Army Water Bottle ရေဗူးပေါက်တာ မလိုချင်

ဗူးဘုရား ဘုရားဖူးဘူးတာကိုပြောရင်း ဗူး၊ ဖူး၊ ဘူး ဆိုတဲ့ ဆင်တူရိုးမှား စာလုံးတွေကို အထားအသို မမှားစေပဲ သူ့နေရာနဲ့သူ သုံးနှုန်းပုံကို ပညာသားပါပါ ရေးပြသွားတာ တကယ်လေးစားမိပါတယ်ဆရာ။ ဒါကိုပဲ Comment တွေမှာ ဗူး ဘူး ဖူး မှားသုံးနေတာကို တွေ့မိတော့ အတော် အံ့သြမိတယ်။

၁။ ဘူးလား ဖူးလားဗျ ဆရာ စားဖူးသလား စားဖူးတယ် မစားဖူးဘူး စားမလား မစားဘူး သုံးဖူးသလား သုံးဖူးတယ် မသုံးဖူးဘူး သုံးမလား မသုံးဘူး ရောက်ဖူးသလား ရောက်ဖူးတယ် မရောက်ဖူးဘူး

၂။ ဆရာခင်ဗျာ။ ဘူးသီး၊ ဗူးသီး၊ နှာဘူး၊ နှာဗူး၊ မည်သည်က အမှန် ကျေးဇူးပြု၍ အများသိရန် ဖော်ပြပေးပါခင်ဗျား။

၃။ ဆရာ နို့ဆီဗူးလား နို့ဆီဘူးလားသိပါရစေရှင့်။

၎။ အတွေ့အကြုံဆိုဖူးလို့ မှတ်ထားတာ ဘူးက အငြင်းဝါကျမှာသုံးတာလို့ မှတ်ထားတာ

၅။ ကျွန်တော်လည်းဖြစ်ဘူးလို့ ဘူးအစား ဖူးကိုသုံးရမှာမို့လားဆရာ။ စားဖူးတယ်၊ သွားဖူးတယ်၊ ဖြစ်ဖူးတယ်။
ဘူးက အငြင်းဝါကျ။

၆။ ဆရာရေးတဲ့ ဝန်ကြီးဆိုပြီး အကြာကြီးခေါ်ခံရဘူးတယ်။ အဲဒီ့မှာ ဖူးသုံးရမှာလား၊ ဘူးသုံးတာက အမှန်လား။

၇။ ဆရာခင်ဗျာ ဒုတိယတန်းသင်္ချာထဲမှ နို့ဆီဘူး သတ်ပုံ ခွဲခြားပေးပါခဗျား။

ပို့ပေးတဲ့ ဒုတိယတန်းသင်္ချာထဲမှာ နို့ဆီဗူးရေးလိုက်၊ နို့ဆီဘူးရေးလိုက် တွေ့ရတယ်။ နို့ဆီဗူးက မှန်မယ်ထင်ပါတယ်။ မကြာမကြာပြောလာကြတယ်။ အငြင်းသဘောမှာသာ ဘူးသုံးရပါတယ်တဲ့။ မြန်မာစာမှာ ဖေါ်မြူလာလုပ်တာတွေကို ဆန်းစစ်ကြည့်တော့ အားနည်းချက်တွေတွေ့မိပါတယ်။ ရေတွက်လို့ရတာကို တစ်ဆိုတာ အကုန်မမှန်ပါ။ ဂဏန်းကိုသာ တစ်ရတယ်။ မ နောက်က ဘဲ လိုက်လည်း နေရာတိုင်းမှာ မမှန်ပါ။ ငြင်းဆိုတာကို ဘူးလည်း အပြည့်အစုံ မမှန်ပါ။ ဥပမာ ကြားဘူးနားဝ အငြင်းမဟုတ်ပါ။ ဘုရားဖူးဘူးသည် အငြင်းမဟုတ်ပါ။

ဘူး
နဘူးနွယ်ပင်
ကြားဘူးနားဝ (အငြင်း မဟုတ်)
ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)
ဘူးကွယ်သည်
ဘူးခံ (နောက်သတ်ပုံ)
ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)
ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)
ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)
ဘူးသပိတ်ပင် (နောက်သတ်ပုံ)
မကြားဘူး
မဖြစ်ဖူးဘူး (နောက်သတ်ပုံ)
မမြင်ဘူး
မလိုက်ဘူး (နောက်သတ်ပုံ)
မရောက်ဘူး
ဆေးဘူး (နောက်သတ်ပုံ)၊ ဆေးဗူး (ယခင်သတ်ပုံ)
ထောင်ဘူးဝ (နောက်သတ်ပုံ)

ဖူး
ကမ်းနဖူး
စိတ်ဖူး
ဆတ်သွားဖူး
ထိပ်ဖူး
နဖူး
ဖူးငုံ
ဖူးစာ
ဖူးဖူးမှုတ်သည်
ဖူးမြင်သည်
ဖူးတွေ့သည်
ဖူးမြော်သည်
ဖူးရောင်သည်
ဖူးရွှေလက်တင်
ဘုရားဖူး
ပြောင်းဖူး

ဗူး
ခံဗူးကုထုံး
ခံဗူးရွာ
ဗူးခါးရေ
ဗူးဆို့
ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ
ဗူးပင်၊
ဗူးဘုရား
ဗူးမှုတ်
ဗူးလုံးနားမထွင်း
ဗူးသွင်းသည်
ဗူးသီး
ဗူးတောင်း
ဗူးလေးရာ ဖရုံဆင့်
ဆေးဗူး (ယခင်သတ်ပုံ)
ရေဗူး

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။ ဗူးတလုံးဆောင် အိုတောင်မဆင်းရဲလို့သာရေးရတယ်။ ဘူးခံပြီး ငြင်းတာကို ပြောတာ မဟုတ်ပါ။ ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။ ဗူးဆို ဖရုံမသီးတာနေရာတိုင်းမှာတော့ မကောင်းပါ။

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

မြန်မာစာမှာ ဖေါ်မြူလာတွေ အသုံးများတာတော့ မှန်တယ်။ နေရာတိုင်းမှာတော့ တရားသေမှတ်မရပါ။ မြန်မာစာကို ယူနီဖေါင်းဝတ်ပေးလို့မရပါ။ မူကွဲရှိတယ်။ ဗူးလေးရာ ဖရုံမဆင့်သင့်ပါ။

ရေဗူးပေါက်တာမလိုချင်ဘူးခေတ်ကစပြီး အစိမ်းရောင်ရေဗူးထဲကထွက်မှသာ မှန်တယ်ထင်ကုန်ကြတယ်။ ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲကို မသိဘူး မလုပ်ဘူး မယူဘူးဆိုတဲ့ ဘူတလုံးဆောင်လို့ ထင်ကုန်ကြတယ်။ ဗူးလေးရာ ဖရုံဆင့်ခံရတယ်။ ပြောရင်လည်း ဗူးလုံးနားမထွင်းဖြစ်နေကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ