Eggplant (2) ခရမ်းသီး (၂)
Eggplant ခရမ်းသီးမှာ မှတ်ချက်တွေရေးသူတွေကို ကျေးဇူးတင်ပါတယ်။ ဖတ်ပြီး ထပ်ဖြည့်ပါရစေ။ နောက်ခံသတင်းအရ ခရမ်းသီးတောင် မစားချင်အောင်ဖြစ်ရသူလည်း တွေ့တယ်။ ကျွန်တော်က ခရမ်းသီးဟင်းကို အလွန်ကြိုက်ပါတယ်။ ခရမ်းသီး ကောင်းမကောင်းလည်းသိတယ်။
ခရမ်းသီးအမျိုးမျိုးရှိတယ်။ အစိမ်းနုရောင်နဲ့ အစိမ်းနဲ့အဖြူကွက်ကြား အမျိုးအစားတွေက ပိုစားကောင်းပါတယ်။ မုံရွာဈေးမှာ ချင်းတွင်းမြစ်မြေနုကျွန်းတွေကခရမ်းသီး အတော်နာမည်ကြီးတယ်။ ဘုတလင်ဆိုရင် စည်ပါခရမ်းသီး အလွန်ကိုကောင်းတယ်။ ပုလဲမှာလည်း ခရမ်းသီးအလွန်ပေါတယ်။ ဆားလင်းကြီးနယ် ရွှေသမင်ကလည်း ပေါပေါများများ ထွက်တယ်။ ခရမ်းအကြွပ်သီးလေးတွေက တို့စားကြတာများတယ်။ ခရမ်းကဆော့သီးလည်း တို့စား၊ ထောင်းစား။ ဒေလီမှာနေရတုံးက ခရမ်းခါးသီးကို နယ်စပ်ကနေ တကူးတကမှာယူမှသာရတယ်။
ခရမ်းသီးကို အင်္ဂလိပ်လို Eggplant နဲ့ Aubergine လို့ခေါ်တယ်။ ဒါ့ပြင် Melongene လို့လည်းခေါ်တယ်။ Garden egg နဲ့ Guinea squash လို့ပါခေါ်သေးတယ်။ ဘူမိဗေဒလို Solanum melongena ခေါ်တယ်။ တကမ္ဘာလုံးမှာ ဧကပေါင်း ၄ သန်းစိုက်ပျိုးတယ်။ တရုပ်ပြည်က ၅၈% အများဆုံး ထွက်တယ်။ အိန္ဒိယက ၂၅% ထွက်တယ်။
စွယ်စုံကျမ်းထဲမှာ ခရမ်းရှည်၊ ခရမ်းပု၊ ခရမ်းအငယ်စား၊ ခရမ်းကြွ့ပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းကဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ်ခရမ်း၊ လသာခရမ်း၊ ဆင်စွယ်ခရမ်းလို့ဖတ်ရပါတယ်။
ခရမ်းသီးအစိမ်း 100 g (3.5 oz) ရဲ့အာဟာရတန်ဘိုး
• အင်နာဂျီ 104 kJ (25 kcal)
• ကာဗွန်ဟိုက်ဒရိတ် 5.88 g
• သကြား 3.53 g
• ဖိုက်ဘာ 3 g
• အဆီ 0.18 g
• ပရိုတင်း 0.98 g
• ဗီတာမင် ဘီ ၁ (3%) 0.039 mg
• ဗီတာမင် ဘီ ၂ (3%) 0.037 mg
• ဗီတာမင် ဘီ ၃ (4%) 0.649 mg
• ဗီတာမင် ဘီ ၅ (6%) 0.281 mg
• ဗီတာမင် ဘီ ၆ (6%) 0.084 mg
• ဗီတာမင် ဘီ ၉ (6%) 22 μg
• ဗီတာမင် စီ (3%) 2.2 mg
• ဗီတာမင် အီး (2%) 0.3 mg
• ဗီတာမင် ကေ (3%) 3.5 μg
• ကယ်လ်စီယမ် (1%) 9 mg
• သံဓါတ် (2%) 0.23 mg
• မက်ဂနီဆီယမ် (4%) 14 mg
• မင်းဂနီးစ် (11%) 0.232 mg
• ဖေါးဖါးရပ်စ် (3%) 24 mg
• ပိုတက်ဆီယမ် (5%) 229 mg
• သွပ်ဓါတ် 0.16 mg (2%)
ကျွန်တော်ကတော့ဗျာ ငယ်ငယ်တုံးက အမေကနေ မြေအိုးလေးထဲမှာ အသားမပါ၊ ဆနွင်းဝါဝါ၊ ငါးပိလေးနဲ့သာနှပ်တဲ့ ခရမ်းသီးနှပ်ချက်ကျွေးတာကို သတိရနေတုံးပါ။
ကျွန်တော်တို့ သူငယ်တန်းတုံးက မြန်မာစာသင်ပုန်းကြီးမှာ က ကညစ်ပေမှာခြစ်၊ ခ ခရမ်းသီး ဓါးနဲ့လှီးလို့ပါတယ်။ ခါးရမ်းသီးလို့ မပေါင်းတော့ပါ။ နောင်ဆိုရင် ရမ်းသီးလို့ပဲပေါင်းကြတော့မလား မပြောတတ်ပါ။ (မှတ်ချက်။ ခလေးလို့ ရေးတာ မှားတယ်။ ခါးရမ်းသီးလို့ရေးတာ ရှေးကျတယ်။)
နိမိတ်လားတော့ မသိပါ။ ခါးရမ်းသီးလို့နာမည်ရစေခဲ့တဲ့ နရသီဟပတေ့မင်းဟာ ပုဂံမင်းဆက်ထဲမှာ နောက်ဆုံးမင်း ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၅

Comments
Post a Comment