This month
တော်သလင်းလရောက်ပြီ။
• တော်သလင်းနေ ပုစွန်သေ၊
• တော်သလင်းမိုး ကန်သင်းကျိုး၊
• တော်သလင်း မြစ်တွင်းသင်ဖြူးခင်း၊
• တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲ မိုးမစဲ၊
တော်သလင်းလမှာ နေအလွန်ပူပြင်းတယ်။ မြစ်တွေမှာ ရေလျှံနေတယ်။ မိုးတိမ်တွေဖုံးနေလို့ ထင်းမီးနဲ့ ချက်ပြုတ်ရသူတွေ မီးဖိုအတွက် ခက်ခဲကြရှာတယ်။
စာဆိုရှင်လူဦးမင်း ရေယဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံမြိုင်မြိုင်နှင့် လှေပြိုင်ကျင်းတဲ့လကိုလေးလို့ စပ်ဆိုခဲ့တယ်။ တော်သလင်းလရဲ့ ဆယ်နှစ်ရာသီပွဲတော်ဟာ လှေပြိုင်ပွဲဖြစ်တယ်။ (နဝတ) လက်ထက်မှာ ဝါဒဖြန့်လှေပြိုင်ပွဲတွေလုပ်ခဲ့သေးတယ်။
ကင်းဝန်မင်းကြီးဦးကောင်းက ပန်းရွှေရင်းမာ၊ လှိုင်စွာပျံ့သင်း တော်သလင်းလို့ စပ်ဆိုခဲ့တယ်။ ရင်းမာပန်းတွေပွင့်တယ်။ ရင်းမာပန်း (Chukrassia tabularis) က အလွန်မွှေးတယ်။ လေယူရာပါလာရင် တတောလုံးအနှံ့ မွှေးကြိုင်ပျံ့စေတယ်။ ဘုရားပန်းအဖြစ်ကပ်လှူကြလို့ ဘုရားထဲရောက်တာနဲ့ ရင်းမာပန်းရနံ့ကိုရကြတယ်။
• ပန်းရွှေရင်းမာ၊ လှိုင်စွာပျံ့သင်း တော်သလင်း၊
• မွှေးတဲ့သတင်း ဆောင်ကြဉ်းလာမယ့်သူတွေ၊
• တောသလင်းနေ မှုမနေ၊ လှေလှော်ပွဲ နွှဲမနေ၊
• စားဖိုသည်တွေ ဆင်းရဲစိတ်မွေးမနေ၊
• မိုးရွာလို့ ကန်သင်းကျိုးပါစေ၊ မနားမနေ မဲစည်းရုံးကြပေ၊
• ရင်းမာပန်းရနံ့လို တပြည်လုံးမှာ ကြိုင်သင်းမွှေးပျံ့စေ။ ။
ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅

Comments
Post a Comment