Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ

၁။ မင်္ဂလာပါ ဆရာရှင့်။ သမီးအသက် ၂၆နှစ်ပါရှင့်။ Single ပါရှင့်။
TSH- High
T3 -Low
T4-Low
Hypothyroidism လို့ပြောပါတယ်။ Hypothyroidism အကြောင်းလေး ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာကြီးရှင့်
TSH -6.38
Free T3 -2.17
Free T4 -4.3 သွေးစစ်အဖြေပါရှင့်။

အရင်ရေးထာတဲ့စာ ပို့ပါမယ်။

၂။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်ကအခု ၃၂ ပါဆရာ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က Hypothyroid ဖြစ်လို့ တနှစ်လောက် ဆေးစွဲသောက်ခဲ့ရပါတယ်ဆရာ။ ၂ဝ၁၅ ထဲမှာ ဆေးဆက်မသောက်ခိုင်တော့လို့ ရပ်လိုက်ပါတယ်။ အခုကလေးယူဖို့လုပ်တော့ ကလေးမရလို့ OG နဲ့ပြတော့ OG က သွေးပြန်စစ်ခိုင်းလို့ ပြန်စစ်တော့ TSH ပြန်တတ်နေတာတွေ့ပါတယ်ဆရာ။ OG က ကလေးယူဖို့ဆက်မကြိုးစားဖို့ပြောပါတယ်ဆရာ။ တကယ်လို့များ ကလေးရခဲ့ရင် ကလေးဘယ်လိုဖြစ်နိုင်ပါသလဲသိချင်လို့ပါဆရာ။ ပြီးတော့ ဒီရောဂါက ဘယ်လိုပြုမှုနေထိုင်စားသောက်ရင် မြန်မြန်ပျောက်ကင်းနိုင်ပါသလဲဆရာ။ သမီးကိုကျေးဇူးပြုပြီးရှင်းပြပါလားဆရာရှင့်။

ကိုယ်ဝန်ဆောင်ရင် TSH ဟော်မုန်းတက်လာနိုင်တယ်။ အီစထိုဂျင်လည်းတက်တယ်။ TBG လည်းတက်တယ်။ FT3 နဲ့ FT4 တက်မယ်။ ဒါပေမယ့်လည်ပင်းကြီးဟော်မုန်းနည်းသူ ကိုယ်ဝန်ဆောင်ရင်တော့ သွေးတိုးစေနိုင်တယ်။ သွေးအား နည်းစေနိုင်တယ်။ ကလေးကိုယ်အလေးချိန်နည်းနိုင်တယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ ကလေးဖွံ့ဖြိုးမှု (ဦးနှောက်အပါအဝင်) များစေနိုင်တယ်။

၃။ ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလိုရှိပါတယ်။ အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ။ လွန်ခဲတဲ့ ၂ နှစ် နီးပါးလောက်က Thyroid ရောဂါဖြစ်လို့ လည်ပင်းက အကျိတ်ကို ခွဲထုတ်လိုက်ပါပြီ။ အခု ဟိုမုန်းဓါတ်နည်းလို့ဆိုပြီး Thyroxine sodium 100mg ကို တနေ့ တလုံးစား နေရပါတယ်။ အခု အသက်ရှူမဝတဝ (သို့ ) အသက်တဝက်ဘဲ ရှုရသလိုဖြစ်နေပြီးတော့ မကြာမကြာ အသက်ပြင်းပြင်း ရှူပေးရပါတယ်။ နောက်ပြီး နှလုံးတုန် ရင်တလှပ်လှပ်ဖြစ်ပြီး ခြေလက်အားမရှိပါဘူး။ အခြေအနေက ဖြစ်လိုက် ပျောက်လိုက်ပါ။ ခုရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။ တပတ်မှာ သုံးလေးရက်လောက်ပါ။ အလုပ်မလုပ်လည်းဖြစ်ပါတယ်။ ဒီနှစ်ခုက တပြိုင်တည်း ဖြစ်တတ်သလို တခုချင်းလည်း ဖြစ်ပါတယ်။ အသက်ရှူ မဝတာက ငယ်ငယ်က ဖြစ်ဖူးတယ်။ နောက်ပိုင်းမှာ မဖြစ်တော့ဘဲနဲ့ လည်ပင်းခွဲခါနီးနဲ့ ခွဲပြီးနောက်မှ ပြန်ဖြစ်ပါတယ်။ ရင်တုန်တာက မခွဲခင်က ဖြစ်ပြီးတော့ ခွဲပြီးနောက်ပိုင်း အဖြစ်များလာတယ်။ နောက်တခုက ဇက်ကျောတက် ခေါင်းကိုက်ပါ။ ဒါကတော့ အမြဲလိုလို ဖြစ်နေပါတယ်။ နေကောင်းတဲ့ရက် တလမှာ ငါးရက်လောက်ပဲ ရှိပါတယ်။ ဆေးစစ် သွေးစစ်တော့လည်း Thyroid ဟိုမုန်း နည်းတာကလွဲပြီး ဘာရောဂါမှ မရှိပါဘူးတဲ့။ နှလုံး၊ သွေးတိုး၊ အားလုံး ကောင်းတယ်တဲ့။ နှလုံးခုန်နှုန်းက 78/min ပါ။ လည်ပင်းကြီးကြောင့် ခွဲခဲ့ရတာကို တိတိကျကျ မသိရသေးဘူး။ အရွယ်ကြီးနေလို့လား၊ ဟော်မုန်းများနေလို့လား။ ဘယ်နိုင်ငံမှာ ဘယ်အဆင့် ဆေးရုံမှာ ခွဲလဲ မသိပါ။ ခွဲလိုက်တုံးက လည်ပင်းကြီး-အကျိတ်ကို လိုတာထက် ပိုခွဲထုတ်လိုက်မိတယ် ထင်ရတယ်။ ခွဲစိတ်ဆရာဝန်ကို အပြစ်တင် ပြောချင်တာတော့ မဟုတ်ပါ။ ဘယ်လောက်အထိ ခွဲစိတ် ထုတ်ရမလဲ ဆိုတာကလည်း ဆရာဝန်တွေ အားလုံးက လက်ခံထားတဲ့ ပုံသေနည်း မရှိလို့၊ များတာ-နည်းတာ ဖြစ်နိုင်ပါတယ်။

လည်ပင်းကြီး ခွဲရတာဟာ အင်မတန်ကို သတိကြီးရတဲ့ ခွဲစိတ်မှုဖြစ်တယ်။ မတော်လာ၊ လွဲချော်တာ၊ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ အများကြီး။ Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်းလွန်းတာ၊ သွေးယိုတာ၊ Recurrent Laryngeal Nerve အာရုံကြောထိတာ၊ Hypoparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်း နည်းတာ၊ Thyrotoxic Storm (သိုင်းရွိုက်) မုန်တိုင်းကျသလိုဖြစ်တာ၊ Superior Laryngeal Nerve အာရုံကြောထိတာ၊ ရောဂါပိုးဝင်တာ အားလုံးက အကြီးစားတွေပါ။

လည်ပင်းကြီးဟော်မုန်းနည်းရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ တချို့က ဘာမှ မဖြစ်သလိုဘဲ နေတတ်တယ်။ သာမန်ဖြစ်သူတွေမှာ အားယုတ်၊ စိတ်ကျ၊ ကိုယ်အလေးချိန်တိုး၊ အအေးမခံနိုင်၊ အိပ်ချင်စိတ်များ၊ ဆံပင်ခြောက်၊ အသားအရေခြောက်၊ ဝမ်းချုပ်၊ ကြွက်သားနာ၊ (ကိုလက်စတီရော) များ၊ အာရုံစိုက်မှုနည်း၊ ဟိုက-ဒီကနာ၊ ခြေထောက်ရောင်၊ ကြာရင် မျက်လုံးဘေးမှာ ဖေါင်း-ရောင်လာ၊ နှလုံးခုန်နှုန်းနှေးလာ၊ ကိုယ်အပူချိန်ကျလာ၊ နှလုံးရောဂါဝင်လာ၊ ဒိထက်ဆိုးလာရင် Myxedema coma သတိလစ်တာ ဖြစ်နိုင်တယ်။

လူဦးရေရဲ့ ၃% မှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။

ဆေးကုရတာမှာ တသက်တာကုဘို့ လိုတယ်။ (T4) ဆေးမပေါ်ခင်က တိရစ္ဆာန် လည်ပင်းအကျိတ်ကနေ ထုတ်တဲ့ဆေး ပေးခဲ့တယ်။ Thyroxine sodium 100mg က T4 ဖြစ်ပါတယ်။ ဆေးကို 1.6-1.7 micrograms per kilogram per day ပေးရတယ်။ ကလေးတွေကို ပိုပေးရတယ်။ ဆေးစပေးပြီးနောက် ၁ လ၊ ၁လခွဲမှာ ပြန်စစ်ပြီး ဆေးအဆ ပြင်သင့် ပြင်ရတယ်။ ဆေးကို မနက်ခင်း အစာ မစားခင် နာရီဝက် ကြိုသောက်သင့်တယ်။

ဒီဆေးနဲ့ Amphetamines (အလာဂျီ) အတွက်ဆေး၊ Antacids အက်စစ်ပျယ်ဆေး၊ Anticoagulants သွေးမခဲဆေး၊ Antidepressants စိတ်ကျဆေး၊ Aspirin အက်စ်ပရင်၊ Metoprolol, Propranolol (ဘီတာ-ဘလော့ကာ) ဆေး၊ Cholestyramine ကိုလက်စတီရောကျဆေး၊ ဆီးချိုဆေး၊ Digoxin နှလုံးဆေး၊ Estrogens မ-ဟော်မုန်းဆေး၊ သံဓါတ်ဆေး၊ Methadone အကိုက်-အနာသက်သာဆေး၊ ကိုယ်ဝန်တားစားဆေး၊ Phenytoin အတက်သက်သာဆေး၊ Theophylline ပန်းနာဆေး၊ ဗီတာမင်တွေနဲ့ တချိန်တည်း တွဲမသောက်သင့်ဘူး။

ဆေးကုလို့ ကောင်းတယ်ဆိုတာ Cognition and Mood စိတ်ပိုင်းဖြစ်စဉ်နဲ့ အမူအယာနှစ်ခုက ကောင်းလာရပါမယ်။

၎။ ဒေါက်တာရှင့် Thyroid နဲ့ပတ်သက်ပြီး လည်ပင်းခွဲပြီးတဲ့နောက်မှာ ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိဖြစ်မှာလဲရှင့် အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ။

လည်ပင်ကြီးခွဲပြီးလို့ဖြစ်ရတဲ့ ထုံတာပျောက်သွားဘို့ မဖြစ်နိုင်တော့ပါ။ ခွဲပြီးတာမကြာသေးရင်တော့ ဖြေးဖြေး တိုးတက်လာနိုင်ပါတယ်။ ဓါးနဲ့ခွဲရတယ်ဆိုတာ လည်ပင်းမှ မဟုတ်ပါ၊ ဘယ်နေရာခွဲခွဲ အလှီးဖြတ်ခံရရင် ထိခိုက်ရတယ်။ အရိုး၊ ကြွက်သား၊ အဆီ၊ အရေပြား၊ အမှေးပါး၊ အရွတ်၊ ဒါတွေက အသစ်ပြန်ဖြစ်နိုင်တယ်။ သွေးကြောဆိုရင်တောင် ပြန်ဖြစ်သေးတယ်။ အာရုံကြောကတော့ ဒါးနဲ့ခွဲတာ မဟုတ်ဘဲ၊ ထိခိုက်မိတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ်၊ ပြန်ကောင်းဘို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ဓါးမသုံးဘဲ ခွဲစိတ်နည်းတွေ အတော်အောင်မြင်လာနေပြီ။ အကြီးအကျယ်လုပ်နေတဲ့ Stem cell သုတေသနအောင်မြင်လာရင် ဖြစ်လာနိုင်ပါတယ်။

1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://dts-medicaleducation.blogspot.in/2010/07/carbimazole.html
2. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/hyperthyroidism-and-fertility.html
3. Hyperthyroidism လည်ပင်းကြီးရောဂါ http://doctortintswe.blogspot.com/2015/03/hyperthyroidism.html
4. Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂) http://dts-medicaleducation.blogspot.in/2011/01/hypoparathyroidism.html
5. Hypothyroid in Children (1) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၁) http://dts-medicaleducation.blogspot.in/2013/10/hypothyroid-in-children.html
6. Hypothyroid in Children (2) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၂) http://dts-medicaleducation.blogspot.in/2013/10/hypothyroidism-in-infants-and-children.html
7. Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁) http://dts-medicaleducation.blogspot.in/2010/09/hypothyroidism.html
8. Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.in/2011/01/iodine.html
9. Levothyroxine and Breastfeeding လည်ပင်းကြီးဆေးနဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2015/12/levothyroxine-and-breastfeeding.html
10. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html
11. Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး http://doctortintswe.blogspot.com/2016/01/papillary-carcinoma-of-thyroid.html
12. Thyroid Disorders လည်ပင်းကြီးရောဂါတွေ http://doctortintswe.blogspot.com/2015/01/thyroid-disorders.html
13. Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
14. Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
15. Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
16. Thyrox လည်ပင်းကြီးဟော်မုန်းဆေး တသက်လုံးပေး http://dts-medicaleducation.blogspot.in/2013/09/thyrox.html
17. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး