ကြေညာတာကို အဖြေမှန်လို့ယူကြရတယ်။ သင်္ချာလိုကြ အဲတာမှားနေတယ်။ ကိစ္စမရှိဘူးတဲ့။ ဒါ စာမေးပွဲစစ်နေတာ မဟုတ်ဘူးတဲ့။ ၂၅% ဟာ ၇၅% ထက်များတယ်လို့ ဖွဲ့စည်းပုံကပြောထားတယ်တဲ့။

အဲတော့ မြန်မာပြည်မှာ မှန်တာဘာရှိတော့လို့လည်း။ သစ္စာလေးပါးတောင် မျက်ခုန်းလှုပ်နေရပြီ။

သည်လူတွေပြုတ်ပါမှ တစ်က သုညထက် ကြီးခွင့်ရမယ်။ ဖေ့စ်ဘွတ်အပြင်ထွက်ပြီး စည်းရုံးကြလော့။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး