Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိ အလာဂျီ ပျောက်ဆေး

၁။ မင်္ဂလာပါ ဆရာ ကျမ တခုလောက် မေးချင်လို့ပါ အသက် ၂၇ နှစ်ပါ အလာဂျီ ဖြစ်နေတာဒါ တနှစ်ကျော်ပါပြီရှင့် ဖြစ်စတုန်းကတော့ ၃ ရက်ခြား တခါဘဲ ဖြစ်တတ်ပါတယ် အခုဆိုရင် တရက်ခြား ဖြစ်နေပါတယ်ရှင့် ဆေးကတော့ ဆရာဝန်တယောက်ညွှန်လို့ Cetirizine သောက်နေပါတယ်ရှင့် ဒါပေမယ့် အခု ကိုယ်ဝန်နဲ့ဖြစ်လို့ အဲ့ဆေးကို ဆက်သောက်လို့ ရပါမလား ဆရာ ပျောက်အောင် ဘယ်လို ကုရမလဲ ဆရာ အခုဆိုရင် လျှာမှာတောင်မှ ဖြစ်တတ်ပါတယ်ရှင့် ဘယ်လိုလုပ်ရမလဲ ဆိုတာပြောပြပေးစေချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ် ဆရာ

၂။ ဆရာမင်္ဂလာပါ။ ကိုယ်ဝန်ဆောင်က ၉လ ပါဆရာ။ cetrine သောက်လို့ရပါသလားဆရာ။ နှာအရမ်းစေးနေလို့ပါ။ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးပါနော်။ ကျေးဇူးပါ။

၃။ ဆရာရှင့် ကျမအသက်၂၉ နှစ်ရှိပါပြီ။ ကိုယ်ဝန်ဆောင်တာ ၇ လထဲရောက်ပါပြီ။ ယခု ဖျားနာချောင်းဆိုးနှာစီး၍ OG မှ cefalexin, dextromethrophan, paradenk, bisolvan, cetrine ဆေးများပေးထားပါသည်ရှင့်။ သောက်တာ ၃ ရက် ရှိသွားပါပြီ။ ၄င်းဆေးများထဲမှ ကလေးအပေါ် side effect တခုခု ရှိမလားသိချင်ပါသည်ရှင့်။ ကိုယ်ဝန်ဆောင်များ ရှောင်သင့်သောဆေးများလည်း သိချင်ပါသည်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ ကျေးဇူးတင်ပါသည်ရှင့်။

၎။ ဆရာရှင့် ကိုယ်ဝန်ဆောင်တွေက Cetrine သောက်လို့ရပါလားဆရာ။ သားဦး ၂ လပါ။ အသက်က ၂၄ ပါ။ ယားဘုတွေထွက်နေလို့ပါဆရာ။

၅။ အအေးပတ်တာပါ။ အသက် ၃၁ နှစ်။ အမျိုးသမီး။ ၂ နှစ်အရွယ် သားတယောက်ရှိပါတယ်။ ဒုတိယ ကိုယ်ဝန် ၁၄ ပတ်ပါ။ အဖျား ၁ဝဝ ရှိပါတယ်။ မနေ့က ဆရာဝန်သွားပြတော့ အအေးပတ်တယ်ပြောတယ်။ Biogesic သောက်ခိုင်းတယ် ဆရာ။ အဲဒါသောက်ရင် ဗိုက်ထဲကကလေးထိခိုက်နိုင်လားရှင့်။

၆။ သမီးနာမည်က့ ပါ။ မန္တလေးမှာနေပါတယ်။ ကိုယ်ဆောင်စဉ် နှာခေါင်းပိတ်တာ ဘာမီတွန်သောက်လို့ရပါသလား။ အထဲကကလေးထိခိုက်မှာစိုးလို့ပါ။

၇။ ဆရာ ကိုယ်ဝန်ဆောင်စဉ် နှာမွှန်ဖျားနာဝေဒနာအတွက် ဘာမီတွန်၊ စီထဇင်း သောက်လို့ဖြစ်ပါသလားဆရာ။

၈။ ဆရာ ကိုယ်ဝန်ဆောင်စဉ် နှာမွှန် ဖျားနာဝေဒနာအတွက် ဘာမီတွန်၊ စီထဇင်းသောက်လို့ဖြစ်ပါသလားဆရာ။

၉။ ၃၄ နှစ် (မ) ကိုယ်ဝန် ၈ ပတ်။ ညဘက်နှာပိတ်တာ၂နှစ် ရှိပြီဆရာ။ နေ့ခင်းဘက် မပိတ်ပါ နှာပိတ်၍အိပ်မရ  အလုပ်အကိုင် ထိခိုက်ပါသည်။ ENT (Yangon) ကိုပြဖူးသည်။ RHINO (loriditine + နောက်တမျိုး) VitaCee Citrizine ၂ ပတ်စာ သောက်ခိုင်းသည်။ သောက်လိုက်ရင်ပျောက်သွားပြီး ၁ လလောက်ဆို ပြန်ဖြစ်လာတယ်။ ခုဆို ကိုယ်ဝန် 8 weeks ထဲရောက်နေ၍ ဘာဆေးမှမသောက် ဖြစ်တော့ပါ။ ကိုယ်ဝန်နဲ့ နှာပိတ်တာအတွက် ဘာဆေးသောက်လို့ရလဲ အထက်က ဆေးများသောက်လို့ရနိုင်မည်လား။ အသက်ရှူကြပ်၍ ညဘက်မအိပ်ရပါ။ ကျေးဇူးတင်စွာဖြင့်။

အတိုဆုံးပြောရရင် ရပါတယ်။ Burmeton ဘာမီတွန်၊ Cetrizine စီထဇင်းတွေက Antihistamine (အင်တီဟစ်စတမင်း) ဖြစ်တယ်။ အိမ်သုံးဆေးလို လူသုံးများတယ်။ မသောက်ဘူးသူ မရှိပါ။ အများဆုံးက Allergic rhinitis နှာမွန်တာ၊ Cold အအေးမိတာနဲ့ အလာဂျီဖြစ်တာ၊ ယားယံတာအတွက်သုံးတယ်။ သူ့တမျိုးတည်းဖြစ်ဖြစ် တခြား ဆေးတွေနဲ့ရောပြီးဖြစ်ဖြစ် ဥပမာ ချောင်းဆိုးပျောက်ဆေး။

အအေးမိရင် အင်တီဟစ်စတမင်းဆေးပေးရတယ်။ အရင်ပေါ်ဆေးတွေက ကိုယ်ဝန်ဆိုရင် ပိုပြီးစိတ်ချနိုင်တယ်လို့ ပြောလို့ရတယ်။ နောက်ဆေးတွေက ပေါ်တာသိပ်မကြာသေးတော့ လေ့လာမှုနည်းသေးလို့ ယှဉ်ပြောရတာဖြစ်ပါတယ်။ စိတ်ချရရတယ်ဆိုပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုသလို များသွားရင် အထဲကကလေးကို ထိခိုက်စေမလား သတိထားရတယ်။ နို့ထဲကိုလဲ နည်းနည်းလေးသာရောက်လာလို့ ကလေး နို့တိုက်နေတုန်းလဲ သောက်နိုင်တယ်။ ဆေးက အိပ်ချင်တာကိုတော့ သိထားရမယ်။ စိုးရိမ်ချက်သာဖြစ်ပြီး တကယ်တန်း ကလေးမှာရောဂါရစေတာ မရှိသေးပါ။ သတိပေးချက်တခုက ကိုယ်ဝန် ၃ ပါတ်ကနေ ၁၁ ပါတ်အတွင်းမှာ သတိနဲ့သုံးပါတဲ့။

ပဌမမျိုးဆက်ဆေးတွေက Brompheniramine, Chlorpheniramine, Dimenhydrinate, Diphenhydramine, Doxylamine, Hydroxyzine, and Pheniramine တွေဖြစ်တယ်။
Doxylamine နဲ့ Dimenhydrinate တွေကို အအန်ပျောက်ဆေး၊ ကားမူးပျောက်ဆေးအဖြစ် သုံးတယ်။

ဒုတိယမျိုးဆက်ဆေးတွေကတော့ Cetirizine, Desloratadine, Fexofenadine, and Loratadine တွေဖြစ်တယ်။ သုတေသနတွေလုပ်တယ်။ Cetirizine နဲ့ Fexofenadine တွေကို ကိုယ်ဝန်တွေသုံးတော့ မလိုလားအပ်တာတွေ မဖြစ်တာတွေ့ရတယ်။ Loratadine နဲ့ Desloratadine တွေကိုလေ့လာတော့ အများအားဖြင့် စိတ်ချရတာတွေ့တယ်။ သုတေသနတခုမှာဘဲ Hypospadias ဆိုတဲ့ ယောက်ျားလေးတွေမှာ မွေးရာပါ ဆီးထွက်ပေါက် နေရာမမှန်တာ  နဲနဲပိုများတာတွေ့ရတယ်။

ကိုယ်ဝန်နဲ့ အနာသက်သာဆေးများ
ကိုယ်ဝန်ဆောင်နေရင် ဆေးသောက်တာသတိထားကြဘို့ ကောင်းတယ်။ အထူးသဖြင့် ပဌမ ၃ လအတွင်း။ အအေးမိတာ၊ တော်တော်တန်တန် နာတာကိုက်တာက ဆေးလဲမလိုပါ။ ဆေးသောက်ရပြီဆိုရင် ဆေးထိရောက်မှုအတွက် အနည်းဆုံး လိုအပ်ချက်နဲ့ အတိုဆုံးရက်သာသုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးက ပိုပါတယ်။

Paracetamol ပါရာစီတမောဆေးကို နာတာ၊ ကိုက်ခဲတာ နဲ့ ကိုယ်ပူကျဘို့သုံးတယ်။ ကိုယ်ဝန်နုနုရင့်ရင့်သုံးပေမဲ့ စိတ်ချရတယ်။ ဆေးအဆကိုတော့ သတိထားတာ မမှားဘူး။

Ibuprofen အိုဘူပရိုဖင်ဆေးကလဲ နာတာ၊ ကိုက်ခဲတာနဲ့ ကိုယ်ပူကျဘို့သုံးတယ်။ ပါရာစီတမောလိုတာ့ စိတ်မချသင့်ဘူး။ ကိုယ်ဝန် ၆ လအထိအတွက်။ တတိယ ၃ လမှာတော့ မသောက်ဘဲနေတာ ကောင်းတယ်။ ကိုယ်ဝန် ပဌမ ၃ လ (၁-၁၃ ပါတ်) အတွင်းသောက်သူတွေကိုလေ့လာတော့ ကိုယ်ဝန်ပျက်ရသူ အရေအတွက် ပိုများတာ သိထားရတယ်။ ဒုတိယ ၃ လ (၁၄-၂၇ ပါတ်) အတွင်းမှာ စိတ်ချနိုင်တယ်။ တတိယ ၃ လ (၂၈-၄ဝ ပါတ်) အတွင်း ရှောင်နိုင်ရင် ကောင်းတယ်။ တချို့မှာ သွေးဖိအားများရာကနေ ကလေးအဆုပ်ကိုသက်ရောက်တာ၊ မွေးဖွါးရတာ အချိန်ပိုကြတာ၊ ရေမြွာရည်နည်းတာတွေ တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ