ISIS

ISIS အကြောင်းလည်း ရေးပါဆိုလို့ အရင်ရေးထားတာလေးကို မွမ်းမံပြီးတင်ပါရစေ။

၂၆-၈-၂ဝ၁၃ နေ့က
ကနေ့ ကမ္ဘာကိုခြောက်ခြားစေပြီး အော့နှလုံးနာစရာတွေနဲ့ အကြမ်းဖက်မှုတွေ စဉ်တိုက်ဆက်တိုက်လုပ်နေတဲ့ Islamic State in Iraq and Syria (ISIS) အဖွဲ့ကို နှိမ်နင်းဘို့ရာ အာရတ်က ပါတနာတွေနဲ့ တွဲလုပ်ဘို့ရာ ထောက်လှမ်းရေး ကော်မတီ ရီပတ်ဘလီကင်ဥက္က္ကဌ မိုက် ရောဂျားစ် ကနေ တိုက်တွန်းနေပါတယ်။ သတင်းသမားတွေနဲ့တွေ့တုံးက ဒီအဖွဲ့ဟာ အမေရိကအထိ ရောက်လာဘို့ လေယာဉ်လက်မှတ်တစောင်သာလိုတယ်လို့ ဆိုလိုက်ပါသေးတယ်။

၂ဝ၁၁ တုံးက အယ်ကိုင်ဒါ ခေါင်းဆောင် ဘင်လာဒင်ကို တိုက်ခိုက်သတ်ဖြတ်ဘို့ စစ်ဆင်ရေးကို အမိန့်ပေးခဲ့ပြီးနောက် အိုဘားမားကို အကြမ်းဖက်မှုနှိမ်နင်းရေးမှား အားမရဖြစ်လာကြတာပါ။ ဒီမိုကရက်အမတ်တွေကတော့ ISIS ကို အဲလိုလုပ်ရင် အမေရိကကို တိုက်ရိုက်အန္တရာယ်ပြုလာမှာအတွက် စိုးရမ်တယ်လို့ ဆိုကြပါတယ်။ စစ်ရေးတခုတည်းနဲ့ ဖြေရှင်းလို့မရဘဲ ကျယ်ပြန့်တဲ့ဗျူဟာလိုမယ်လို့လဲဆိုပါတယ်။ ခုချိန်အထိတော့ အိုဘားမားကနေ အီရတ်မှာ အကန့်အသတ်နဲ့ ဗုံးကျဲနေတာဘဲရှိပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သတင်းထောက် ဖိုလီ ကို ခေါင်းဖြတ် သတ်ပြီးတဲ့နောက် တမျိုးစဉ်းစားလာရပါပြီ။ စစ်ရေးတိုးချဲ့ရင် ဆီးရီးယားထဲဝင်ရမယ်။ ဆီးရီးယား လက်ရှိသမတ အားဆတ်ဟာ သူ့အာဏာ တည်မြဲရေးအတွက် လူပေါင်း ၁၁၈၅ဝဝ ကနေ ၁၉၁ဝဝဝ အထိ သေခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်မှာ တာဝန်အရှိဆုံးဖြစ်လို့ အမေရိကန်က တောက်လျှောက်ဆန့်ကျင်နေခဲ့ပါတယ်။ ISIS ကိုနှိမ်နင်းဘို့ ဆီးရီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုရမှသာ အမေရိကန်နဲ့ ဗြိတိန်တို့က လုပ်နိုင်မှာ ဖြစ်တယ်။ ဆီးရီးယားကလဲ အဲလိုလုပ်ဘို့ မီးစိမ်းပြလိုက်ပါပြီ။

၁၁-၉-၂ဝ၁၄ နေ့က
ခဏနေရင် အမေရိကန်သမတ အိုဘားမားကနေ ISIS ကိုဘယ်လို Destroy ဖြိုခွင်းမလဲဆိုတဲ့ မဟာဗျူဟာကို လူသိရှင်ကြား စကားပြောပါတော့မယ်။ သူ့မဟာဗျူဟာရဲ့ အဓိကဟာ မဟာမိတ်ဖွဲ့စုရေးဖြစ်တယ်။ မဟာမိတ်ထဲမှာ အနောက်ကမ္ဘာကနိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေပါမယ်။ ဒေသတွင်းနိုင်ငံတွေထဲက မွတ်ဆလင်နိုင်ငံတွေချည်းသာ ဖြစ်မယ်။ ISIS ဟာ မွတ်ဆလင်အဖွဲ့ပါ။

ကျွန်တော်တို့ဆီမှာ
တဆိတ်ရှိ မွတ်၊ တဆိတ်ရှိ ကုလားနဲ့ အားလုံးစုံကို ခြုံပြောနေကြတယ်။ မှားပါတယ်။ ကမ္ဘာမှာ စစ်ရေးအင်အား အကြီးဆုံးနိုင်ငံကနေ အစ္စလမ်ဘာသာကို အပြစ်မပြောပါ။ မွတ်ဆလင်မှန်သမျှကို အပြစ်ပုံမချပါ။ သူ့တိုင်းပြည်နဲ့ တကမ္ဘာလုံးအတွက် အန္တရာယ်ဖြစ်တဲ့ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်မှုကို ဖြိုခွင်းရာမှာ အမေရိကန်လူမျိုး အများစုကိုးကွယ်တဲ့ ၇၃% သောခရစ်ယန်ကိုသာ အားကိုးတာမဟုတ်ပါ။ သူတနိုင်ငံတည်းနဲ့လဲ မရနိုင်လို့မလုပ်ပါ။ မဟာမိတ်ဆိုတာလိုတယ်။

ကျွန်တော်တင်တဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးအောက်မှာ မွတ်ဆလင်ကို မပြောရဲတာလဲ ဘယာလို့ မှားယွင်းစွာ မှတ်ချက်ပေးလာသူကို ဘလော့ခ်လုပ်လိုက်ပါတယ်။ အပြစ်ဆိုရာမှာ တိတိကျကျပြောရပါတယ်။ နဝတ ကနေ နအဖ လို့ပြောင်းတော့ ပိုကောင်းမလား ထင်ခဲ့ကြသူတွေရှိတယ်။ အခုတခါ သမတလုပ်တဲ့အုပ်ချုပ်ရေးက ပိုကောင်းမယ်လို့ မျှော်ကိုးသူတွေရှိတယ်။ အပြစ်ချစရာ အတိအကျမသိကြလေတော့ အာဏာရှင်တွေကတော့ အေးအေးဆေးဆေးဘဲပေါ့။ နာမည်ကိုစကားများပြီး အားရနေကြရင်တော့ ရန်ဘေးအကြီးစားကို သိနိုင်မယ်မဟုတ်ပါ။

မွတ်ဆလင်တွေနေထိုင်ရာတိုင်းပြည်တွေမှာ လေ့လာမှုလုပ်တော့ အများစု ISIS ကိုမကြိုက်ကြတာတွေ့ရပါတယ်။ ဂဏန်းတွေက မကြိုက်တာကိုဖေါ်ပြပါတယ်။ Pew Research Center သုတေသနဖြစ်ပါတယ်။
လက်ဘနွန် = ၁ဝဝ%
အစ္စရေးလ် = ၉၇%
ဂျော်ဒန် = ၉၄%
ပါလစ္စတိုင်းဒေသ = ၈၄%
အင်ဒိုနီးရှား = ၇၉%
တူရကီ = ၇၃%
နိုက်ဂျီရီးယား = ၆၆%
ဘာကီနာဖါဆို = ၆၄%
မလေးရှား = ၆၄%
ဆီနီဂေါ = ၆ဝ%
ပါကစ္စတန် = ၂၈%
ဒါပေမယ့် ၁၁ နိုင်ငံက မွတ်ဆလင် ၆၃ သန်းကတော့ ISIS ကိုထောက်ခံခံတယ်။

ISIS ဘယ်ကနေ ငွေရနေသလည်း
လောင်စာဆီက အဓိကဖြစ်ပါတယ်။ လူပြန်ပေးဆွဲတာလည်းပါတယ်။ တိုက်ခိုက်သိမ်းယူတဲ့မြို့တွေက ဘဏ်တွေကနေ ယူတာလည်းပါတယ်။ တနှစ်ကို ဒေါ်လာ သန်း ၅ဝဝ ရနေတယ်လို့ အနီးစပ်ဆုံးခန့်မှန်းရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကနေ စုဆောင်းချက်အရ ၂ဝ၁၄ ခုနှစ်အတွင်းမှာ သူတို့ဝင်ငွေက ၁့၂ ဘီလီယန်ဖြစ်တယ်။ ISIS ကနေပြာတဲ့ ၂ ဘီလီယန်ဆိုတာ ကားပြောတာလို့ဆိုပါတယ်။

ယူအက်စ်နဲ့ အနောက်ဥရောပနိုင်ငံတွေကသာမက ရုရှားကလည်း ဆီးရီးယားမှာ ISIS ပစ်မှတ်တွေကို အကြီးအကျယ် တိုက်နေတယ်။ မနေ့ကပဲ တရုပ်နိုင်ငံကပါ ISIS ကိုစစ်ကြေညာလိုက်ပါတယ်။ ISIS လို အစ္စလမ်အမည်ခံ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်ဆိုတာ တကမ္ဘာလုံးရဲ့ရန်သူဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
http://www.theatlantic.com/international/archive/2015/11/how-is-isis-still-making-money/416745/

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး