Tuesday, November 24, 2015

Healing Day တန်ဆောင်မုန်းလပြည့်

လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ဆုပန်ရွယ်၊ ရာသီပွဲတော်အဆုံးမှာ တန်ဆောင်မုန်းလပြည့်ပါတယ်။ ကောင်းကင်မှာ မိုးသားကင်းစင်ပြီး နက္ခအပေါင်းစုံတဲ့အခါသမယပါ။ ဆီးနှင်းတပြိုက် မိုးတလိုက်ဆိုပေမဲ့ ဆီးနှင်းကလဲ ထူထဲခြင်းမရှိ၊ မိုးကလဲသည်းထန်ခြင်းမရှိလှပါ။ ခြေခင်းလက်ခင်း သာယာလှတဲ့ လွန်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ဝန်းကျင်မှာ ပုဂံ၊ ညောင်ဦး ဘုရားဖူးသွားခဲ့ဘူးပါတယ်။ ၁၉၈ဝ မတိုင်ခင်ကလို့ ပြန်တွက်ယူရပါတယ်။

ခဝဲပွင့်တုန်း တန်ဆောင်မုန်းလို့ စာဆိုရှိပါတယ်။ ဒီလထဲမှာပဲ ကြာ၊ ပြည်ပန်းညို၊ မယ်ဇလီနဲ့ နှင်းပန်းတွေလဲ ပွင့်ကြတယ်။ လူငယ်တွေက ကျီးမနိုးပွဲနဲ့ ပျော်ကြမယ်။ စေတနာထက်သန်သူတို့က ပံ့သကူအလှူလဲလုပ်ကြမယ်။

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဆေးပေါင်းခတဲ့လလည်းဖြစ်လို့ ဒီလမှာပွင့်တဲ့ မယ်ဇလီဖူး၊ မယ်စဇလီပွင့်တွေကို သုပ်စားရင်ရောဂါမျိုး (၉၆) ပါးကင်းတယ်လို့ယူဆကြသည်။ ယုံကြည်စိတ်ကနေ ရောဂါဝေဒနာ ပျောက်ကင်းရေးမှာ အထောက်အကူပြုမှာ အမှန်ပါ။ အခုရောက်နေတဲ့အရပ်မှာတော့ မယ်ဇလီ အပင်၊ အပွင့်၊ အဖူး၊ မူးလို့တောင်ရှူစရာမရှိပါ။ မမူးတတ်လို့တော့ တော်သေးတယ်။

မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလက တန်ဆောင်မုန်းလပြည့်နေ့မှာ ကျန်းမာရေးနဲ့ပတ်သက်တာဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ သာမညဖလသုတ်ဟောခဲ့ရတဲ့ကြောင်းက အဇာတသတ်မင်းသားပါ။ သူ့မှာ ကံကြီးထိုက်ပြီး အိပ်မပျော်တဲ့ဝေဒနာ စွဲကပ်နေပါတယ်။ သမားတော်ကြီး ဇီဝကလှူထားတဲ့ ရာဇဂြိုဟ်မြို့အပြင် သရက်ဥယျာဉ်မှာပဲ ရဟန်းပြုခြင်းအကျိုးကို မြတ်စွာဘုးရားက ဟောကြားတော်မူခဲ့ပါတယ်။

ဇီဝကလိုတော်လှတဲ့သမားတော်က ကုမရတဲ့ ရောဂါကိုတရားတော်နဲ့ ပျောက်ကင်းစေခဲ့တယ်။ ကမ္မဌာန်းရိပ်သာတွေ ကမ္ဘာအနှံ့တည်ထောင်ခဲ့တဲ့ ဦးဂိုအင်ဂါလဲ ဆရာဝန်တွေက ပျောက်အောင်မလုပ်နိုင်တဲ့ဝေဒနာကို ဝိပဿနာရှုနည်းနဲ့  ကုစားနိုင်ခဲ့တယ်။

ကနေ့ခေတ်မှာ ကုမရတဲ့၊ အကုရခက်တဲ့ ရောဂါတွေများလှတယ်။ ကုထုံးနည်းနာတွေရှိပေမဲ့လဲ ကုန်ကျစရိတ်က များလွန်းတာတွေရှိတယ်။ ဆိုးဝါးပြင်းထံတဲ့ရောဂါတွေအကြောင်းမေးသူတိုင်းကို စိတ်ကိုအပြုသဘောဆောင်ပါ၊ ကံတရားလဲအားကိုးပါလို့ အမေး-အဖြေအဆုံးမှာ ရေးပေးပါတယ်။

ဆေးပါင်းခတဲ့လကစပြီး ဝေဒနာတွေကင်းပကြပါစေ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...