Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း
အမျိုးသားစိတ်ဓါတ်ဆိုတာ နိုင်ငံရေးအယူအဆတခုဖြစ်တယ်။ တိုင်းပြည်ရဲ့ သရုပ်လက္ခဏာကို ထင်ဟပ်စေတယ်။ အဲဒီတိုင်းပြည်ရဲ့ ဆုံးဖြတ်ချက် (ဦးတည်ချက်) နဲ့ လုပ်ဆောင်မှု (ပေါ်လစီ) တွေကို ပြဋ္ဌာန်းတယ်။
အမျိုးသားစိတ်ဓါတ် အခြေခံနှစ်ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့ အခြေအနေတွေအရ တည်ဆောက်မှုပြောင်းစေတာဖြစ်ပါတယ်။ နှစ်မျိုးလုံးက အတိတ်ကို အခြေခံပါတယ်။
လက်တွေ့မှာ တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ (၁) တမျိုးတည်းသော ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ နိုင်ငံရေးအယူအဆတွေသာရှိတာနဲ့ (၂) နောက်တမျိုးက အမျိုးအစုအများအပြားကို လက်ခံတာဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဒုတိယအမျိုးအစားဖြစ်တယ်။ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်တယ်။ ပြည်တွင်းစစ်အထိဖြစ်တယ်။ အမျိုးသားစိတ်ဓါတ်ဟာ တိုင်းတပါးအန္တရယ် ကြုံတဲ့အခါနဲ့ ကိုလိုနီဆန့်ကျင်ရေးမှာ အသုံးချဘို့ အကောင်းဆုံးလက်နက်ဖြစ်တယ်။
မြန်မာနိုင်ငံမှာ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်ဆိုတာကို အခုပြန်ပြီးဆန်းစစ်သင့်ပြီ။ နှစ် ၅ဝ သမိုင်းကို ကြည့်လိုက်ရင် ဗမာလူမျိုးကကြီးစိုးတယ်ဆိုတာထက် စစ်တပ်အားပြုတဲ့အစုတခုက ကြီးစိုးတယ်ဆိုတာ သိမြင်နိုင်ကြပါပြီ။ ၂ဝဝ၈ ဖွဲ့စည်းပုံကနေ အဲလိုဖြစ်စေလိုက်တာဖြစ်တယ်။ တိတိကျကျပြောရရင် စစ်တပ်တခုတည်း မဟုတ်တော့ပါ။ စစ်ထွက်တွေချည်းလည်းမကပါ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားစိတ်ဓါတ်ကို ပြည်ခိုင်ဖြိုးကနေ လက်နက်အဖြစ် သုံးလာတယ်။ ဒါပေမယ့် ကိုလိုနီ ဆန့်ကျင်ရေးကာလလို အမျိုးသားစိတ်ဓါတ်နိုးကြားမှုရယ်လို့တော့ ဖြစ်မလာပါ။ အမျိုးသားစိတ်ဓါတ်ကို အဲလို တလွဲအသုံးချခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းကို အဟန့်အတား ဖြစ်စေတယ်။
အမျိုးသားရေးဆိုတာ မှန်မှန်ကန်ကန်သုံးတတ်ရင် လွတ်လပ်ရေးရေစေနိုင်တယ်။ မဟုတ်ရင် လွတ်လပ်မှုတွေ ထပ်ပြီး ဆုံးရှုံးမယ်။
ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅
၂၄-၉-၂ဝ၁၈

Comments
Post a Comment