မုံရွာ ဗိုလ်ချုပ်ကြေးရုပ်

၁၉၉၀ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ကျွန်တော့်ကို စင်ပြိုင်အစိုးရဖွဲ့ရေးလုပ်လို့ မုံရွာအခြေစိုက် စစ်ထောက်လှမ်းရးတွေကနေ ပုလဲနေအိမ်ကို လာဖမ်းတယ်။ ကျွန်တော်က ပုန်းရှောင်နိုင်ခဲ့ပြီး အိန္ဒိယထိထွက်ပြေးရတယ်။ ဒေါ်မြမြအေးနဲ့ အမျိုးတွေကိုတော့ ဖမ်းဆီးစစ်ဆေးတယ်။ မုံရွာမှာ။

ဒေါ်မြမြအေးကို မုံရွာထောင်ကနေ ရုံးထုတ်တော့ (၃၈ဝ) လို့ရေးထားတဲ့ စာရွက်တခုကို အကိုင်ခိုင်းသတဲ့။ ဘာလဲ မသိဘူး။ ကိုယ်ပိုင်နံပါတ်လားပေါ့။ ရှေ့နေကပြောမှ အဲဒါ ခိုးမှုတဲ့။ ဟာ ဘာခိုးလို့လဲ။ စက်ဘီးတဲ့။ သားသမီးနဲ့ ကူတဲ့သူတွေကလဲများတော့ အိမ်မှာ စက်ဘီးဘယ်နှစ်စီးရှိလဲတောင် ကျွန်တော်မသိပါ။

နောက်တခေါက် ရုံးထုတ်တော့ (၆/၁) ရော ပါပြန်သတဲ့။ ဟာ ဘယ်ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစားလို့လဲ။ ထောက်လှမ်းရေးဆိုသူက ဘုတလင်က ရေစုပ်စက်၊ နောက်ထပ်ဘာမှ မမေးနဲ့တော့။ ဒါဘဲတဲ့။ အမျိုးတွေကနေ စက်ဘီးအခိုးခံရသူ၊ ရေစုပ်စက်ပျောက်သူလို့ဆိုတာ လိုက်မေးတော့ ဘယ်မှာရှာမတွေ့ကြပါ။

ထောင်ထဲမှာ ခိုးတာရော ပြည်သူပိုင်ပစ္စည်းဆိုတာပါ ဘာတခွန်းမှ မမေးပါ။ ကျွန်တော် ဘယ်လိုဘယ်ပုံထွက်ပြေးသလဲ။ ဘယ်သူတွေက ကူညီသလဲသာ မေးတယ်။ မေးဘို့ရာ၊ စစ်ဘို့ရာ ညဥ့်နက်သန်းခေါင်မှာ ခေါ်တယ်။ အရပ်ဝတ်နဲ့ ရဲလား၊ ဘာလား၊ မိန်းမတယောက်တော့ရှိပါရဲ့၊ သူများတွေက ဘာထင်ကြမလဲ။ အဲဒီတုံးက အသက် (၄ဝ) ဝန်းကျင်လောက်၊ အရွယ်ရှိပါသေးတယ် ပြောရမလား။ ဒီအမျိုးသမီး ညကြီးသန်းခေါင် တယောက်ထဲ ခေါ်ခေါ်ထုတ်သွားတယ်၊ ဘာလဲ။ တွေးစေဘို့ တမင်တကာ လုပ်ကြံတာပေါ့။

ဆရာဝန်ကတော်ကို ထားတော့လဲ အိတ်ခ်ျအိုင်ဗွီရှိလောက်မဲ့ ကိုယ်ခန္ဓာရောင်းစားရရှာသူတွေနဲ့ တွဲထားတယ်။ ထောင်ထဲမှာ အဲဒီမိန်းကလေးတွေက အမကြီးက ဘယ်ရပ်ကွက်ကလဲတဲ့။ အန်တီကို ခေါင်းဘဲ ထင်ကြတယ်။

တလလောက်ကြာတော့ မန္တလေးအိုဘိုထောင်ကြိုက်လား၊ အင်းစိန်ထောင်ကြိုက်လား။ အဲဒီမှာ ခင်များတို့လို နိုင်ငံရေးသမားတွေ အများကြီးရှိတယ်တဲ့။ လွှတ်မဲ့သူရဲ့စိတ်ကို နှိပ်စက်တာ။ ကားကိုလှည့်ပတ်မောင်းပြီး၊ မုံရွာမြို့လည်ခေါင် ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကားပေါ်ကအဆင်းခိုင်းတယ်။ ထောင်ထဲမှာ တလနီးပါး ဝတ်စားထားရတဲ့ ဟောင်းနွမ်း ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ လူရုပ်ကို သူများတွေ အမြင်မခံချင်တာမို့ ရတနာပုံရပ်ကနေအိမ်အထိ အပို့ခိုင်းရတယ်။

ကနေ့မြင်ရတဲ့ မုံရွာ ဗိုလ်ချုပ်ကြေးရုပ်နားကမြင်ကွင်းမျိုး ဖြစ်ပေါ်လာအောင် လူတွေ ထောင်းပေါင်းများစွာ အနစ်နာခံကြရ အသက်တွေ ဘဝပေးခဲ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၁၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး