Yamuna River ရွှေငကြင်းတို့ ပိုက်တွင်းမှာ သူတို့ခုန်

၁။ ယမုန်နာဆိုတာ ဘာအဓိပ္ပါယ်လဲခင်ဗျ။

၂။ ဆရာ နယူးဒေလီက ဆရာ့ရဲ့စေတနာဆေးခန်းကို ယမုန်နာလို့ပေးထားတယ်။ မက်ထရိုစီးရင်း နယူးဒေလီ မကျော်ခင်လေးမှာနဲ့ ယူပီပြည်နယ်ထဲမှာ ယမုန်နာမြစ်ရှိတယ်။ ယမုန်နာမြစ်က ဗုဒ္ဓဝင်သမိုင်းမှာ ပါသလား။ ယာမုန်နာလား၊ ယမုန်နာလား သိပ်ဝေခွဲမရပါ။

၃။ သမီးလေးကို ယမုန်လို့ နာမည်ပေးချင်သူက မေးတယ်။ ဘယ်လို အဓိပ္ပါယ်ရှိမလဲတဲ့။

ယမုန်လို့ သပ်သပ် မရှိပါ။ အဓိပ္ပါယ်ဖွင့်မရ။ အသံထွက်လှလို့ အမည်မှည့်ခေါ်တာရှိ။ ယမုန်နာဆိုတာ မြစ်တစင်းအမည် ဖြစ်တယ်။ မြန်မာ့ရှေးသီချင်းကြီးတွေထဲမှာ ယမုန်နာပတ်ပျိုးရှိတယ်။

ကျွန်တော်တို့က ယမုနာ၊ ယမုန်နာလို့လည်း ရေးကြတယ်။ သူ့မွေးဇာတိတိုင်းပြည် အိန္ဒိယမှာ ဟင်ဒီစကားနဲ့ ဂျမူနာလို့ ခေါ်တယ်။ ဂင်္ဂါမြစ်ကြီးရဲ့ ဒုတိယအကြီးဆုံးမြစ်လက်တက်ဖြစ်တယ်။ ဟိမဝန္တာမှာရှိတဲ့ ယမူနိုထရီ ရေခဲပြင်စကနေ မြစ်ဖျားခံတယ်။ ၈၅၅ မိုင်ရှည်လျားတယ်။ ဟိန္ဒူဘာသာရေးမှာ ဂင်္ဂါမြစ်ကြီးပြီးရင် ယမုန်နာကိုလည်း ကိုးကွယ်ရာတခုလို တန်ဖိုးထားခံရတယ်။ ဟိန္ဒူဒဏ္ဍာရီထဲမှာတော့ ယမုန်နာကို သူရိယနေမင်းကြီးရဲ့သမီးတော်၊ သေမင်းနတ်သမီးလို့ တင်စားထားတယ်။ ရှေးအတိတ်ကာလမှာ ယမုန်နာမြစ်ရေဟာ ဟိမဝန္တာကနေစီးဆင်းလာပြီး အင်မတန် ကြည်လင် အေးမြခဲ့တယ်။ ၁၉ဝ၉ ခုအထိလည်း ဂင်္ဂါမြစ်ရေကဝါနေပြီဖြစ်ပေမယ့် ယမုန်နာမြစ်ရေက ပြာနေခဲ့သေးတယ်လို့ ဆိုပါတယ်။

ဆေးပညာအရကြည့်ရင်တော့ ကနေ့ယမုန်နာမြစ်ရေဟာ လူတွေကိုသေစေအောင်ထိညစ်ညမ်းလွန်းပါတယ်။ နယူးဒေလီဝန်းကျင်မှာ စွန့်ပစ်ပစ္စည်း ၅၈% ကို မြစ်တွေထဲကိုစွန့်နေကြတယ်။ BOD ခေါ် ဇီဝအောက်စီဂျင်လိုအပ်မှု အဆင့်ဟာ 14 to 28 mg/l ရှိပြီး ကွန်ဖေါ်မင်းပါဝင်မှုများလှလို့ အတော်ဆိုးဝါးတယ်။ လူနေအိမ်တွေကနေ စွန့်တဲ့ လူ့အညစ်အကြေးတွေ၊ စက်ရုံအလုပ်ရုံတွေကစွန့်တာတွေနဲ့ မြေဆီသြဇာတိုက်စားမှုဆိုတဲ့အကြောင်းခံသုံးခုကြောင့် မြစ်ရေညစ်ညမ်းရတာဖြစ်တယ်။ ဒါပေမယ့် ဟိန္ဒူဘာသာဝင် လူသန်းများစွာဟာ ဟိုလီး ခေါ် မြင့်မြတ်သောရေချိုးနည်းအရ မြစ်ရေထဲ ရေစိမ်ချိုးနေကြတယ်။

ကျွန်တော်တို့တတွေ တနှစ်က ဒေါ်စုမွေးနေ့မှာ ယမုန်နာမြစ်သွားပြီး ငါးလွှတ်ကြတာ ရေကိုကြည့်ပြီး ငါးတွေကို အားနာနေမိတယ်။ ဒိအရင်ကလည်း ဒေလီမှာ မိုးခေါင်လို့ မြစ်ထဲသွားပြီး မြန်မာပြည်ကဘုန်းတော်ကြီးတွေပင့်ပြီး ငရံ့မင်းပရိတ်ရွတ်ဘို့ရာ သောင်ပြင်မှာ လူ့မစင် င်းတဲ့နေရာ ဖျာတချပ်စာအတော်ရှာခဲ့ရတယ်။ (ကန်တော့ပါ။)

ကမ္ဘာ့အံ့ချီးဘွယ်ရာ အာဂရာမှာရှိတဲ့ တာ့ခ်ျမဟာကို ယမုန်နာမြစ်ကမ်းမှာဆောက်ထားပါတယ်။

ဒေလီမှာနေခဲ့ရစဉ် ၂ဝဝ၂ သြဂုတ်လကနေ၊ ထွက်မလာခင် ၂ဝ၁၄ စက်တင်္ဘာလအထိ၊ (၁၂) နှစ်ကြာ မြန်မာပြည်က လာနေကြတဲ့ ဒုက္ခသည်တွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်တော့ ယမုန်နာဆေးခန်းလို့နာမည်ပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဖွင့်လှစ်ခဲ့တဲ့ ယမုန်နာဆေးခန်းလေးဟာ ယမုန်နာပတ်ပျိုးသီချင်းထဲကလို ဆင်းရဲသူတွေ အသက်မွေးရာ၊ မြန်မာ့ရိုးရာသီချင်းကြီးအမည်ကို ရည်ညွှန်းခဲ့တာပါ။ အခုတော့ လွမ်းမောဘွယ်ရာပေါ့။

အို့ ငကြင်းတွေဆန်၊ ငတန်တွေ သောင်ရေစီးမှာလ့ ကိုတငါ လှေယာဉ်စီးပါလို့ ပိုက်ကြီး ရေချလာ့
အို့ နဒီတွင်းမှာလ နှင်းငွေဆော်၊ ချမ်းလို့တုန် မလုံထွေးတယ်၊ ကိုယ်ရေးငယ်ကြုံပေါ့နော့့်
ဒေါင်ဒင်ငယ်သံသာနှင့် တငါလှေလောင်းဆင်း၊ ရွှေငကြင်းတို့ ပိုက်တွင်းမှာသူတို့ခုန့့်

ယမုန်နာဆေးခန်းမှာ ဆုံခဲ့ကြရတဲ့ ဆရာမတွေ၊ ဆေးမှူးတွေနဲ့ လူနာတွေ ကျန်းမာချမ်းသာကြစေကုန်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆
၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး