World Book Day ကမ္ဘာ့စာအုပ်နေ့

ကမ္ဘာ့စာအုပ်များနေ့ သတ်မှတ်ကျင်းပတဲ့နေ့ မတူတာရှိတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်မှာ မတ်လ (၂) ရက်နေ့ဖြစ်တယ်။ အများစုကျင်းပတာက ဧပြီလ (၂၃) ရက်နေ့ဖြစ်ပါတယ်။

ကျွန်တော် ငယ်ငယ်ကတည်းက အပြင်စာတွေဖတ်ခဲ့တယ်။ ဖတ်ခဲ့စာတွေကနေ လွှမ်းမိုးတယ်လို့ ပြောနိုင်တယ်။

အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝ မုံရွာအိမ်မှာနေခဲ့တုံးမှာ ကာတွန်းအောင်ရှိန်ရဲ့ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်ဖတ်ခဲ့လို့လား မပြောတတ်ပါ၊ နေရာတကာ ရီစရာလိုက်လိုက်ရှာတယ်။

အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ဒဂုံတာရာ အနုစာတွေ၊ ကဗျာတွေ တို့တို့ထိထိဖတ်မိလို့နေမှာ ဘာစာရေးရေး ကာရန်ဆိုတာလေး ရှာရှာကြည့်သေးတယ်။

လင်ကွန်း၊ ကနေဒီ၊ ဂန္ဒီ၊ နော်မန်ဗက်သွန်း၊ အတ္ထုပ္ပတ္တိမျိုးစာတွေဖတ်ရတာ အားကျမိတယ်။

မိုးဝေရေးတဲ့ စုံထောက်တင်မောင်ဆွေဝတ္ထုတွေ ထိုင်ဖတ်ခဲ့တော့ ထောက်လှမ်းရေးနဲ့ ရင်ဆိုင်လာရတယ်။

ကိုင်ရိုရေးတဲ့ လက္ခဏာစာအုပ်ပါ ဖတ်ဖူးလို့လားမသိ တိုင်းပြည်လက္ခဏာဖတ်ကြည့်တဲ့သူဖြစ်လာတယ်။

သံရုံးတွေပို့ပေးတဲ့စာအုပ်မျိုးစုံ ဖတ်ခဲ့လို့ နိုင်ငံအစုံရောက်ရတယ်။ ဒဂုံရွှေမျှားနဲ့ ရွှေဥဒေါင်းတို့ရဲ့ ဘာသာပြန်စာအုပ်တွေ ဖတ်ထားတော့ ဘာသာခြားစကားပြောတဲ့ဆီမှာ သွားနေရတာ အခုထိ။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး