The Ocean တို့ပင်လယ် ကျယ်ပါဘိ

ရောက်လေရာအရပ်တွေမှာ မြင်မြင်သမျှထဲက ထူးခြားမှုကိုတွေ့ရရင် ကိုယ့်တိုင်းပြည်၊ ကိုယ်လူမျိုးနဲ့ ယှဉ်ကြည့်မိတယ်။ သူတို့ကသာလွန်တာ၊ ကိုယ်ကနိမ့်ကျတာတွေ့ရရင် ဘာလို့ အဲလိုကွာနေရသလဲလို့ပါ ဆန်းစစ်ကြည့်မိတယ်။ တို့က ဘာလို့ ခြာနေသလဲဆိုတဲ့ အဖြေကိုတော့အမြဲမသွေ လိုက်ရှာနေမိတယ်။ ကိုယ့်ဆီက သာတာတွေ့မိရင်တဲ့အခါ အရမ်းကာရော ကိုယ့်ဟာကို ဂုဏ်တင်တာ၊ သွေးနားထင်ရောက်တာမဖြစ်ပါ။ ဆန်းစစ်တယ်ဆိုတာ သုတေသနနည်းစနစ်အရလုပ်မှာသာ အမှန်နဲ့နီးစပ်မယ်။ စိတ်ထဲမှာက ဘက်ရှိထားမှုသဘောက အခံရှိထားနေလို့ အမှန်နဲ့ကွာနိုင်တယ်။

သူများနိုင်ငံတွေက ဘာလို့ချမ်းသာနေရသလဲ။ ပင်လယ်ဓါးပြတွေကနေ စတယ်။ ကုန်သွယ်မှု လိုက်လာတယ်။ သာသနာပြု မင်ရှင်နရီတွေ ဆက်လာတယ်။ နောက်ဆုံးမှာ ကိုလိုနီတွေအဖြစ်သိမ်းယူပြီး အဆီအနှစ်တွေကို စုပ်ယူသွားတယ်။ ပင်လယ်ဓါးပြအရင်က စိတ်ကြမ်း၊ လူကြမ်းကြီးတွေက သူများတွေနေတဲ့ နေရာဒေသတွေကို ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်ပြီး အုပ်စီးကြတာနဲ့စခဲ့တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရာဇဝင်ထဲမှာလဲ မကြီးကျယ်လှပေမဲ့ အဲလိုမျိုးတွေရှိခဲ့ပါတယ်။

အဏ္ဏဝါပြင်ကို ယာပြင်လိုသဘောထားနိုင်သူတွေက ပိုပြီးတွင်ကျယ်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့က အရှေ့တောင်နဲ့ အနောက်မြောက်ဘက်ဆီကို တောနဲ့တောင်တွေကိုကျော်ဖြတ်ပြီး တိုက်ယူခဲ့ဘူးတယ်။ တကယ်တန်း ကိုယ့်တိုင်းပြည်ကို ဝင်ပြီးအုပ်စီးပြီး အဆီအနှစ်တွေကိုထုတ်ယူမဲ့သူတွေက ပင်လယ်ကနေသာ ဝင်လာကြတာပါ။ အဲတာ အရင်ခေတ်တွေက။

ခေတ်သမိုင်းမှာတော့ ကိုယ့်ပင်လယ်ထဲကထွက်သမျှ သဘာဝအရင်းအမြစ်တွေကို လက်ညှိုးထိုးရောင်းစားတယ်။ ရောင်းတဲ့သူတွေကသာ စားရတာပါ။ သူများတွေကို ငါးကိုကြိုက်သလိုဖမ်း၊ ပင်လယ်ဆိပ်ကမ်းနဲ့ စီးပွါးရေးဇုန်နဲ့ ကုံလုံစေခဲ့တယ်။ ရာဇဝင်ထဲမှာ ကိုယ့်တိုင်းပြည်နဲ့ စစ်မက်အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့နိုင်ငံကို ဘာမဆို ကြိုက်သလို လုပ်စေရက်တယ်။ တချို့အစိုးရတွေက ဆိုးတယ်။

ဒီစာကိုရေးခဲ့တာ လေးနှစ်ရှိပြီ။ ပင်လယ်ကိုမသုံးပဲ မစ်ရှင်နရီတွေလာတဲ့ခေတ်ရောက်လာပြီလို့ ထပ်ဖြည့်ရတော့မယ်။ တချို့အစိုးရမဟုတ်တာတွေက ဆိုးတယ်။

- မြစ်ပြင်ရယ် ကျယ်ပါဘိ၊
- ငါးတွေ သည်မြစ်ကြောမှာပေါပါဘိ၊
- သို့သော် သည်ပိုက်ဆွေးနဲ့ လိုက်ရေးမလွယ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၄
၂၄-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး