Thermometer ဝိဇ္ဇာပညာနှင့် သာမိုမီတာ

U Soe Myint စာရေးဆရာလား၊ ဆေးကုတဲ့ဒေါက်တာလား။

နှစ်မျိုးလုံး မဟုတ်ပါ။ ဆရာဝန်မှန်ပေမယ့် ဆေးခန်း-မွေးခန်း-ခွဲခန်းတွေနဲ့ ဝေးသွားရပြီ။

တခါကလည်းရေးမိသေးတယ်။ ခွဲဆရာဝန်လို့။ တိုင်းပြည်ကနေထွက်ပြေးရတော့ ဆေးခန်းလေးနဲ့ကင်းကွာ၊ လူနာတွေကို ခွဲခွါခဲ့ရတယ်။ ခွဲစိတ်ခန်းနဲ့ပါ ဝေးကွာခဲ့ရတယ်။ ဒေလီရောက်တော့ ဆေးခန်းလေးဖွင့်သေးတယ်။ အခုတော့ အဲဒီက ဆေးခန်နဲ့ မွေးခန်းကနေပါ ခွဲခွါရတာမို့ ခွဲဆရာဝန်ဖြစ်ပြီလို့။

စာတွေရေးဖြစ်တာ ဆယ်နှစ်လောက်ရှိမလားမသိပါ။ ဘလော့စပေါ်တော့ ရေးဖြစ်တယ်။ ခုထိပုဒ်ရေ အတိုအရှည် ငါးထောင်ကျော်ပြီ။ စာအုပ်ရယ်လို့ကတော့ နှစ်အုပ်သာရှိသေးတယ်။ ဂျာနယ်တွေမှာ ဖေါ်ပြတာ သိပ်မသိပါ။ အဲလိုဆေးပညာစာရေးတဲ့သူကို စာရေးဆရာ မခေါ်ထိုက်ပါ။

ကျွန်တော်က ငယ်ကတည်းက စာရေးဆရာဆိုတဲ့အလွှာကို အလွန်လေးစားအားကိုးခဲ့တယ်။ အားကျတယ်လို့တော့ မဟုတ်ပါ။ အားကျတာလို့မပြောချင်ပေမယ့် သဘောကျတာတော့ရှိတယ်။ ဆရာဝန်လည်းဖြစ်ပြီး အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတွေကို သဘောကျတယ်။ များများစားစာတော့ မရှိပါ။ များများစားစား မသိလို့သာဖြစ်ပါတယ်။ နာမည်တွေ မထည့်တော့ပါ။ မှန်းဆချက်လည်း မပေးကြစေလိုပါ။

စာရေးသူတို့၊ စာဖတ်သူ၊ စာပေဝါသနာရှင်ဆိုတဲ့အသုံး သုံးကြတယ်။ ကျွန်တော်က တခါမှ ကိုယ့်ကိုယ်ကို အဲလို ကင်မွန်းမတတ်ပါ။ ရေးလည်းရေးတယ်၊ ဖတ်လည်းဖတ်တယ်၊ ဝါသနာလည်းပါတယ်။

ကျွန်တော်က နိုင်ငံရေးထဲလုပ်နေတာ ကြာပြီ။ ကိုယ်တိုင်ရော မိသားစုနဲ့ သားချင်းမိတ်ဆွေတွေပါ စစ်အစိုးရနှိပ်စက်တာ ခံကြရပေမယ့် နိုင်ငံရေးအကျဉ်းသားစာရင်း မပေါက်ပါ။ စာရေးတာမှာလည်း အဲတာလိုပဲ။ စာပေဆုရှိတာတော့ သိတယ်။ စာရေးဆရာစာရင်းဆိုတာမျိုး မသိပါ။ ဆရာဝန်ကတော့ (ဆမ) နံပါတ်ရှိတယ်။ အမတ်ဖြစ်ခဲ့ပေမယ့် ပါတီဝင်ကပ်ပြား သတိမထားမိတော့ပါ။ နိုင်ငံရေးမှာရော စာရေးတာမှာပါ (ဆမ) နံပါတ်မျိုး ရှိဦးတော့ လျှောက်ယူမှာမဟုတ်ပါ။

ကိုယ့်ကိုယ်ကို နှိမ်ချပြောဆိုတိုင်းက ရိုးသားမှုရှိတယ်ပြောဘို့ခက်တာမျိုးရှိတယ်။ အသားလိုလို့ အရိုးတောင်းရှိတယ်။

ပညာဆိုတာ ပါရမီပါမှ ပေါက်မြောက်တယ်။ ဝိဇ္ဇာပညာကိုတိုင်းစရာ သာမိုမီတာမရှိပါ။ ကျွန်တော့်ကိုယ်ပူချိန် ၉၈့၆ တိတိ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး