Umbilical cord care ကလေးချက် စောင့်ရှောက်နည်း
၁။ မင်္ဂလာပါဆရာ ကျွန်တော့်တူ လေးတယောက်ပြီးခဲ့သည့် တနင်္ဂနွေနေ့ကမွေးတာ တပတ်ကျော်သည်အထိ ချက်ကြိုးမပြတ်သဖြင့် အလွန်စိတ်ပူမိပါတယ်ဆရာ။ ကျေးဇူးပြု၍ ချက်ကြိုးကို ဘယ်လိုကြွေအောင်ပြုရမည်ကို ရှင်းပြစေလိုပါတယ်ဆရာ။
၂။ ဆရာ ကျွန်မအသက်က ၃၂ နှစ်ပါ။ ကလေးက ၃ ပါတ်ပါဆရာ ခွဲမွေးပါတယ်။ ကလေးချက်မှာ အရည်နည်းနည်း ထွက်လို့ပါ။ မနံပါဆရာ။ ဆေးရုံသွားပြတော့ ကလေးအထူးကုဆီသွားခိုင်းပါတယ်။ အဲဒါ ကမန်းကတန်း မြို့တက်ပြီး အထူးကုကိုပြတော့ ပေါင်ဒါတမျိုးပေးပါတယ်။ ချက်မှာဖြူးဖို့ အဲဒါကိုသူများတွေက ပြောကြပါတယ်။ မထည့်ဖို့ နောက်ငါးနှစ်နေရင်ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး။ ဆရာကပဲ သံသယတွေကို ရှင်းပေးပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
၃။ မင်္ဂလာပါဆရာ။ ဆရာရဲ့ကျေးဇူးကြောင့် ၂၁-၁ဝ-၁၅ က သားသားလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါပြီဆရာ။ ၃ ရက်မြောက်နေ့က သားသားချက်ကြိုးကို သူ့ခြေထောက်လေးနဲ့ကန်မိလို့ သွေးနည်းနည်းထွက်သွားတယ်ဆရာ။ ကလေးဆရာဝန်က ဘီတာဒိုင်းထဲ့ပေးပြီး ဆေးတလုံးထိုးပေးထားတယ်။ ဒီနေ့ ၅ ရက်မြောက်နေ့မှာ ဆေးရုံကဆင်းတယ်။ အိမ်ရောက်တော့ ချက်လေးက နည်းနည်းဆိုနေတယ်ဆရာ။ စိုးရိမ်ရသလားဆရာ။ ချက်က ဘယ်နှစ်ရက်နေမှ ကြွေလဲဆရာ။ ချက်ကြိုးကိုခိုက်မိရင် ဘာဖြစ်နိုင်သလဲဆရာ။ ဆေးခန်းသွားရင့့် ကနေ မန္တလေးထိ အဝေးကြီး သွားရတာမို့ ပိုစိတ်ပူမိပါတယ်ဆရာ။
ကလေးချက်ကြိုး ဘယ်လိုအရေးပါသလည်း။ အမေဗိုက်ထဲမှာ ကလေးဟာချက်ကြိုးနဲ့ အသက်ရှင်ခဲ့တာပါ။ အမေ့ဆီက လိုတာမှန်သမျှ (မလိုတာလည်းပါတတ်တယ်) အကုန်ရခဲ့တယ်။ မွေးပြီးရင်တော့ မလိုတော့ပါ။ မိခင်ကိုယ်ထဲကထွက်ပြီး ချက်ချင်း ချက်ကြိုကိုးကို ညှပ်ပြီးဖြတ်ပစ်ရတယ်။ ကလေးမှာလုံးဝမနာပါ။ ဖြတ်လိုက်တဲ့ Umbilical stump ချက်ကြိုး အတိုအစလေး ကျန်နေမယ်။
နှစ်စဉ် တကမ္ဘာလုံးမှာ တနှစ်အောက်ကလေးပေါင်း ၃့၃ သန်းသေဆုံးနေရတာထဲမှာ ၃ဝ% ကရောဂါပိုးကူးစက်လို့ ဖြစ်တယ်။ အဲတာထဲမှာ ချက်ကနေကူးစက်တာလည်းပါတယ်။
ချက်ကနေ မေးခိုင်ပိုးမဝင်အောင် ကိုယ်ဝန်ဆောင်တိုင်းကို ATT ခေါ်တဲ့မေးခိုင်ကာကွယ်ဆေး ၂ ကြိမ်းကို၊ တခါနဲ့တခါ တလခြားထိုးပေးရတယ်။ ကလေးတွေ မေးခိုင်ဖြစ်လို့ကတော့ ၂ ယောက်မှာ ၁ ယောက်ရှင်အောင် မနည်းလုပ်ရတယ်။ တနေ့က ဂျပန်မှာနေတဲ့ ကိုယ်ဝန်ဆောင်တယောက်က အဲဒီမှာ ကာကွယ်ဆေးထိုးမပေးလို့ စိုးရိမ်ပြီးလှမ်းမေးတယ်။ မေးခိုင်ရောဂါ ဂျပန်မှာမဖြစ်လို့ ထင်ပါတယ်။ အလားတူပဲ အမေရိကန်ဆေးကျောင်းတချို့မှာ တီဘီရောဂါအကြောင်း သင်မပေးတော့ဘူးလို့ လွန်ခဲ့တဲ့ ၃-၄ နှစ်က ဖတ်လိုက်ရတယ်။
ချက်ဘယ်တော့ ချက်ကြွေသလည်း။ ၇ ရက်ကနေ ၂၁ ရက်ကြာတယ်။ စောစောကြွေရင် အနာလေးလိုကျန်အုံးမယ်။ ချက်အတိုစကို ခြောက်သွေ့စေပါ။ (ဒိုင်သာပါ) ကို ချက်နေရာနဲ့ ဝေးအောင်ခေါက်ထားပေးပါ။ ဆီးနဲ့မထိအောင် လိုရင်လည်း ကိုက်လိုက်ပါ။ ချက်မကြွေမချင်း ကလေးကိုရေမချိုးသေးပဲ ရေပတ်တိုက်ပေးပါ။ ဒိုင်ယာပါနဲ့ တီရှပ်သာ ဝတ်ဆင်ပေးပါ။ စတိုင်မထုတ်ချင်ပါနဲ့အုံး။ ချက်စလေးကို ဆွဲမကိုင်ပါနဲ့။
ချက်ကြွေပြီး သွေးစလေးထွက်လည်း မပူပါနဲ့။ အရက်ပျံဂွမ်းနဲ့ သုတ်ပေးပါ။ အရည်လေးတွေလည်း ထွက်တတ်တယ်။ ဒါလည်း စိတ်မပူပါနဲ့။ ပိုးဝင်တာတော့ တချို့မှာဖြစ်တယ်။ ဘယ်လိုသိနိုင်မလည်း။ ချက်နားကိုထိရင် နာလို့ကလေးငိုမယ်။ အဲဒီနေရာ နီရဲပြီး နည်းနည်းလေးရောင်နေမယ်။ အနံ့လည်းရတယ်။ အရည် (အဖြူ ၊ အဝါ) ထွက်မယ်။ သွေးထွက်ချင် ထွက်အုံးမယ်။ သွေးထွက်များရင်တော့ မွေးရာပါသွေးရောဂါကို စစ်ရမယ်။ ကလေးချိုသိပ်မစိုချင် ဖြစ်တတ်တယ်။ ကိုယ်ပူနိုင်တယ်။ ချက်ကြိုးစလေးဟာ တဖြေးဖြေးနဲ့ အရောင်ပြောင်းလာမယ်။ ဖြုပြာပြာလေးကနေ ညိုတိုတိုဖြစ်လာမယ်၊ အမည်းရောင်ဖက် ပြောင်းလာမယ်။ နက်ခြောက်ပြီးမှ ကြွေတယ်။ ၄ ပါတ်နေလို့ ချက်မကြွေသေးရင် ကလေးအထူးကု ဆရာဝန်ပြပါ။
အမေရိကန် ကလေးဆေးပညာအကယ်ဒမီကတော့ ချက်အခြေနေရာကို အရက်ပျံဂွမ်းစနဲ့ တနေ့တခါ သုတ်ပေးပါလို့ အကြံပြုခဲ့တယ်။ ဒါပေမယ့် သုတေသနလုပ်သူတွေက အဲလိုလုပ်မနေပဲ ခြောက်အောင်ထားတာပိုပြီး ချက်ကြွေတာ မြန်တယ်လို့ သိရတယ်။
ကလေးငိုတိုင်း ချက်စူဖေါင်းထွက်လာတာကို Umbilical hernia ခေါ်တယ်။ အဲလိုချက်ကနေအူကျွံတာက ချက်ကို ဂရုမစိုက်တာနဲ့ တိုက်ရိုက်မဆိုင်ပါ။
မြန်မာပြည်လို မချမ်းသာတဲ့တိုင်းပြည်တွေမှာ ချက်ကနေရောဂါပိုးဝင်တာ မနည်းလှပါ။ Cipladine အနာဆေးထည့်တဲ့ ညှစ်ဗူးလေးကနေ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။ Betadine, Povidone iodine 9-12% လိမ်းဆေး သုံးပါ။ မွေးစကလေးချက်ကို (၁) ဘာဆေးမှမသုံးနည်းနဲ့ (၂) သန့်ရှင်းရေးလိုတဲ့နေရာတွေမှာ Povidone-iodine (Betadine) ဆေး သုံးနည်းတွေက နောက်ဆုံးလက်ခံတဲ့နည်းတွေဖြစ်ပါတယ်။
ချက်ကြိုးဖြတ်ကပ်ကြေး၊ ညှပ်အားလုံးသည် ပိုးသန့်ပြီးဖြစ်ရမယ်။ အခုတော့ တခါသုံးတွေသာသုံးကြတယ်။ အဲတာ မရနိုင်တဲ့နေရာတွေမှာ ချက်ကိုချည်မယ့်ကြိုးကို အရင်ကတည်းက နှစ်ချောင်းကျစ်ထားရတယ်။ အရက်ပျံမှာစိမ်ရတယ်။ ယမုန်နာဆေးခန်းလေးမှာ ဆရာမတွေကို ကြိုးကျစ်နည်းပါ သင်ပေးခဲ့ရတယ်။ အဲလိုကြိုးနဲ့ ကလေး ၄-၅ ယောက်ကို ချည်ပေးခဲ့ရဘူးတယ်။ ဒေလီမြို့ကြီးက မြန်မာဒုက္ခသည်ဆေးခန်းလေးမှာပါ။
ဓါတ်ပုံ = ၁၉-၉-၂ဝဝ၈ နေ့ မနက် ၃ နာရီ ၂ဝ မိနစ်မှာမွေးတဲ့ (ယမုန်နာဆေးခန်းရဲ့ ၄၈ ယောက်မြောက်) ကလေးချက်ကို ဆရာမ မချယ်ရီက ပြုစုပေးနေစဉ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment