Welldone သာဓုခေါ်ခြင်း

သာဓုပါလို့ စာထဲမှာတခါမှ မသုံးပါ။ တရားနာရေစက်ချချိန်မှာတော့ ပီပီသသခေါ်ပါတယ်။ သာဓုဆိုတာ ပါဠိစကား၊ မြန်မာလို ကောင်းလေစွလို့ အဓိပ္ပါယ်ရတယ်။ သာဓုခေါ်တယ်ဆိုတာ ကောင်းတာလုပ်တာ၊ ကောင်းမှုပြုတာကို အသိအမှတ်ပြုတယ်။ ချီးကျူးရာလည်းရောက်တယ်။ အတွေ့အကြုံလေးတခု ရေးပါရစေ။

အိန္ဒိယမှာနေစဉ်က အမျိုးသားညွန့်ပေါင်းအစိုးရရုံးကို တာဝန်ယူခဲ့ရတယ်။ ၂ဝဝ၇ မှာ ပြည်တွင်းကသံဃာတော်တွေက ဆန္ဒပြကြတဲ့အချိန်တွေမှာ ဒေလီအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေကိုဖိတ်ပြီး လက်တွဲဆောင်ရွက်ဖို့ ပြောရတယ်။ အဆင်ပြေပါတယ်။ မြန်မာဒုက္ခသည်တွေထဲမှာ ၉ဝ% က ခရစ်ယန်ဘာသာဝင်တွေဖြစ်ပြီး ခရစ်ယန်အသင်း (၁ဝ) ခုမက ရှိတယ်။ အသင်းတော်တွေကိုပါ ရုံးမှာဖိတ်ပြီး ဆုတောင်းပွဲလုပ်ပေးကြဘို့ရာ မေတ္တာရပ်ခံပါတယ်။ အဲဒီအစည်းအဝေးမှာ အသင်းတော်တခုက တာဝန်ရှိသူကပြောတာတခုက ကျွန်တော့်အဖို့ အတော်ထူးဆန်းနေပါတယ်။ သာဓုအသံကြားရရင် သူ့အဖို့တော့ (စကားလုံးအတိအကျတော့ မမှတ်မိပါ) အနှောင့်အယှက်ဖြစ်တာ၊ မနှစ်သက်တာကို ပြောတာတော့ သေချာတယ်။ သာဓုဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်တယ်လို့ ပြောတဲ့သူက သိမယ်မထင်ပါ။ ကောင်းတယ်လို့ပြောတာကို မကောင်းဘူးပြေတာလို့ ထင်နေတာဖြစ်မယ်။

ကျွန်တော်က ဝေါဟာရကို အဓိကမထားပါ။ သရဏဂုံသုံးပါးဖြစ်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိကို ကျွန်တော်တို့ လူမှန်းသိကတည်းက ရွတ်ဆိုကြတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ Buddham saranam gacchami; Dhammam saranam gacchami; Sangham saranam gacchami လို့ရေးကြပြီး၊ ကျွန်တော်တို့ဆီမှာလို အသံမထွက်ကြပါ။ သူတို့မှားတယ်၊ ကျွန်တော်တို့သာမှန်တယ်လို့ ပြောမရပါ။ အရေးကြီးတာက သရဏဂုံတည်ဖို့ မဟုတ်ပါလား။ နုတ်ကနေ ဝစီကံမြောက်ရွတ်ဆိုတာက ပိုလေးနက်ပါတယ်။ အလားတူ စိတ်ထဲကနေ အလေးအနက်ပြုတာလည်း အကျိုးများတယ်ထင်ပါတယ်။ စကားလုံးတွေမှာရှိတဲ့တန်ဖိုးက အကန့်အသတ်နဲ့သာဖြစ်တယ်။

ကျွန်တော့်ကို ပါတီကနေထုတ်တယ်လို့ ကြေညာပြီး ကျွန်တော်နဲ့ တခြားအမတ်ဦးသန်းစိန်မပါတဲ့ရွေးကောက်ပွဲကနေ အဲဒီ သာဓုမုန်းသူကို ဥက္ကဋ္ဌတင်လိုက်ကြပါတယ်။ ပြည်ပနိုင်ငံရေးမှာ မမေ့အပ်တာလေးတခုသာဖြစ်ပါတယ်။

အောက်ကရေးတာကတော့ ကွန်မင့်ကနေမေးလို့ ဖြေတာပါ။

ကျွန်တော်က ပြည်ပထွက်ကတည်းက NLD/LA မှာပါတယ်။ ပြည်တွင်း NLD ကို အဆက်အသွယ်မလုပ်ပါ။ လုပ်ရင် ပါတီကိုထိခိုက်မယ်။ စစ်အစိုးရမဟုတ်တော့ ပါတီနဲ့ ဆက်သွယ်မှုလုပ်လို့ ရလာတယ်။

NLD/LA အနောက်ပိုင်းတိုင်း (အိန္ဒိယ) မှာသာ အဲလိုပြဿနာဖြစ်ပါတယ်။ ကြော်မကောင်းကြားမကောင်းဖြစ်တာပါ။ ဘာတွေဖြစ်သွားခဲ့သလဲ အရိပ်အမြွက်သာ ရေးပါတယ်။

NLD/LA ဗဟိုမှာ အမတ်ဖြစ်တဲ့အတွက် ဗဟိုကော်မတီဝင် ဆက်ဖြစ်တာ အဆုံးအထိပါပဲ။ NLD/LA ကိုယ်စားလှယ်အဖွဲ ပြည်တွင်းသွားပြီး NLD ခေါင်းဆောင်မှုနဲ့တွေ့တော့ ကျွန်တော်ကိုပါခေါ်တယ်။ အကြောင်းကြောင်းကြောင့် ကျွန်တော်က လိုက်မသွားဖြစ်ပါ။

အခု ကျွန်တော် ဒီလှိုင်းမှာလည်း စာရေးတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅
၁၈-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး