Change of Color မြန်မာ့အရေး ဘာရောင်ပေး
အပြောင်းအလဲလိုခြင် NLD ကို မဲပေးပါလို့ အသံတွေကျယ်နေတယ်။ အရင်ရေးထားကို ပြန်တင်ပါရစေ။
တော်လှန်ရေးတွေ၊ အပြောင်းအလဲကြီးတွေကို အရောင်တွေနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ (ကာလာ ရီဗော်လူးရှင်း) ဆိုတာတွေ တကမ္ဘာလုံးမှာရှိပါတယ်။ ၁၉၈၆ ဖိလစ်ပိုင်မှာအာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးကို အဝါရောင်တော်လှန်ရေးလို့ အမည်ပေးထားတယ်။ ၂ဝဝ၄ ယူကရိန်းမှာဖြစ်ပျက်တာကို လိမ်မော်ရောင်တော်လှန်ရေး၊ ၂ဝဝ၂-၂ဝဝ၅ ကူဝိတ်မှာ အပြာရောင်တော်လှန်ရေး၊ ၂ဝဝ၅ အီရတ်မှာ ခရမ်းရောင်တော်လှန်ရေး၊ ၂ဝဝ၉-၂ဝ၁၁ တွေက အီရန်မှာ အစိမ်းရောင်တော်လှန်ရေးအမည်တွေ ပေးခဲ့ကြတယ်။ ဒီလိုနဲ့ ၂ဝဝ၇ မြန်မာ့သံဃာ့လှုတ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေးလို့ နာမည်ပေးကြတယ်။
ပန်းတွေနာမည်ပေးကြတာလည်းရှိသေးတယ်။ ၂ဝဝ၃ ဂျော်ဂျီယာအဖြစ်အပျက်ကို နှင်းဆီတော်လှန်ရေး၊ ၂ဝဝ၅ ကဇာစတန်မှာ ဖြစ်တာကို ကျူးလစ်တော်လှန်ရေး၊ ၂ဝ၁ဝ ကျူနီးရှားမှာ စပယ်တော်လှန်ရေး၊ ၂ဝ၁၁ အီဂျစ်မှာ ကြာပန်းတော်လှန်ရေးလို့ အမည်ပေးတယ်။ စပယ်နာမည်ကလူကြိုက်များလို့ ၂ဝ၁ဝ မှာစခဲ့တဲ့ အာရပ်နွေဦးကိုလည်း ခေါ်တယ်။ ၂ဝ၁၁ တရုတ်မှာဖြစ်တာကိုလည်းခေါ်ပါတယ်။ အခု မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုကော ဘယ်လိုအရောင်တွေ၊ ပန်းတွေအမည်ပေးကြချင်ပါသလဲ။ ကြာတော်လှန်ရေးလို့ပဲသင့်မယ်ထင်တယ်။
ထူးခြားတဲ့နမူနာတခုကတော့ ၂ဝဝဝ ခုနှစ်တုံးက ယူဂိုဆလားဗီးယားမှာ ဖြစ်သွားတာကို ဘူလ်ဒိုဇာတောင်လှန်ရေးတဲ့။ ဒါဖြင့်ရင် မြန်မာပြည်မှာအခုဖြစ်နေတာကို ထော်လာဂျီအပြောင်းအလဲလို့ ပေးမလား။ ထွန်စက်ကို လူစီး၊ ပစ္စည်းသယ် လုပ်နေရတာမို့ မရှိသုံးယာဉ်၊ တလွဲသုံးယာဉ်ဖြစ်ပါတယ်။ ကနေ့အပြောင်းအလဲဟာ မရှိသုံး၊ တလွဲသုံးမဖြစ်ပါစေနဲ့။
မွေးဇာတာအင်မတန်ကောင်းတဲ့ မြန်မာနိုင်ငံဟာပဒေသာပင်လို့ခေါ်ထိုက်တဲ့ ရွှေပင်၊ ငွေပင်၊ ကျောက်သံပတ္တမြားပင် တွေတော့ ပေါက်ပါတယ်။ ဒိနောက်မှာလည်း ရွှေရည်၊ ရွှေငွေ့တွေထွက်လာတယ်။ နှစ် ၅ဝ ကျော်အတွင်း မြေက၊ ရေက ပေါက်သမျှ၊ ထွက်သမျှရဲ့ အသီးနဲ့အပွင့်တွေကိုတော့ တပါတီတည်းကတခါ၊ တအုပ်စုတည်းကတခါ၊ မောင်ပိုင်စီးပြီး၊ သူတို့ချည်းသာ စားသုံးခဲ့ကြတယ်။ တိုင်းပြည်ကတော့ စပါးကျီဘဝကနေဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (အယ်လ်ဒီစီ) ဘဝ ရောက်ခဲ့ရတယ်။
အခုမတူတော့ဘူးပြောနေကြသူကလဲများတယ်။ အကြွေးတွေလျှော်ပြစ်လို့ အကြွေးသစ်တွေ ယူနိုင်လာတယ်။ ဒါကို ရှေးလူကြီးများကတော့ ဝမ်းသာစရာမှမဟုတ်ပဲလို့ ပြောကြပါမယ်။ ခုခေတ်ကအကြွေးယူနိုင်တာကိုကဂုဏ်ယူစရာမို့ မြန်မာနိုင်ငံခေတ်မီလာပြီလို့သာ မှတ်ယူပါလေ။ သတိထားဘို့က အကြွေးပြန်ဆပ်နိုင်မဲ့သူကိုသာ ငွေချေးပေးတာမို့ ကြွေးများများရအောင် ဘယ်လိုကြံဆောင်မလဲ။ ကြွေးသစ်တွေဆပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ စီးပွါးရေးလုပ်ရာမှာ ကတိနဲ့ယုံကြည်မှုက အရေးပါတယ်။ ကမ္ဘာက ၂ဝ၁၂ အလွန် မြန်မာနိုင်ငံကို လူယုံစာရင်းသွင်းပြီတဲ့လား။
မြန်မာနိုင်ငံသားတွေကကော အစိုးရကိုလူယုံစာရင်းသွင်းပြီလား။ ယုံကြည်မှုဆိုတာအဆင့်အမြင့်ဆုံး အကဲဖြတ်ချက်တခု ဖြစ်ပါတယ်။ အသိဖြစ်၊ မိတ်ဆွေဖြစ်၊ ရင်းနှီးကျွမ်းဝင်ချစ်ခင်၊ အပြန်အလှန်နားလည်မှုဟာ တိုးတိုးလာရတယ်။ လေးစာမှု ရလာရင် အတော်အဆင့်မြင့်နေပြီ။ ယုံကြည်မှုဆိုတာက အထွတ်အထိပ်ပဲ။ လူထုပေးတဲ့အမှတ် ၂ဝ၁၅ မှာ အဆုံးအဖြတ် ထပ်ပေးပါလိမ့်မယ်။
(ကာလ်ချာ) ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ယဉ်ကျေးမှုလို့ ဘာသာပြန်သူကများတယ်။ အလေ့အထတခု သိသိသာသာ ကြီးကြီးမားမားဖြစ်လာတာကို ယဉ်ကျေးမှုလို့ သုံးလေ့ရှိတယ်။ ဒါမျိုးဟာအများက ကျေကျေနပ်နပ် လက်ခံသုံးစွဲကြတာမျိုး ဖြစ်တယ်။ ဥပမာရိုးရာဝတ်စားဆင်ယင်မှုကနေ ခေတ်ဆန်လာတာကို လူအများစုက တစတစလက်ခံလာကြတယ်။ မကျေမနပ်နဲ့ လိုက်လုပ်ရတာမျိုးကို တိုက်ရိုက်ပြောင်းပြန်ဝေါဟာရနဲ့ Vulgar ရိုင်းစိုင်းမှုလို့ ဆိုချင်ပါတယ်။
၁၉၈၈ မတိုင်မီမှာလခစားမှန်သမျှ အစိုးရလက်အောက်ခံချည်းမို့ အရာထမ်းအဆင့်ဆင့်ကနေခိုင်းသမျှ ရုံးအလုပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်လုပ်ကြရမယ်ဆိုတဲ့ ဗြူရိုကရေစီရိုင်းစိုင်းမှုကို ကျင့်သုံးခဲ့တယ်။ မဲထည့်ရာလဲ ဖြူဆို ဖြူကြရ၊ မဲဆိုမဲကြရတယ်။ ဒိနောက်မှာ အမှန်ခြစ်ခြစ်ဆို ခြစ်ပေးကြရပြန်တယ်။ ကြိုတင်မဲနည်းနာဖြစ်လာတယ်။ ရွေးကောက်ပွဲ ရိုင်းစိုင်းမှု ဖြစ်တယ်။ ကြံခိုင်ရေးအသင်းထဲ မဝင်မနေရအာဏာနဲ့ သိမ်းသွင်းထားတဲ့ အဖွဲ့ဝင်ဆိုတာတွေကလည်း မကြိုက်လည်းလိုက်ကြရပြန်တဲ့ စည်းရုံးရေးရိုင်းစိုင်းမှုတန်ခိုးနဲ့ အဖွဲ့ဝင်ဦးရေတိုးစေခဲ့တယ်။
၁၉၄၈ လွတ်လပ်ရေးကနေအုပ်စိုးနေသူ အင်္ဂလိပ်တွေဟာ လုံးဝဥဿုံနေရာဖယ်ပေးခဲ့ကြရပြီး၊ သယ်မသွားနိုင်တာမှန်သမျှ ထားခဲ့ကြရတယ်။ ပဌမစစ်အာဏာသိမ်းမှုနောက်မှာ (တော်လှန်ရေးကောင်စီ) ရဲ့ လူတန်းစာအသစ်တခုက အရာရာကို ချုပ်ကိုင်လိုက်ပြီး၊ အရင်လူမှန်သမျှ အဖမ်းခံရ၊ ထောက်ကျခံကြရတယ်။ ဒုတိယစစ်အာဏာသိမ်းမှုဖြစ်တဲ့ (နဝတ/နအဖ) ကတော့ လူဟောင်းတွေ (မဆလ) ဟာနေရာကိုသာဖယ်ပေးရပြီး၊ ပုဂ္ဂလိကပိုင်ပစ္စည်းသာမက အများပိုင်ပစ္စည်းကိုလည်း အမွေရသေးတယ်။ ၂ဝဝ၈ အလွန် အပြောင်းအလဲမှာအရင်လူတွေ (ပြည်ခိုင်ဖြိုး) ကပဲ ကိုယ်ပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်း သာမက ရာထူး၊ အာဏာ၊ နေရာတွေကိုလည်း ဆက်ပိုင်ထားနိုင်ကြတယ်။ အဝတ်အစားတော့ ပြောင်းပါတယ်။
ဒါကြောင့် အခုအပြောင်းအလဲကို မရင့်တရင့်အရောင်အမည်သာပေးသင့်ပါတယ်။ သံလွင်စိမ်းကိုတော့ စစ်တပ်အရောင်လို့ အသုံးများတယ်။ အစိမ်းရောင်နဲ့ဆက်စပ်နေတဲ့ အရောင်ကွဲတွေရှိတယ်။ သစ်တောစိမ်း၊ ကညွတ်စိမ်း၊ ရေညှိစိမ်း၊ ထင်းရှူးစိမ်း၊ လက်ဖက်စိမ်းစသဖြင့်ရှိတယ်။ မြန်မာဆန်ဆန် နာမည်တွေရွေးပေးပါရစေ ကြာတော်လှန်ရေး၊ ထော်လာဂျီအစားထိုးမှုနဲ့ ပြောင်းဖူးစိမ်းအပြောင်းအလဲလို့။
ကြာနေတာမသင့်ပါ။ အစားထိုးရုံလေးနဲ့မရ။ စိမ်းနေတာတော်လောက်ပြီ။ တည်တည်ကြည်ကြည် ရဲရဲနီနီအပြောင်းအလဲ အောင်ပွဲခံရမည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment