1990 Vs 2015 ၁၉၉ဝ ကထက်ပိုဆိုးတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ
၁၉၉ဝ ရွေးကောက်ပွဲဟာ ဖုတ်ပူမီးတိုက်ဆိုသလို ကျင်းပခဲ့ရတာပါ။ တော်လှန်ရေးကောင်စီ အာဏာသိမ်းတော့ ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ကတိကို မပေးမဖြစ်ပေးခဲ့ရတယ်။ ချက်ချင်းဆိုသလို နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေးတာ ၂၃၅ ပါတီရှိသွားတယ်။ NLD ပါတီဟာ ၂၇-၉-၁၉၈၈ မှာစဖွဲ့ပြီး ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲဝင်ရတာမို့ ပါတီသက်တမ်းက တနှစ်နဲ့ (၈) လသားပဲရှိသေးပါတယ်။ ၂၃၅ ပါတီထဲက ကျန်ရစ်တာ ဆယ်ဂဏန်းလောက်သာရှိပေမယ့် NLD ကတော့ အခုထိရှင်သန်တဲ့အပြင် အားပိုကောင်းလာတယ်။
ရွေးကောက်ပွဲမှာ အရွေးခံကြမယ့် NLD ကိုယ်စားလှယ်တွေရွေးတော့ ပြဿနာတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမလုပ်တာ ကြာနေလို့ ပါတီတွင်းအခက်အခဲက ရှိသင့်တာထက်ပိုပြီး ကြီးကျယ်သလိုမြင်ကြတယ်။ အခုရွေးကောက်ပွဲမှာလည်းရှိတာ မဆန်းပါ။ ၁၉၉ဝ NLD ဟာ ပါတီတွင်းမှာ များသောအားဖြင့် သူ့ကိုယ်မသိ ကိုယ့်သူမသိလို့ပြောရပါမယ်။ ပိုဆိုးတာက ပါတီခေါင်းဆောင်းနှစ်ဦးကို နေအိမ်အကျယ်ချုပ်ချထားချိန်မှာ ပါတီကို ကျန်ခေါင်းဆောင်တွေကဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲကိုဝင်ရတာဖြစ်တယ်။ အဲဒီကာလမှာ ဗဟိုဦးစီးမှုဆိုတဲ့အသုံးက ပါတီတွင်းမှာ ခေတ်စားပါတယ်။ ၂ဝ၁၂ မှာတော့ မတူတော့ပါ။ ၂ဝ၁၅ မှာ NLD ဟာ ပုံမှန်နိုင်ငံရေးပါတီအသွင်ဖက်ကို ပိုနီးစပ်လာပါတယ်။
မဲဆွယ်ကာလတွေကတော့ ၁၉၉ဝ နဲ့ ၂ဝ၁၅ အတော်မတူပါ။ ၁၉၉ဝ တုံးက လွတ်လပ်တယ်လို့ သတ်မှတ်နိုင်တာတော့ မှန်ပေမယ့် စည်းရုံးရေးကာလအတွင်း တင်းကြပ်မှုတွေရှိတယ်။ လူ ၅ဝ ထက်မပို၊ အမိုးအကာတခုအောက်မှာသာ စုဝေးခွင့်ပေးပါတယ်။ ကွင်းကျယ်ကျယ်မှာ မဲဆွယ်ဘို့ရာ ၂ ကြိမ်တည်းသာခွင့်ပေးတယ်။ အနုပညာသည်တွေဆိုတာ မပါနိုင်သလောက်ပါ။ ဖေ့စ်ဘွတ်အပါအဝင် ဆိုရှယ်မီဒီယာ မရှိပါ။ စာနယ်ဇင်းတခုလုံး၊ မီဒီယာအကုန်က အစိုးရလက်ထဲမှာသာ ဆုပ်ကိုင်ထားတယ်။ န/သ ခေါ်တဲ့ ပုံနှိပ်စာထုတ်ဝေခွင့်နဲ့ ချုပ်ထိန်းထားတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းသာသာလောက်ပဲ NLD ကထုတ်ဝေနိုင်ခဲ့တာပါ။ စည်းရုံးရေးမှူးတွေမှာ အတော်လက်ဝင်ကြပါတယ်။ ဖိုတိုကော်ပီဆိုင်တွေ အပိတ်ခံကြရ၊ အဖမ်းခံကြရတယ်။
မဲစာရင်းဆိုတာ ၁၉၉ဝ မှာ ပြဿနာဖြစ်စရာ မဟုတ်ခဲ့ပါ။ ကြော်ညာသင်ပုန်းကပ်တဲ့နေရာမှာ ကပ်တယ်။ အသံချဲ့စက်နဲ့ အော်ပေးတယ်။ လွဲတာမှားတာ ပုံမှန်သဘောထက်မပိုပါ။ ၂ဝ၁ဝ မှာ ကြိုတင်မဲကိစ္စ ကြားမကောင်း ကြားမကောင်းအောင် ဖြစ်တော့ ၁၉၉ဝ တုံးက ပုလဲမှာ လုံခြုံရေးအတွက် တောင်ပေါ်ဒေသတွေကိုသွားကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြိုတင်မဲ ပေးမသွားရတာကို ကျွန်တော်က မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကို ကွန်ပလိမ့် လုပ်တာကို အမှတ်ရမိတယ်။ သူကဘာတခုမှ ဖြေရှင်းမပေးပဲ ဘုကြည့်သာပြန်ကြည့်တယ်။ သူကအထွေထွေအုပ်ချုပ်ရေးမှူး။ မဲရုံတာဝန်ပေးခံရသူတွေက အစိုးရဝန်ထမ်းတွေ။ တချို့က (မဆလ) တချို့က NLD နဲ့ တချို့ကိုတော့ အကဲခတ်မရပါ။ သိလည်း မသိချင်ပါ။ အခုလည်း ၂ဝ၁၅ နိုဝင်္ဘာ (၈) ရက်နေ့မှာ ထိုနည်းတူ ဤနည်းလည်းကောင်းလာပါလိမ့်မယ်။
ပြည်ပမှာနေရင်း နိုင်ငံရေးလုပ်ရတာထဲမှာ တခုကတော့ ၁၉၉၃-၉၄ လောက်ကတည်း လော်ဘီလို့ ခေါ်တဲ့ အလုပ်ကို အပတ်တကုပ်လုပ်ခဲ့တာပါ။ နိုင်ငံတကာလွှတ်တော်များသမဂ္ဂအစည်းအဝေးတွေကိုတက်ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲက ထောင်ကျနေတဲ့ အကျဉ်းသားအမတ်စားရင်း လုပ်ထားရတယ်။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုး-အလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲကိန်းဂဏန်းတွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်တော့တာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင် ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။
အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ SNLD ၂၃ နေရာ၊ ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။
ရွေးကောက်ပွဲမှာ တရားဝင်အနိုင်ရပေမယ့် လွှတ်တော်မခေါ်၊ အာဏာမလွဲတော့ NLD ကနေ အမျိုးမျိုးကြိုးစားပါတယ်။ ၁၉၉ဝ ဇူလိုင်လ ၂၈-၂၉ မှာ ဂန္ဒီခန်းမ အစည်းအဝေးကြီးက သမိုင်းတွင်ပါတယ်။ စက်တင်္ဘာလအကုန်မှာ လွှတ်တော် ခေါ်ပေးဘို့တောင်းဆိုတယ်။ ကျွန်တော်တို့ကြေညာချက် မထွက်ခင်ကလေးမှ (နဝတ) ကနေ ၁/၉ဝ ကို အလောသုံးဆယ် ထုတ်ပြန်ပြီးတားမြစ်လိုက်တယ်။ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ ကြောညာခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် လူလတ်ပိုင်းတွေက အစည်းအဝေးတွေ နေရာအမျိုးမျိုးမှာ လုပ်ပြီး စင်ပြိုင်အစိုးရဖွဲ့ဘို့ စီစဉ်ကြတယ်။ ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့ဖြစ်ပါတယ်။
၁၉၉ဝ နဲ့ ၂ဝ၁၅ နောက်ထပ် ကွာခြားချက်ကြီးတခုရှိပါတယ်။ ၁၉၉ဝ တုံးက အုပ်ချုပ်နေတာက စစ်အစိုးရ။ ပြိုင်ကြတာက NLD နဲ့ (မဆလ)။ အခုတော့ အုပ်ချုပ်နေတာကလည်း ပြည်ခိုင်ဖြိုး၊ NLD နဲ့ပြိုင်ရတာကလည်း ပြည်ခိုင်ဖြိုးဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်းသမိုင်းကို ပြန်ပြီးဆန်းစစ်ရင် စစ်တပ်ဟာ (မဆလ) ကို အာဏာမသိမ်းခင် ဗဟိုဘဏ်ကနေ ငွေတွေထုတ်ခွင့်ပေးတာ၊ (မဆလ) ပိုင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေဆက်ခံခွင့်ပေးတာ၊ မဲစည်းရုံးရာမှာ ဘာတခုမှ အပြစ်မလုပ်ပဲနေတာသာရှိတယ်လို့ ပြောရပါမယ်။ (မဆလ) အတွက် စစ်တပ်ကနေ မဲဆွယ်မပေးခဲ့ပါ။
အခုတော့ အာဏာဆက်ရချင်နေတဲ့ပါတီနဲ့ အစိုးရကအတူတူဖြစ်နေတာအပြင် အဆိုးဆုံးလို့ပြောနိုင်တာက ရွေးကောက်ပွဲကော်မရှင်။ ထပ်ပြီးပိုပြီးအဆိုးကိုကဲစေတာက တပ်မတော်ကနေ တပ်မတော်ပိုင် ရင်းမြစ်တွေသုံးပြီး ပြည်ခိုင်ဖြိုးအတွက် မဲလိုက်ဆွယ်ပေးနေတယ်။ တပ်သားတွေကိုလည်း လူမသိအောင် ပြည်ခိုင်ဖြိုးကိုသာမဲထည့်ဘို့ အမိန့်ပေးနေတယ်လို့ လူတွေကယုံကြည်ရတယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်နေတယ်။ အစိုးရကလည်း အစိုးရ ဝန်ထမ်းတွေကို တဖက်လှည့်နဲ့ ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်ခိုင်းတယ်။ မဲမထည့်ရင် ရာထူးနေရာနဲ့ခြိမ်းခြောက်နေတယ်။ တိုင်ပြည်ဘဏ္ဍာငွေကိုသုံးပြီး ထူထောင်လည်ပတ်နေတဲ့ အစိုးရပိုင်မီဒီယာအကြီးစားကြီးတွေကိုလည်း ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ဘို့မှာ အသုံးချနေတယ်။ အဲဒီအချက်ကြီးတွေက ၂ဝ၁၅ ဟာ ၁၉၉ဝ ထက်ပိုဆိုးတာတွေ၊ တရားမမျှတာတာတွေ ဖြစ်ပါတယ်။ အဆိုးကမ်းကုန်နေပါတော့တယ်။
၂ဝ၁၅ ရလဒ်ကို ဘယ်လိုလာမလည်းဆိုတာ ဘယ်သူကမှမှန်အောင်မပြောနိုင်ပါ။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ မျက်မြင်ကိုယ်တွေ့တွေဟာ ရလဒ်အမှန်ကိုဆက်လက်သယ်ဆောင်လိမ့်မယ်လို့ ထင်မှတ်တွက်ဆချက်မှာ အာမခံချက်မရှိ ဖြစ်နေတယ်။ စစ်အစိုးရတက်ကတည်းက လူ့အသက်တောင်မှ အာမခံချက်မရှိတဲ့ဘဝဖြစ်နေတာက မပြောင်းလဲသေးလို့ ကိန်းဂဏန်းမှာလည်း အာမခံချက်မရှိတာ ဖြစ်ပါတယ်။ စစ်တပ်ကို ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် ဗီတိုအာဏာပေးထားသလို၊ ကော်မရှင်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တချက်လွှတ်အာဏာ အပ်နှင်းထားတယ်။
ပြည်သူလူထုအဖို့မှာ ရှုံးစရာလည်းထူးမရှိ၊ ဆုံးစရာလည်းမကျန်တော့တာမို့ မျှော်လင်ချက်ဆိုတဲ့တွန်းအား၊ စစ်မှန်တဲ့ အပြောင်းအလဲဆိုတဲ့ ဆွဲအားတွေသာရှိပါတယ်။ ကံတရားကိုလည်း နှစ်နှစ်ကာကာယုံကြည်ကြလို့ မြန်မာပြည်ကြီး ကံကောင်းပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment