One-sided Story အပြောခံတဲ့သူပဲပြော

မေးတဲ့အရေအတွက်က လျှော့ကျတယ်မရှိ။ သတ်ပုံအမှားတွေလည်း နည်းလာတယ်လို့ မထင်ပါ။ မေးနည်းစည်းကမ်းကို တနေ့မှာ အခါ (၂ဝ) လောက် ပို့ပေးရတယ်။ အသက်-မ-ကျား မပြောလိုသူကဆို ပိုတောင် များလာသလားမသိပါ။ အချိန်မကုန်သင့်ပဲကုန်တာအပြင် အဲလိုလေးရေးတိုင်း ဆရာသည်းခံပေးပါ၊ ဆရာဝန်ဆိုတာစိတ်ရှည်ရတယ်လို့ ဆုံးမသူတွေက ပေါ်လာစမြဲ။

နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ်ကာလတွေမှာ ပြောကြတယ်။ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ သည်ဖက်ကလည်း နည်းနည်းလျှော့ ဒိုင်ယာလော့လို့ မြန်မာပြည်ပေါက်ပညာရှင်တွေက ပြောကြတယ်။ အဖြူပညာရှင်တွေကတော့ ဒေါ်စုက ခေါင်းမာတယ်တဲ့။ စစ်တပ်ကိုတော့ ထားပါတော့တဲ့။

အသက်-ကျား-မ မပြောလိုသူတွေက သူများကို ပိုဝေဘန်ကြသလား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

H mole စပျစ်သီးကိုယ်ဝန်

ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ် ပြောပါတယ်ဆရာ။ ဘာအန္တရာယ်ရှိနိုင်တယ်၊ ဘာတွေရှောင်ရှားသင့်တယ်၊ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင်။

ဆရာ သမီးအသက်က ၃ဝ ပါ။ သားဦးကိုယ်ဝန်သွေးဆင်းတာနဲ့ ပက်သတ်ပြီး ဆရာ့ကိုမေးဖူးပါတယ်။ ခုကိုယ်ဝန်က h mole စပျစ်သီးသန္ဓေဆိုပြီး သားအိမ်ခြစ်ထားတာ တပတ်လောက်ရှိပါပြီဆရာ။ ဒါပေမယ့် သွေးတွေတအားဆင်းလာလို့ og ပြန်သွားပြတော့ နှစ်ပတ်လောက်ဖြစ်တတ်တယ်ဆိုပြီးပဲ ပြောလာပါတယ်ရှင့်။ ခုသမီးက ဘာမှမစားနိုင်ပဲ စားရင်လဲ ပြန်အန်နေပါတယ်ဆရာ။ မရိုမသေ ခုညက သွေးတွေအရမ်းဆင်းနေပြီး သွေးခဲသွေးတုံးတွေပါ ပါလာလို့ စိုးရိမ်ရသလား သိချင်လို့ပါရှင်။ ဆောင်ရန်ရှောင်ရန်လေးနဲ့ တကွဖြေကြားပေးပါရှင့်။

ဆောရီး။ အရင်မေးခွန်းကိုလည်း အခုမှသာတွေ့တယ်။ ဆင်းစရာမကုန်သေးတာဖြစ်ပါမယ်။ ကုန်အောင်ဆင်းမယ်။ လိုအပ်ရပ် ထပ်ခြစ်ရတယ်။ Hydatidiform mole (H mole) စပျစ်သီးကိုယ်ဝန်ကို Molar pregnancy မိုလုလို့လည်း ခေါ်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း သွေး အနီ-အညို ဆင်းမယ်။ ပျို့အန်တာများမယ်။ ဆင်းတာထဲမှာ စပျစ်သီးလိုဟာတွေပါမယ်။ သားအိမ်က ကြီးသင့်တာထက် ပိုကြီးနိုင်တယ်။ သွေးဖိအား များနေနိုင်တယ်။ ပျက်မှာ ၁ဝဝ% သေချာတယ်။

ဘာလို့ဖြစ်သလဲ
ကံတရားလို့သာ စပြောရမယ်။ လူ့ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်း ၂၃ စုံစီပါတယ်။ အခုလိုကိုယ်ဝန်ဆိုတာ အဲတာမူမမှန်လို့ ဖြစ်ရတယ်။ သန္ဓေဖြစ်ရင် မိခင်ဆီက ၂၃ ခုနဲ့ ဖခင်စီက ၂၃ ခုလာပေါင်းရမယ်။ အပြည့်အစုံ မိုလာကိုယ်ဝန်ဆိုရင် ဖခင်ဆီက ချည်းသာလာလို့ဖြစ်တယ်။ တဝက်တပျက်လည်းဖြစ်နိုင်တယ်။ ဖခင်ဆီက အပြည့်အစုံလာပေါင်းလို့ ၂၃ + ၂၃ + ၂၃ = ၆၉ ခုဖြစ်နေမယ်။

ကိုယ်ဝန် ၁ဝဝဝ တိုင်းမှာ ၁ ယောက်အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်အထက်တွေမှာပိုဖြစ်တယ်။ အသက် ၂ဝ အောက်တွေမှာလည်း များနိုင်တယ်။ HCG ခေါ်တဲ့ ကိုယ်ဝန်ဟော်မုန်း ရှိသင့်တာထက်ပိုများနေမယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်တယ်ဆိုတာ အဲတာကိုစမ်းရတာ ဖြစ်ပါတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ရင် D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ သိပ်ရှားရှားပါးပါး Hysterectomy သားအိမ်ထုတ်ရတယ်။ အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။

သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။ ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို CT ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် ရင်ပတ် ဓါတ်မှန်ရိုက်မယ်။ လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါပေးတယ်။ စပျစ်သီးကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁-၂% က နောက်ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်တယ်။

သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁

Library Culture စာကြည့်တိုက် ယဉ်ကျေးမှု

ရောက်တဲ့အရပ်မှာ စာကြည့်တိုက်ကို စူးစမ်းမိလာတာ အခုနေရာရောက်မှပါ။ အိန္ဒိယမှာတုန်းက ထူးထူးခြားခြား သတိမထားမိခဲ့ပါ။ ရောက်ရောက်ခြင်း နေအိမ်မှာ အင်တာနက်နဲ့ ဝိုင်ဖိုင်မရသေးခင် အိမ်နားက စာကြည့်တိုက်ကိုသာ တလလောက်ကြာ နေ့တိုင်းသွား အားကိုးခဲ့တဲ့ကျေးဇူးကကြီးတယ်။

မြန်မာပြည်မှာ ငယ်ငယ်လေးတုန်းက မုံရွာမြို့ အလုံလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်း လမ်းဆုံနေရာမှာ အစိုးရက ဖွင့်ထားတဲ့စာကြည့်တိုက်ကို ခဏခဏရောက်တယ်။ ဘာစာအုပ်မှတော့ မငှားဖူးပါ။ သတင်းစာတွေကိုသာ လှန်လှောကြည့်ဖြစ်တယ်။ အဲတာလည်း သွားတာပဲ။

ကျွန်တော့်ဇာတိမင်းရွာမှာ ကျွန်တော်ရဟန်းခံထားတဲ့ဦးဇင်းလေးကနေ စာကြည့်တိုက်လေး ဖွင့်ပေးထားတယ်လို့ တယောက်ကနေလှမ်းအသိပေးလို့ ဝမ်းသာရတယ်။ ကနေ့ အင်ဒီယာနာပလစ်မှာရှိတဲ့ ကွန်မြူနတီကောလိပ်ကို ရောက်တော့လည်း စာကြည့်တိုက်ကို သဘောကျခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Baby Gender Test ကလေး ကျား-မ သွေးစမ်းသိနိုင်

ဆရာရှင့် သမီးသိချင်တာလေးရှိလို့ပါရှင့်။ သူငယ်ချင်းတယောက် ကိုယ်ဝန်ဆောင်တာ ၁၂ ပတ်ပဲရှိသေးတယ်။ ဒါပေမဲ့ ယောကျာ်းလေး မိန်းကလေး သိရပြီဆိုလို့ပါ။ သူကတော့ သွေးစစ်ပြီး သိတာလို့ ပြောပါတယ်။ အာထရာဆောင်းမှာတော့ ကလေးက အရမ်းသေးနေသေးလို့ မပေါ်သေးဘူတဲ့။ အဲဒီလို သွေးစစ်ကြည့်ချင်တာ ဘယ်လိုပြောရလဲ မသိလို့ပါဆရာ။ အဲဒီသွေးစစ်လို့သိတဲ့ အဖြေကရော ရာနှုန်းပြည့် မှန်နိုင်သလားဆရာ။ လေးစားစွာဖြင့့်

ဗိုက်ထဲကကလေး ကျား-မခွဲခြားဘို့ရာ အလွယ်ဆုံးနည်းကတော့ အာလ်ထွာဆောင်းရိုက်တာဖြစ်ပါတယ်။ ကိုယ်ဝန် ၁၅ ပတ်နဲ့ ၂၅ ပတ်မှာရိုက်တယ်။ Level 3 ultrasound ရိုက်ရင် ၁၂ ပတ်နဲ့သိနိုင်ပါမယ်။ Amniocentesis ရေမြွာရည်စုပ်ယူ စစ်ဆေးနည်းကို အသက် ၃၅ နှစ်ကျော်ကိုယ်ဝန်ဆောင်တွေကိုလုပ်ရတာများတယ်။ မွေးရာပါကလေး ချို့ယွင်းချကိကု သိချင်လို့သာ ဖြစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။ Chorionic Villus Sampling (CVS) နည်းလည်း ရှိတယ်။ Cystic fibrosis နဲ့ Downs syndrome ဆိုတဲ့ မွေးရာပါရောဂါ သိဘို့စစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။

ကျား-မ စောစောသိနိုင်တဲ့နည်း
မိခင်လောင်းသွေးထဲမှာရှိနေတဲ့ DNA from fetal cells ကိုစမ်းသပ်တာဖြစ်တယ်။ တိတိကျကျဆိုရင် Y chromosome-specific DNA ကိုရှာတာဖြစ်တယ်။ တွေ့ရင် ယောက်ျားလေးဖြစ်မယ်။ မတွေ့ရင် မိန်းကလေးမွေးမယ်။ ကိုယ်ဝန် (၁ဝ) ပတ်ရှိရင် သိနိုင်ပါပြီ။ Non-Invasive Prenatal Baby Gender Test လို့ခေါ်တယ်။ မိခင်လောင်းရဲ့သွေးကိုစမ်းပြီး ကလေး ကျား-မ ခွဲခြားနည်းဖြစ်ပါတယ်။ အဖြေရဘို့ အလုပ်လုပ်ရက် (၇) ရက်သာ လိုမယ်။ ဈေးကြီးသေးတယ်။ အမေရိကားမှာ $290 ပေးရတယ်။ (၇) ပတ်ကတည်းကနေသိမယ်လို့လည်း အွန်လိုင်းမှာဖတ်ရတယ်။

Free Cell DNA စစ်နည်းလို့လည်းခေါ်တယ်။ သိနိုင်တာတွေများပါတယ်။ Paternity မိဘစစ် မစစ်၊ Rh blood group typing သွေးအုပ်စု၊ Baby's gender လိင်၊ Hemophilia သွေးရောဂါ ရှိ မရှိ၊ Duchennes muscular dystrophy ရောဂါ ရှိ မရှိ၊ Congenital adrenal hyperplasia ရောဂါ ရှိ မရှိ၊

CVS နည်းကို ၁ဝ-၁၃ ပတ်မှာစမ်းနိုင်ပြီး ၁ဝဝ% ကျား-မ ခွဲပေးနိုင်တယ်။ Amniocentesis နည်းကို ၁၄-၂၄ ပတ်မှာ စမ်းနိုင်ပြီး ၁ဝဝ% ကျား-မ ခွဲပေးနိုင်တယ်။ Free Cell DNA နည်းကို (၇) ပတ်မှာလုပ်နိုင်တယ်။ ယောက်ျားလေး ၉၅့၎% နဲ့ မိန်းကလေး ၉၈့၆% မှန်မယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Miscarriage အလိုလို ကိုယ်ဝန်ပျက်ခြင်း

(၁) ကျွန်မအသက် (၃၁) နှစ်ရှိပါပြီ။့ မှာ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်ကျတာ ၁ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကိုယ်ဝန် (၈) ပတ်မှာ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တာတွေ့ခဲ့ရသေးတယ်။ ကိုယ်ဝန် ၁၁ ပတ်မှာ Ultrasound ရိုက်ကြည့်ပြီး ကလေးကနှလုံးမခုန်တော့ဘူး။ miscarriage လို့ပြောပါတယ်။ သားဦးမို့ ကျွန်မရော အမျိုးသားပါ အရမ်းခံစားရပါတယ်။ နောက်တစ်ရက်မှာ သားအိမ်ခြစ်ပြီးပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ သားအိမ်ခြစ်ပြီး ရှောက်ရမည့်အချက် နောက်ကိုယ်ဝန်ထပ်ယူရန်ကြိုတင်ပြင်ဆင်မှုများကို သိပါရစေဆရာ။ နောက်ကိုယ်ဝန် ထပ်ယူရန် အချိန်ဘယ်လောက်စောင့်ပြီးမှ ယူရင်အသင့်တော်ဆုံးပါလဲ။ အားဆေးရှိရင်ပြောပြပေးပါဆရာ။ ဒေါင်းဆင်ဒရုန်း မဖြစ်အောင် miscarriage ထပ်မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။ ဘာတွေ ကြိုတင် ကာကွယ်ထားသင့်ပါသလဲ။

(၂) ပထမတစ်ကြိမ် Missed Abortion ဖြစ်ဖူးတော့ အခု ဒုတိယကိုယ်ဝန်က ၁၈ ပတ်ရှိပါပြီ။ အခုကိုယ်ဝန်ကိုလည်း ခဲမှန်ဖူးတဲ့စာသူငယ်လို ရင်တထိတ်ထိတ်နဲ့ လွယ်ထားရပါတယ်ရှင်။ အခုက ၁၈ ပတ်ဆိုတော့ သမီးစိုးရိမ်ရတဲ့ အခြေအနေက လွတ်မြောက်ပြီလို့ ယူဆလို့ရပါလားရှင်။

ကိုယ်ဝန်ပျက်တာကို Abortion (အဘောရှင်း) ဆိုပြီး အင်္ဂလိပ်လို သိပ်မတတ်သူတွေကပါ နားလည်ကြတယ်။ ကိုယ်ဝန်ပျက်တာတိုင်းက (အဘောရှင်း) မဟုတ်ပါ။ သူများနိုင်ငံမှာ အဲလိုသွားပြောမိရင် အထင်လွဲခံရမယ်။ ကိုယ်ဝန် ဖျက်ချတာကိုမှ (အဘောရှင်း) ခေါ်ရတယ်။

Miscarriage ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာမဟုတ်ပဲ သူ့အလိုလိုပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝအကြောင်းတရားတွေ ရှိတယ်။ အများဆုံးဖြစ်တာက သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန်မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။ အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင်မသိဘူး။ သုတေသနတခုအဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ်ဆိုတာတောင် ကိုယ်တိုင်မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့အခွင့်အလမ်း သိသိသာသာနည်းလာပါပြီ။ ထိခိုက်မှုဆိုတာ မတော်တဆထိခိုက်မှု (အတွေ့အကြုံအရ အားကစားသာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာ ထိခိုက်မှုနဲ့ စိတ်ဖိအားတွေဖြစ်တယ်။

ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ%။ ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကံတရားအားကိုးပါ။ အပြုသဘောဆောင်ပါ။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။ အနေအထိုင်အစားအသောက် ဆင်ခြင်ပါ။ ကိုယ်ဝန်အပ်ပါ။

ဒေါက်တာတင့်ဆွေ

The moon far away ည လ နဲ့ ပန်း

တမြန်နှစ်က ညဦးပိုင်း ၈ နာရီ ၄၂ မိနစ်အချိန်မှာ နေရောင်မပျောက်သေးပါ။ ကောင်းကင်ပြာမှာ ပေါ်နေတဲ့ လကို အိမ်ခန်းဘေးက ပန်းပင်နဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ ခေါင်မိုးအစွန်းလေးပေါ်နေတဲ့ အိမ်အောက်ဆုံးထပ်မှာ ကျွန်တော်ငှားနေပါတယ်။ ဒီမရောက်ခင် အမေရိကမှာ အိမ်ဝယ်ထားတယ်လို့ အတိုင်ခံရတယ်။ ပြည်ပနိုင်ငံရေးမှာ ဘရူးတပ်စ်တွေက များတယ်။

ပန်းပင်နာမည် မသိပါ။ အဆုပ်လိုက်အဖြူရောင်ပန်းတွေက ပွင့်ကာစမှာ မြန်မာပြည်က ကရမက်ပန်းကို လွမ်းစေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Breast-feeding cuts moms risk of breast cancer

ဆရာရှင့် သမီးအသက်က ၂၃ ပါ ကလေးမွေထားတာ ၃ လရှိပါပြီ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါသည်။ သမီးရင်သားမှာ အကျိတ်အဖု စမ်းမိတာ ၁၅ ရက်လောက်ရှိပါပြီ။ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးသူလည်း မရှိပါဘူးရှင့်။ သမီးအကျိတ်က ကင်ဆာကျိတ်ဖြစ်နိုင်ပါသလားဆရာ။

ကလေးနို့တိုက်ချိန်မှာဖြစ်တာဆိုရင် နို့လမ်းပိတ်နေလို့ အခဲဖြစ်တာလား စစ်ရမယ်။ အကျိတ်သပ်သပ်မရှိပဲ ခဲနေမယ်။ နာမယ်။ နို့နာဖြစ်ဘို့ဦးတည်နေမယ်။ ကင်ဆာက အကျိတ်သပ်သပ်စမ်းလို့ရမယ်။ မနာပါ။ နို့တိုက်ပေးပါ။ လိုရင်ညှစ်ပေးပါ။ အပူကပ်ပေးပါ။ လိုသေးရင်မေးပါ။

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာက ယခုမြန်မာပြည်ထဲရှိပါသလားရှင်။ သမီး ဆရာနဲ့ပြချင်လို့ပါ။ နို့ထွက်အား အရမ်းကောင်းတယ်ဆရာ။ ခဲနေတဲ့နေရာရှိတာ နို့တိုက်လို့ လျော့သွားရင် မစမ်းမိတော့ဘူး။ အဲဒီအကျိတ်ကတော့ ညာဘက်ရင်သားအပေါ်ဘက်မှာ ရှိနေတာပါရှင့်။ ကင်ဆာကျိတ်ဖြစ်နိုင်ချေများလားဆရာ။ သမီးရဲ့ အချက်အလက်တွေနဲ့ဆိုရင်။

ဖြေတာထဲမှာ ပါတာကိုသာ ဖြစ်စေပါမယ်။ မဖြစ်လောက်ပါ။ ဆရာက တခြားတိုင်းပြည်မှာသာ နေရပါတယ်။

ဆရာ ရန်ကုန်ထဲမှာဆို ဘယ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါသလဲ သမီးက အနာတခြား ဆေးတစ်ခြားဖြစ်မှာလည်း ကြောက်မိတယ်။ ဆရာလမ်းညွှန်ပေးပါရှင့်။

ဆရာက မြန်မာပြည်ထဲက ဆရာဝန်-ဆေးရုံ-ဆေးခန်း-ဆေးဆိုင်တွေကို မသိပါ။ ဆောရီး။ ၂၈-၄-၂ဝ၁၅ နေ့ထုတ် San Francisco Chronicle သတင်းစာမှာ ဆေးပညာဆောင်းပါးတပုဒ်ပါတယ်။ နို့တိုက်မိခင်တွေမှာ ရင်သားကင်ဆာ အဖြစ်နည်းတယ်။ ကာလီဖိုးနီးယားမှာနေကြတဲ့ ကလေးအမေတွေကို လေ့လာမှုအသစ်လုပ်ပြီး အဲလို ရေးလိုက်တာပါ။

ရင်သားကင်ဆာလို့ ရောဂါနာမယ်တပ်ထားသူ အမျိုးသမီး ၁၆ဝဝ ရဲ့ဆေးမှတ်တမ်းတွေကို လေ့လာပါတယ်။ ကလေးကို နို့တိုက်ခဲ့သူတွေမှာ ၃၇% ပြန်ဖြစ်တဲ့နှုန်းနည်းတယ်လို့ တွေ့ရပါတယ်။ ကလေးကို အနည်းဆုံး ၆ လ နို့တိုက်ခဲ့သူတွေမှာ ဆေးကုသရာမှာလည်း ရလဒ်ပိုကောင်းကြတယ်။ သေဆုံးမှုမှာလည်း ၂၈% နည်းတယ်။ ဆရာဝန်တွေ ကောက်ချက်က (အီစထိုဂျင်) ဟော်မုန်းနည်းစေလို့ဖြစ်တယ်။

၈ဝ% မှာ ရင်သားကင်ဆာမျိုးခွဲ luminal A ဖြစ်ကြတယ်။ သက်သာမှုပိုရနိုင်တယ်။ ဟော်မုန်းပေးလို့ရတဲ့အမျိုးအစားလည်း ဖြစ်တယ်။ ဒီလေ့လာမှုမှာ တခြားကင်ဆာမျိုးခွဲတွေနဲ့တော့ ကလေးနို့တိုက်လို့ ပိုကောင်းတယ်၊ ဆိုးတယ်ဆိုတာ မတွေ့ပါ။
အမေရိကားမှာ ကလေးအမေ ၇၇% ကနို့တိုက်ကြတယ်။ ၁၉၇ဝ ကျော်နဲ့စာရင် နည်းလာနေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇
Photo: Amy Osborne, The Chronicle

Demography of American Motherhood အမေရိကန်မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။

ဒိအရင်လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများတယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။ အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင် ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။
• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။
• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။
• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။
• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမခင်ဖြစ်လာသူတွေထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။
• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။
• ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ်သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူမတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁၂

Clomifene မျိုးဥကြွေဆေး

၁။ သမီးနာမည့့် ပါ။ ပဲခူးတိုင့်း့ မြို့မှာနေပါတယ်။ အိမ်ထောင်သက်က တစ်နှစ်နဲ နှစ်လခွဲပါဆရာ။ အသက်က ၃၈ နှစ်ပါ။ ဆရာ မအားလပ်တဲ့ကြားကနေ စာချက်ချင်း ပြန်ပေးတဲ့အတွက်အထူးကျေးဇူးတင်လျက်ပါ။ 14/08/2014 မှာ သွေးစပေါ်ပါတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း 14/08/14 ညနေ 5:30 မှာ Fertomid 50 mg တစ်နေ့တစ်လုံး ငါးရက် ဆက်တိုက်ကိုသောက်ပါတယ်ဆရာ။ 24/08/14 နံနက်မှာ မမျိုးဥစမ်းတော့ နှစ်ကြောင်း ထင်းထင်းလေးကို ပေါ်ပါတယ်ဆရာ။ အဲဒါကြောင့် အရမ်းပျော်ခဲ့ရပါတယ်ဆရာ။ ဒါပေမယ့်ဆရာရယ် 10/09/14 ဒီနေ့မှာ သွေးပြန်ပေါ်နေလို့။ ကလေးမရမှာကို အရမ်းကြောက်နေပါတယ်ဆရာ။

၂။ ကျွန်မအသက်က ၂၄ ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ ကလေးက ၄ နှစ်ပါ။ တားဆေးမသောက်တော့တာ ၈ လ လောက်ရှိပြီ။ ဘာမှထူးမလာဘူး။ OG သွားပြဖို့ဆိုတာလည့်း့ မှာရောက်နေတော့ အဆင်မပြေပါဘူး။ မျိုးဥကြွေဆေး ဝယ်သောက်သင့်ပါသလား။ ဘယ်လိုဆေးမျိုးပါလဲ။ ဒီမှာဝယ်လို့ရနိုင်ပါ့မလား။

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene နာမည်တွေနဲ့ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။

အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ 50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လ ပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေရှိမယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ အမွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင်လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်းလည်း မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေထွက်ရာ (ဂလင်း) ကလည်း မှန်မှန်အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူဖြစ်ရပါမယ်။

သုတ်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုတ်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေးမမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။

ဒေါက်တာတင့်ဆွေ

Herbal Medicines ဟာဗယ်ဆေး မေးပြန်ပြီ

ဆရာခင်ဗျား။ Gingko ရွက်ဆေးကို စွဲပြီးသောက်လို့ရပါသလား။ ဘေးထွက်ဆိုးကျိုး တခုခုရှိနေနိုင်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

မေးတဲ့သူ ကျား-မ မသိပါ။ ရောဂါ မသိပါ။ ဘာအတွက်သောက်ချင်သလည်း မသိပါ။ ဒိအရင်ကလည်း ရောဂါတခုမေးလို့ ရောဂါအကြောင်းဆေးစာပို့လိုက်တယ်။ စာထဲမှာဆေးနည်းတွေပါတယ်။ ဒါပေမယ့် မေးခွန်းဆက်လာပါတယ်။ Fame က ထုတ်တဲ့ ginkgo ဆေး၊ lucky time ကထုတ်တဲ့ reishi ဆေးတွေသောက်လို့ ရလားတဲ့။ ဒါနဲ့ ကြော်ငြာဆေးဆိုရင် ဆရာဝန်တွေက မညွှန်ပါလို့ ဖြေလိုက်ပါတယ်။ ကျောင်းမှာဆရာမအချို့ အဲဒီဆေးတွေ သောက်နေတာတွေ့လို့ မေးကြည့်တာပါဆရာတဲ့။ ဟာဗယ်ဆေးကို ခဏခဏဖြေနေရတယ်။

ဆေးကြော်ငြာမှာ Ginkgo ဆိုတာ သစ်ပင်တွေကနေထုတ်တဲ့ဆေးဖြစ်တယ်။ အရွက်ကနေထုတ်တာများတယ်။ အစေ့ကနေလည်း ထုတ်တယ်။ မှတ်ဥာဏ်အားနည်းတဲ့ အယ်လ်ဇိုင်မားရောဂါကိုသုံးကြတယ်။ အသက်ကြီးသူတွေမှာ သွေးလှည့်ပတ်မှု နည်းတာအတွက်လည်း သုံးတယ်။ ခေါင်းကိုက်တာ၊ နားအူတာ၊ ခေါင်မူးတာ၊ အာရုံစိုက်မှုအားနည်းတာ၊ နားအကြား နည်းတာ၊ စိတ်ဓါတ်ကျတာ တွေအတွက်လည်းသုံးကြတယ်။ လိင်အားအတွက်လည်း ကြောငြာမှာ ရေးထားသေးတယ်။ မျက်စိရေတိမ်နဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါလည်းထည့်ရေးထားတယ်။ ပန်းနာလည်း ပါသေးတယ်။ အစေ့ထဲမှာ ဗက်တီးရီးယားကိုသေစေတဲ့ဓါတ်ပါနိုင်တယ်။ ဒါပေမယ့် ကြော်ငြာထဲမှာ အဲလိုရောဂါအတွက် ရေးထားတာမတွေ့ပါ။ ဘေးထွက်ဆိုးကျိုးက တက်တာနဲ့ သတိလစ်တာဖြစ်နိုင်တယ်။

Reishi Mushroom ဆေးက မှိုတမျိုးကနေထုတ်တယ်။ ကျန်းမာရေးကောင်းဖို့နဲ့ အသက်ရှည်ဆေးလို့ ကြော်ငြာတယ်။ သွေးတိုး၊ ကိုလက်စထောများတာ၊ နှလုံးသွေးကြောရောဂါ။ အသည်းနဲ့ ကျောက်ကပ်ရောဂါ၊ အသက်ရှူလမ်းရောဂါတွေ၊ ဗိုင်းရပ်စ်ရောဂါတွေနဲ့ HIV/AIDS လည်းကြောငြာတယ်။
1.5 to 9 grams of crude dried mushroom မှိုခြောက်မှုံ့၊
1 to 1.5 grams of reishi powder မှိုပေါင်ဒါ၊
1 milliliter of reishi solution (tincture) မှိုတင်ချာသောက်ပါလို့ဆေးညွှန်းကဆိုတယ်။

ဘေးထွက်ဆိုးကျိုးတွေ = ၃-၆ လသုံးရင် အလာဂျီရတယ်။ အာခေါင်ခြောက်၊ နှာခေါင်းပိတ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ယား၊ အနီပြင်ထွက်၊ နှာခေါင်းသွေးယို၊ ဗိုက်အနေရခက်၊ ဝမ်းထဲသွေးပါတွေဖြစ်နိုင်တယ်။ သွေးတိုးဆေး သောက်နေရသူတွေနဲ့ ဆီးချိုရှိနေသူအတွက်ဖြစ်တယ်။ ခုခံအားဆေးသောက်နေရသူတွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေရသူတွေ ဘာဖြစ်မလည်း မပြောနိုင်ပါ။ Aspirin, NSAIDs, Warfarin, Heparin ဆေးတွေနဲ့ ဓါတ်ပြုတယ်။ FDA က အသိအမှတ်ပြုမထားပါ။

ဆေးဖက်ဝင်တွေ၊ တိုင်းရင်းဆေးတွေ၊ ဗမာဆေးတွေ၊ တရုပ်ဆေးတွေကို ဆရာဝန်တွေကမသုံးပါ။ သုတေသနမတွေ့ပါ။ အာမခံချက်လည်းမပေးနိုင်ပါ။ အသည်းမကောင်းသူတွေအတွက် တချို့ ဟာဗယ်ဆေးတွေက ပိုဆိုးစေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း

၁။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။

၂။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။

အစားအစာတွေကို တနပ်စာထက်ပိုနေတာမှန်သမျှ ထားသိုဘို့လိုရင် စတနစ်တကျ ထားသိုတတ်ရပါမယ်။ အစားအစာရဲ့ အရည်အသွေး၊ အနံ့-အရသာ၊ အာဟာရဓါတ်တွေ မနည်းစေ၊ မပျက်စီးစေအောင် သတိထားရမှာ ဖြစ်ပါတယ်။
မထားသိုတတ်လို့ အစားအစာပုပ်သိုးပြီး စာမိရင် အစာဆိပ်သင့်ပါမယ်။ အခြေခံအားဖြင့် ရေခဲသေတ္တာထဲမှာ ထားသိုရပါမယ်။ တချို့ကို အစားသိုဘီရို (ကြောင်အိမ်) မှာ ထားရပါမယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပဲ။ ပျစီးလွယ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေကို အတိုင်းအဆနဲ့သာဝယ်သင့်ပါတယ်။ အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အအေးဆုံးနေရာမှာထားရမယ်။ ရေခဲသေတ္တာထဲမှာလဲ ပြည့်ညပ်နေအောင် မထားသင့်ပါ။ ချက်ပြုတ်ပြီးသားအစာတွေကို လေလုံအောင်ထုပ်ပိုးပြီးမှ သိမ်းရပါမယ်။ ဒါမှမဟုတ် zip lock pouches ဇစ်ပိတ်ပါတာမျိုးနဲ့ထားပါ။

ရေခဲသေတ္တာကို ၁၅ ရက်တခါ သန့်ရှင်းရေးလုပ်ပါ။ ဟောင်း၊ သိုးနေတာမျိုး အစအန မကျန်ပါစေနဲ့။ freezer ခဲခန်းအပူချိန်ကို 0ºF အောက်မှာသာထားပါ။ frozen peas and chicken ခဲထားတဲ့အစားတွေကို ခဲခန်းထဲမထားပါနဲ့။ soups, stews and casseroles တွေကို ပြန်အပူပေးတာနဲ့ ပြန်အေးခဲအောင်လုပ်တာ ရှောင်ကျဉ်ပါ။ leftovers စားလို့မကုန်တာကိုသိမ်းထားရင် နေ့စွဲရေးမှတ်ထားပါ။ မြန်မြန်စာသုံးပါ။ pantry ထားစရာကိုလဲ အချိန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။ ထားသိုတဲ့အစားအစာဟာ အရည်အသွေး အနည်းနဲ့အများ လျှော့ပါတယ်။ ထားစရာအခန်းသာမက ကိုင်တွယ်တဲ့လက်ကလဲ သန့်ရပါမယ်။

အစားအစာအမျိုးအစားအလိုက် ဘယ်နေရာမှာ ဘယ်လောက်ကြာထားနိုင်သလဲ
အခန်းတွင်းအပူချိန် = (70° F)၊ ရေခဲသေတ္တာ = (37° to 40° F)၊ အခဲခန်း = (0 °F)
• ပေါင်မုန့် အခန်းတွင်း = ၃-၅ ရက်။ အခဲခန်း = ၃ လ
• ကိတ်မုန့် ရေခဲသေတ္တာ = ၂-၄ ရက်၊ အခဲခန်း = ၂-၄ လ
• ချိစ် ရေခဲသေတ္တာ = ၁-၄ ရက်၊ အခဲခန်း = ၁-၆ လ
• ထောပတ် ရေခဲသေတ္တာ = ၁-၃ လ၊ အခဲခန်း = ၉-၁၂ လ
• ရေခဲမုန့် ရေခဲသေတ္တာ = မထားရ၊ အခဲခန်း = ၁-၂ လ
• နို့ ရေခဲသေတ္တာ = ၇ ရက်၊ အခဲခန်း = ၁ လ
• ရောဂတ် ရေခဲသေတ္တာ = ၇-၁၄ ရက်၊ အခဲခန်း = ၁-၂ လ
• ပန်းသီး အခဲခန်း = ၃-၅ လ
• ငှက်ပျောသီး အခန်းတွင်း။
• စပျစ်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ ရေခဲသေတ္တာ = ၁-၂ ပတ်
• သံပုရာသီး၊ အခန်းတွင်း= ၇ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• လိမ်မော်သီး အခန်းတွင်း= ၃-၄ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• ဖျော်ရည် ရေခဲသေတ္တာ = မဖွင့် ၃ ပတ်၊ ဖွင့် ၇-၁ဝ ရက်၊ ခဲခန်း = ၈-၁၂ လ။
• ဝက်အူတောင့် ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁-၂ လ။
• ကြက်သား ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁၂ လ။
• ပီဇာ ရေခဲသေတ္တာ = ၃-၄ ရက်။ ခဲခန်း = ၁-၂ လ။
• အစေ့အဆံ အခန်းတွင်း = ၃-၄ လ။ ရေခဲသေတ္တာ = ၁၂ လ။ ခဲခန်း = ၂၄ လ။
• တို့ဖူး ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၅ လ။
• ဟင်းသီးဟင်းရွက် ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၈-၁၂ လ။
• မှို ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၈-၁၂ လ။
• ခရမ်းချဉ်သီး ခဲခန်း = ၃-၄ လ။

ဒေါက်တာတင့်ဆွေ

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

ကော်ဖီမစ်ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းအကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ကယ်လိုရီကို တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။ အင်းစတင့် ကော်ဖီမစ် နဲ့ ခရမ်မာ နို့မှုံ့ နှစ်မျိုးလုံးထဲမှာ အဆီပါဝင်မှု များတယ်။ အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောက်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။ သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဟွန် ဂွမ်-တိ ကနေပြောတာက အဲဒီနှစ်မျိုးလုံးထဲမှာ ကျန်းမာရေးနဲ့မသင့်တဲ့ ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ ကိုလက်စထောကို တက်စေပါမယ်။

လေ့လာမှုလုပ်သူတွေကနေ အင်းစတင့် ကော်ဖီမစ် ၁၁ မျိုးနဲ့ ခရမ်မာ နို့မှုံ့ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။
• ခရမ်မာ နို့မှုံ့ တွေထဲမှာ ၁၅့၎% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ကော်ဖီမစ် တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။
• ခရမ်မာ နို့မှုံ့ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ကော်ဖီမစ် အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။
• ကိုလက်စထော များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။

၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ်အကြောင်းကို သိပ္ပံပညာရှင်တွေသိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။ ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓါတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။ ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ ဖေါ်မယ်လဒီဟိုက်ပါနေရင် ကင်ဆာကိုဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

1. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/…/caffeine.html
2. Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/…/caffeine-in-tea.h…
3. Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/…/coffee-and-your-…

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄
၂၉-၄-၂ဝ၁၇

Young Father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားကအသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။

လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။

မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေး ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးသုံးတာ၊ ကိုယ်ဝန်ဆောင်နေတုံးမှာ တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။ ၆ဝ% လောက်က ဘာလို့ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ အချက်အတိုင်းဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိတယ်ဆိုတာလဲအောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။ အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေအများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။

အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေမရှိဘို့သာ အရေးကြီးတာပါ။ တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြားကိုယ်ဝန်တွေထက် မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေအားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ ညှစ်အားကောင်းဆေး သွင်းမွေးခြင်း၊ ညှပ်ဆွဲမွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေပြောတာပါ။ အမှန်က ဆရာဝန်တွေက ဖြစ်လာနိုင်ခြေကို ရှောင်ချင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်ဆရာမတွေပါ စိတ်ဖိအားမများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Dr. တင့်ဆွေ
၃-၉-၂ဝ၁ဝ

Pregnancy Stages ကိုယ်ဝန်ဆောင်အဆင့်များ

မင်္ဂလာပါဆရာ သမီးမေးပါရစေရှင့်။ ကိုယ်ဝန်က ၄ လဆိုရင်အထဲက ကလေး စလှုပ်ပြီလားဆရာ။

ကိုယ်ဝန်ဆောင်တာ နောက်ဆုံးရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှ ရက်သတ္တပတ်ပေါင်း (၄ဝ) ကြာတယ်။ (၃) လ စီ (၃) ပိုင်းခွဲခြားလေ့လာတယ်။ ပဌမ ၃ လ၊ ဒုတိယ ၃ လ နဲ့ တတိယ ၃ လ ဆိုပြီး အပိုင်းခွဲ မှတ်သားရတယ်။

1. ပဌမ ၃ လဆိုတာ သန္ဓေစတည့်ချိန်ကနေ နောက် ၁၂ ပတ်အထိခေါ်တယ်။
2. ဒုတိယ ၃ လက ၁၃ ပတ်ကနေ ၂၇ ပတ်အထိ၊
3. တတိယ ၃ လက ၂၈ ပတ်ကနေ မွေးတဲ့အထိ။

၁-၁၂ ပတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေပြောင်းလဲလာသလဲ။
• ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်၊ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာဖြစ်လာမယ်။
• အစာမကျေသလိုဖြစ်လာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။ စာတပုဒ်ရေးထားပါတယ်။
• အစားအစာ တမျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။
• ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန်တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နဲနဲ နဲ့ ခဏခဏစားချင်လာမယ်။ ကိုယ်ဝန်ရင့်လာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်းဖြစ်နေတတ်တယ်။

ရက်သတ္တ (၄) ပတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလဲ စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလဲ ပေါ်လာပြီ။
• သန္ဓေသားဟာ တလက္မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ (ဂ) ပတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ်ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောက်ျားလေး-မိန်ကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီ။ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကို ကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (ဂ) ပတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။ တလက္မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ ပုံ ၁ ပုံရှိလာပြီ။

ရက်သတ္တ (၁၂) ပတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာကြပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောက်ျားလိင်အင်္ဂါ၊ မိန်းမ လိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပဌမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်ကိုသိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက္မအထိရှည်လာပြီ။ တအောင်စအထိ လေးလံလာပြီ။

ကိုယ်ဝန် ဒုတိယ (၃) လ
ရက်သတ္တ (၁၃-၂၈) ပတ် သန္ဓေသား
• များသောအားဖြင့် ကိုယ်ဝန် ဒုတိယပတ်ဟာ ပဌမပတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ၊ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖေါင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုတ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။

ရက်သတ္တ (၁၆) ပတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာဖြစ်လာမယ်။ ပေါင်-ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမျာ ထုံကျင်ကျင်ဖြစ်လာတာကို (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသဲကို စစ်ဆေးဘို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်၊ ကိုယ်အလေးချိန်တိုးတာ များမယ်ဆိုရင် ဆရာဝန်ပြပါ။
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလဲ ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• ငယ်ချီး ဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုတ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက္မ နဲ့ အလေးချိန် ၃ အောင်စရှိလာပြီ။

ရက်သတ္တ (၂ဝ) ပတ် သန္ဓေသား
• ပိုလှုတ်ရှားတတ်လာပြီ။ မိခင်ကသတိထားမိလာပြီ။ သားဦးတွေက နည်းနည်းလေးနောက်ကျမှသတိထားတတ်ကြတယ်။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလိုအရာလဲရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက္မရှည်ပြီး ၉ အောင်စ လေးလာပြီ။

ရက်သတ္တ (၂၄) ပတ် သန္ဓေသား
• ရိုးတွင်းခြင်ဆီဖြစ်လာလို့ သွေးဥတွေထုတ်လုပ်လာပြီ။
• လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင်ဖြစ်လာပြီ။
• အဆုပ်တွေဖြစ်လာပြီ။ အလုပ်တော့မလုပ်သေးဘူး။
• • Startle reflex ခေါ်တဲ့ ရုတ်တရက်တခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှုရှိတာကို အလိုလို တုံ့းပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ မျက်ကို ကာကွယ်ဘို့ မျက်တောင်ပိတ်ပြစ်တာမျိုး။ လက်တွေကလဲ အဲလိုသဘော လုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိးတတ်လာပြီ။
• ယောက်ျားလေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျဖြစ်လာပြီ။
• အရပ်က ၁၂ လက္မရှည်ပြီ။ အဆီကိုစုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲလေးလာပြီ။

တတိယ (၃) လပိုင်း
ရက်သတ္တ (၂၉-၄ဝ) ပတ်
• အသက်ရှူရတာ နဲနဲခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဘို့ ခဏခဏသွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ်တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓါတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပတ်မှာ ဂ အောင်စနှုန်းတိုးလာမယ်။ အခုဆိုရင် ၁၅-၁၇ လက္မအရပ်ရှိပြီ။ ၄ ပေါင်၊ ၄ ပေါင်ခွဲလေးလာပြီ။

ကိုယ်ဝန် ၃၆ ပတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုတ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက္မ နဲ့ ၆-၆့၅ ပေါင်ရှိလာပြီ။

ကိုယ်ဝန် ၃၇-၄ဝ ပတ်
• ၃၇ ပတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။

Dr. တင့်ဆွေ

Surgical Adhesion ခွဲစိပ်ရရင် တွယ်ကပ်မှုဖြစ်တယ်

ဗိုက်ခွဲရသူတိုင်းအတွက်စာဖြစ်ပါတယ်။

သမီးအသက်က ၂၁ နှစ်ပါဆရာ။ မန္တလေးတိုင့်း့ မှာနေပါတယ်ဆရာ။ Tuberculous Peritonitis ရောဂါမျိုးက ဆေး (၇) လတည်းသောက်ရုံနဲ့ ပျောက်နိုင်ပါသလား။ ဆရာမက သလိပ်အဖြေကတခုတည်းနဲ့ ဆေးကိုရပ်လို့ရပြီလို့ ပြောပါတယ်ဆရာ။ ဒီလိုရောဂါမျိုးက ၉ လ ၁ နှစ်ဆေးစားမှ ပျောက်တာလား။ ခုလို ၇ လတည်းနဲ့ ရောပျောက်တဲ့သူ ရှိပါသလားဆရာ။ ခုရက်ပိုင်းတွင်းအသက် ပြင်းပြင်းရှုလိုက်ရင် ညာဘက်နံရိုးဘေးက တခါတရံ စူးပြီး နာနေပါတယ်ဆရာ။ အဲဒါ သမီးဆေးရပ်လိုက်တာနဲ့များ ဆိုင်ပါသလားဆရာ။ စိုးရိမ်ရပါသလားဆရာ။ အစက ၉လလို့ ပြောပေမဲ့ ၇လတည်းပဲ ဆေးစားရတော့ ပျော်ပေမဲ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ မေးလိုက်တာပါဆရာ။ သမီးညာဘက် နံရိုးက ဗိုက်ခွဲပြီးနောက်ပိုင်း ဇောချွေးတွေပျံတဲ့တွက် သေမတက် နာကျင်မှုဝေဒနာ ခံစားဖူးပါတယ်။ ဆေးခန်းသွားပြီ ဆေးထိုးလိုက်ရင် ချက်ချင်းသက်သာပါတယ်ဆရာ။ ပထမတခါနာတုန်းက ဗိုက်ခွဲပြီး တလလောက်အကြာမှာပါဆရာ။ နောက် ၃ လ ၄ လလောက်ကြာတော့ ဒုတိယအကြိမ်ထပ်နာပါတယ်ဆရာ။ အဲတုန်းက ဆရာဝန်က ခွဲထားတဲ့ ဒဏ်ရာကြောင့်ဖြစ်တာ စိုးရိမ်စရာလို့ပြောပါတယ်ဆရာ။ နောက်ဆုံး March 15 ရက်နေ့က အဲလို တခါပြန်နာပြန်တော့ ကျောက်ကပ်ကြောင့် နေမှာလို့ ပြောတာနဲ့ 16.3.16မှာ Ultrasound ရိုက်ခဲ့တော့ ကျောက်ကပ် မဟုတ်ဘူး ခွဲထားတဲ့ ဒဏ်ရာကြောင့်နာတာလို့ပဲ ပြောပါတယ်ဆရာ။ အခု သမီးနာနေတာက အဲတုန်းကလောက် မဆိုးပေမဲ့ တချက်တချက် အသက်ပြင်းပြင်း ရှုထုတ်လိုက်ရင် တင်းပြီးစူးနေပါတယ်ဆရာ။

Tuberculous Peritonitis ဗိုက်တီဘီရောဂါကို တီဘီဆေး (၆) လနဲ့ပျောက်ကင်းနိုင်ကြောင်း မနေ့ကပဲဖြေခဲ့ပါတယ်။ ခွဲစိပ်တာ ဘာအတွက်ခွဲရသလည်း မသိပါ။ ဗိုက်တီဘီကြောင့် အူတွေနဲ့ အူမြှေးတွေတွယ်ကပ်မှုဖြစ်နိုင်တယ်။ ဆေးသောက်လို့ ပိုးတွေကင်းပြီးရောဂါပျောက်ပေမယ့် အမာရွတ်ဖြစ်စဉ်ကြောင့် တွယ်ကပ်မှုဖြစ်နိုင်တယ်။ သီအိုရီတွေကို ပြောတာသာ ဖြစ်တယ်။ မေးတဲ့သူမှာ အဲတာဖြစ်နေတယ်လို့ပြောတာ မဟုတ်ပါ။ စာတပုဒ်ပို့ပါတယ်။

ဗိုက်ခွဲတိုင်း ကလေးမွေးတာဖြစ်ဖြစ်၊ အစာအိမ်ပေါက်တာဖြစ်ဖြစ် တခါခွဲရင်တခါ အထဲမှာ တွယ်ဆက်မှုလေးတွေ ဖြစ်တယ်။ ခွဲလို့အနာဖြစ်ရာနေရာတိုင်းက မကျက်သေးခင် အနီးအနားက တစ်ရှူးတွေကို တွယ်ကပ်ကြတယ်။ အတန်းလိုက်တွေ၊ ပင့်ကူအိမ်လိုတွေဖြစ်တယ်။ ဒီအရာတွေကို နောက်တကြိမ်ခွဲရရင် ရှင်းပေးရတယ်။ တချို့ဆိုရင် ဗိုက်စဖွင့်တာနဲ့ ခွဲရာဟောင်းက အထဲကအင်္ဂါတွေတွယ်ကပ်နေတာကို အရင်ရှင်းရတယ်။ ခွဲစိပ်ပြီးရင် (ခီးမို့စ်)၊ (ခိုင်မရော) ဆိုတဲ့ ဆေးတွေကို ပေးကြတာက ဒါမျိုးမဖြစ်အောင်လို့။ ဒါပေမဲ့ ထိရောက်မှုမှာတော့ ဆရာဝန်တွေ အမြင်မတူကြပါ။ တွယ်ကပ်မှု ဖြစ်တာကလဲ တယောက်နဲ့တယောက် မတူကြဘူး။ ဒဏ်ရာရလို့ အမာရွတ် ထင်သူနဲ့ မထင်သူလိုမျိုး ကွာတယ်။

ခွဲစိပ်ကုသနည်းဟာ ရောဂါတွေကို ပျောက်စေ၊ သက်သာစေပြီး အသက်တွေကို ကယ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်မှာတွေရှိတယ်။ အဲဒါတွေထဲကတမျိုးဟာ ခွဲတဲ့နေရာအနီးအနားမှာ Adhesion တွယ်ကပ်မှုဆိုတာ ဖြစ်လာနိုင်တယ်။ ဒီလိုတွယ်ကပ်မှုဆိုတာ ကိုယ်ခန္ဓာရဲ့ အနာကျက်ဖြစ်စဉ်ရဲ့ အစိပ်အပိုင်းသာဖြစ်တယ်။ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ခွဲစိပ်တာအပြင် ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဓါတ်ကင်လို့လဲ ဖြစ်လာစေနိုင်တယ်။ ဗိုက်၊ တင်ပါးဆုံတွင်းနဲ့ နှလုံးနေရာတွေမှာ အများဆုံးဖြစ်တယ်။

တင်ပါးဆုံတွင်းမှာဖြစ်တာလဲ မနည်းပါ။ သားအိမ်။ သားအိမ်ပြွန်၊ မျိးဥအိမ်၊ ဆီးအိမ်တွေကြား တွယ်ကပ်မှုတွေဖြစ်နိုင်တယ်။ ဗိုက်ခွဲကလေးမွေးတာနဲ့ သားအိမ်ထုတ်ရတာတွေကနေ အများဆုံးဖြစ်တယ်။ ခွဲစိပ်တာအပြင် တင်ပါးဆုံတွင်းအင်္ဂါတွေ ပိုးဝင်လို့လဲ ဖြစ်နိုင်တယ်။ အများဆုံးက လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်တယ်။ သားအိမ်ပြွန်မှာဖြစ်ရင် ကလေးမရတာအထိ ဖြစ်လာနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာလဲဖြစ်နိုင်တယ်။ နှလုံးမှာလဲ နှလုံးကိုဖုံးထားတဲ့ အိတ်မှာတွယ်ကပ်မှုဖြစ်တတ်တယ်။ လေးဘက်နာအဖျားကနေ ဖြစ်နိုင်တယ်။

ခွဲစိပ်ပြီးနောက် ရက်ပိုင်းအတွင်းလေးမှာစဖြစ်တယ်။ ဖြစ်လို့ခံစားရတာတွေကတော့ နှစ်နဲ့အထိကြာနိုင်တယ်။ အဆိုးဆုံး ဖြစ်နိုင်တာက အူပိတ်တာနဲ့ အစာလမ်းကို သွေးမလျှောက်တာတွေဖြစ်တယ်။ ဖြစ်နေသူတွေမှာ အသဲအထက်မှာ ဖြစ်ရင် အသက်ရှူရင်နာမယ်။ အမျိုးသမီးမွေးလမ်းမှာဖြစ်ရင် အတူနေတာမှာ မနာသင့်ဘဲနာနိုင်တယ်။ နှလုံးမှာဖြစ်နေရင် ရင်ပတ်နာမယ်။ ဗိုက်အောင့်ရာ နာရာကနေ အန်ချင်တယ်။ အစာမကျေဖြစ်မယ်။

ဘယ်လိုကုသရမလဲဆိုတာ ဘယ်နေရာမှာ ဘာဖြစ်နေသလဲအပေါ်မူတည်တယ်။ အနာသက်သာဆေး၊ ပိုးသေဆေးတွေ ပေးရတယ်။ လိုအပ်ရင်ခွဲစိပ်ပေးရတယ်။ Adhesions Surgery ခွဲစိပ်နည်းမှာလဲ Laparoscopy ကိရိယာသုံးနည်းနဲ့ Laparotomy ဗိုက်ပြန်ဖွင့်နည်းရှိတယ်။

ဗိုက်ခွဲပြီးနောက်မှာ နာနေသေးသူတိုင်းတော့ အဲလိုမဖြစ်ပါ။ နာတာအတွက် အနာသက်သာဆေးသာ အရင် သောက်သင့်ပါတယ်။ Paracetamol, Ibuprofen စတဲ့ဆေးတွေဖြစ်ပါတယ်။ Buscopan စားဆေးလဲ သုံးနိုင်ပါတယ်။ ကြာလေ သက်သာလေကိုလည်း မျှော်လင့်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး