GP ဂျီပီဆိုတာ ဘာလဲ
၁။ ဘယ်ဟာက ဆရာ account လဲရှင် နောက်ပြီး GB လိုက်တယ်ဆိုတာ ဘာကိုပြောတာလဲဆရာ ကျမမေးတာ ရောဂါ အကြောင်းမဟုတ်ပါ။ (GP ဖြစ်ပါမယ်။)
၂။ ဆရာမသိလို့မေးပါရစေခင်ဗျား။ GP ရဲ့အရှည်က ဘယ်လိုမျိုးလဲဗျ။
GP ဂျီပီဆိုတာ General Practitioner ကို ပြောတာဖြစ်ပါမယ်။ ရက်တိုနဲ့ နာတာရှည်လူနာတွေကို စမ်းသပ်ကုသသူ၊ ကျန်းမာရေးပညာပေးသူလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ လိုအပ်ရင် တဆင့်လွှဲပေးတယ်။ သူတို့မှာ ရောဂါတခု။ ရောဂါစနစ်တခုအတွက်ဆိုပြီး သီးခြားနဲ့ အထူပြုထားတာမရှိပါ။ ကလေး-လူကြီး၊ ကျား-မ မရွေး ကုသပေးသူတွေ ဖြစ်ကြတယ်။
တိုင်းပြည်အလိုက် မတူတာတွေရှိတယ်။ ဂျီပီအသုံးဟာ အိုင်ယာလန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ အသုံးများတယ်။ ဗြိတိသျှဓနသဟာယနိုင်ငံတွေမျာလည်းများတယ်။ အမေရိကမှာ အသုံးမများပါ။
ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုး ရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor လို့ နာမည်ရှေ့မှာ Title ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ သူတို့အထဲမှာ အထူးကုဆရာဝန်တွေပါမယ်။
GP ဆရာဝန်တွေဆိုတဲ့ လူနာတဦးချင်းဖြစ်ဖြစ်၊ မိသားစုတွေကိုဖြစ်ဖြစ်၊ အသိုင်းအဝန်းကိုဖြစ်ဖြစ် ကျန်းမာရေးအတွက် တာဝန်ယူ ကုသပေးသူတွေလဲပါတယ်။ ဒီလိုဆရာဝန်တိုင်းဟာ ဆေးပညာကို အခြေခံကအစ ဥပမာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ ကုသနည်း ဆိုတဲ့ ဆေးသိပ္ပံပညာတွေကိုပါ အသေးစိတ် သင်ယူတတ်မြောက်ထားရတယ်။ ဒါတင်မက ဆေးပညာရဲ့အနုလက်မှုပညာကိုပါ နားလည်ကြရပါတယ်။
Willys MB ဝီလီးစ် အင်ဘီ ခေါ် Jeep ဂျစ်ကားကို ၁၉၄၁ ကစထုတ်ပါတယ်။ ဂျစ်ကားထုတ်ကာစမှာ Jeep အခေါ်ကို စကားများကြသေးတယ်။ တချို့က General Purpose (GP) အထွေထွေသုံးလို့ခေါ်ပါသတဲ့။ ဂျီပီဆရာဝန်ဆိုတာ လိုရာသုံး၊ လိုရင်သုံးဆရာဝန် ဖြစ်ပါမယ်။
ကျွန်တော်ကတော့ ခြေစ ခေါင်းဆုံး ဘာမဆိုကုသပေးခဲ့ရတယ်။ ခွဲပေးရတယ်။ မွေးပေးရတယ်။ အစုံသုပ်ဆရာဝန်သာ ဖြစ်ပါတယ်။ ကျွန်တော် ဂျီပီဆရာဝန် မဟုတ်တော့တာ ကြာပြီ။
• GP ဆေးကုခွင့် https://doctortintswe.blogspot.com/2017/05/gp.html
• Doctor ဒေါက်တာ https://doctortintswe.blogspot.com/2017/07/doctor.html
• Jeep ဂျစ်ကား https://doctortintswe.blogspot.com/2017/08/jeep.html
ပုံကတော့ တချိန်က ကျွန်တော် ဂျီပီဖွင့်ခဲ့တဲ့ ပုလဲမြို့ကဆေးခန်းလေးဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၇
၃-၉-၂ဝ၁၈

Comments
Post a Comment