Thursday, May 28, 2015

AsiaNews နဲ့ ဒေါက်တာတင့်ဆွေ အမေးအဖြေ

ရိုဟင်ဂျာအရေးဟာ ဗမာပြည်ရဲ့နိုင်ငံရေးကျားကွက်ပေါ်က ကျားတစ်ကောင်ဖြစ်တယ်။ ကင်းဝင်မယ့်ကျားလား ထိုးကျွေးထား တဲ့ကျားလား။ ဒီအရေးကို နိုင်ငံတကာကလည်း အထူးစိတ်ဝင်စားကြတယ်။ AsiaNews နဲ့ ဒေါက်တာတင့်ဆွေရဲ့ အမေး၊အဖြေ ကို ပြည်ပမီဒီယာမှာ တင်နေကြတယ်။ အင်္ဂလိပ်ဘာသာအပြင် အခြားဘာသာတွေနဲ့လည်း ဖော်ပြနေကြတယ်။အဲဒီ အမေး၊ အဖြေကို ကျွန်တော် အချောကိုင်ပြီး ထပ်မံတင်ပြပါရစေ။

AsiaNews နဲ့ ဒေါက်တာတင့်ဆွေ အမေးအဖြေ
(ဗမာနိုင်ငံသား လူကောင်း သူကောင်းတိုင်း ဖတ်ထားရမယ့် ရိုဟင်ဂျာအရေး)

(မေး) အရှေ့တောင်အာရှဟာ အဓိကစိန်ခေါ်မှုကြီးတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ အုပ်စုလိုက်ရွှေ့ပြောင်းမှုနဲ့ ခေတ်သစ် လှေစီး ခရီးသည်များ ပြဿနာပေါ့ဗျာ။ အများစုကတော့ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေပေါ့။ ပြဿနာရဲ့ အဓိကရင်းမြစ်က ဘာပါလိမ့်ဆရာ။

(ဖြေ) အာရှသတင်းတွေမှာ ဒီပြဿနာက လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး သတင်းခေါင်းစဉ်ဖြစ်နေခဲ့တာ ရက်တွေ လတွေချီပြီး ကြာ ခဲ့တာပါ။ အတိအကျပြောရရင်တော့ ဒီကိစ္စက ၂ဝ၁၂ ခု ဒီဇင်္ဘာ ၁၆ ရက်က စခဲ့တာပါ။ အဲဒီတုန်းက အခု မြန်မာပြည်လို့ခေါ်တဲ့ ဗမာပြည်ရဲ့ အနောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသူ သီတာထွေးဆိုတဲ့ မိန်းကလေးဟာ အုပ်စုဖွဲ့ မတရားပြုကျင့်ပြီး သတ်ပစ်တာခံခဲ့ ရရှာတယ်။ ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ အဆိုအရတော့ အမှုကျူးလွန်သူတွေဟာ ဗမာမွတ်စလင်တွေဖြစ်ကြတယ် လို့ဆို တယ်။ ဒီတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ နိုင်ငံတကာမီဒီယာမှာ တောက်လျှောက်ကြီး ပါနေတော့တယ်။ ဗမာပြည်မှာတော့ ပြည်တွင်းမီဒီယာ သတင်းတွေမှာ မပါလှဘဲ လူမှုကွန်ယက် သတင်းစာမျက်နှာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ ဖော်ပြ ရေးသား ကြပါတယ်။ ဒိနောက်တော့ ဗမာပြည်တွင်းမှာ နာမည်တစ်လုံးနဲ့ပတ်သက်လို့ တိုက်ပွဲစတော့တာပါပဲ။ ၂ဝ၁၁ခု၊ ဖေဖေါ်ဝါရီ ၄ ရက်မှာ အာဏာရလာတဲ့ စစ်တပ်တစ်ပိုင်း အစိုးရဟာ အဲဒီမွတ်စလင်တွေကို ခေါ်ဝေါ်ဖို့ ဘင်္ဂါလီဆိုတဲ့ စကားလုံးကို တီထွင်ခဲ့ ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သည်းခြေကြိုက်အခေါ်ပေကိုး။

(မေး) ဗမာပြည်တွင်းရေးပြဿနာအဖြစ်ကနေ အခုဆိုရင် ဒေသဆိုင်ရာပြဿနာဖြစ်လာနေပါတယ်။ ဒီကိစ္စကို ဘာကြောင့် ဂရု မစိုက်ဘဲ အကြာကြီးပစ်ထားကြတာတုန်း။

(ဖြေ) ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းလို့၊ အရည်အချင်းမရှိလို့ ပြဿနာက ဆက်တိုက်ကျယ်ပြန့်လာတာပါ။ အခုဆိုရင် ဒေသဆိုင်ရာပြဿနာလို့ သံတမန်လောကမှာ ခေါ်ဆိုနေကြပြီ။ ဒီမိုကရေစီရေးအတွက် ကျွန်တော် လှုပ်ရှားလာတာ ၁၉၉ဝ ကတည်းကပါ။ ကျွန်တော့အတွေ့အကြုံအရဆိုရင် ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီဗမာ့ ပြဿနာကို ဒေသဆိုင်ရာပြဿနာလို့အသိအမှတ်မပြုဘဲ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတစ်ခု သက်သက်ပါပဲလို့ မှတ်ယူထားကြတာ။ မြန်မာအစိုးရသစ်ကို ကမ္ဘာက ဟိမဝန္တာချီးမွမ်းခန်းဖွင့်တော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လည်းပါတာပဲ။ ဒီတော့ကာ ဒီလို အစိုးရတစ်ရပ်ဟာ ဒီမိုကရေစီတောင်းဆိုမှုတွေကိုတော့ အသံတိတ်သွားအောင်လုပ်နိုင်ခဲ့ပေမဲ့ ဒေသဆိုင်ရာ ပြဿနာတစ်ရပ်ကိုတော့ မီးမွှေးပေးတာ ဘာကြောင့်လဲဆိုတာ ဝိုင်းဝန်း ခွဲခြမ်းစိတ်ဖြာကြဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ဗမာ ပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို အပြင်းအထန်ခံနေရပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာလည်း မွတ်စလင်အဝန်းအဝိုင်း တစ်စိတ်တစ်ပိုင်းရဲ့ ဦးဆောင်မှု လမ်းညွှန်မှုအောက်မှာရှိတာပါ။ မီဒီယာလောကက ဒီကိစ္စကို အနည်းနဲ့ အများဆိုသလို ဇောင်းပေးဖို့ နေ့စဉ်လိုတန်းတန်းစွဲဖြစ်နေတာပါ။ ဗမာပြည်ကို လာရောက်ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အားလုံး က ဒီကိစ္စကို အထူးတလည် ရှေ့တန်းတင်ကြတယ်။ သမ္မတအိုဘားမားနဲ့ ဘန်ဂီမွန်းတို့လည်း ဒီလိုပါပဲ။ ဗမာအစိုးရရဲ့ ထုတ်ပြန် ချက်အရရော စီအိုင်အေရဲ့ ထုတ်ပြန်ချက်အရပါ သိရတာက ဗမာပြည်မှာ ဗုဒ္ဓဘာသာ ကိုယုံကြည် ကိုးကွယ်သူက လူဦးရေရဲ့ ၈၉ ရာနှုန်းရှိသတဲ့။ အစ္စလမ်ပူးပေါင်းဆောင်ရွက်ရေး အစည်းအရုံး (OIC) က ဒီလိုမျိုး ဗမာပြည်မှာ ရုံးဖွင့်ချင်သတဲ့။ ဒါ သမိုင်း ကြောင်းအရဆိုရင် ဒါပထမဆုံးအကြိမ်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ရာမှာ ပြည်ပ မီဒီယာတော်တော်များများ က တလွဲတချော်လုပ်ကြတယ်။ ဥပမာ ၂ဝ၁၅ခု မေလ ၂ဝ ရက်နေ့မှာ ထုတ်ဝေတဲ့ ဆစ်ဒနီ နံနက်ခင်း သံတော်ဆင့် (The Sidney Morning Herald) သတင်းစာ ရေးပုံကိုကြည့်။ ရိုဟင်ဂျာတွေမှာ အခွင့်အရေးရှိတယ်လို့ ဗမာပြည်က အတိုက်အခံ အင်အားစုကပြောတယ် တဲ့။ သူတို့ရေးတဲ့ထဲမှာ မှန်တာတစ်ခုတော့ရှိတယ်။ ဗမာပြည်ထဲက အလွန်ဆိုးဝါးလှတဲ့ အခြေအနေ တွေကနေ ရှောင်ပြေးကြတဲ့ မွတ်စလင်တွေမှာ လူ့အခွင့်အရေးခံစားပိုင်ခွင့်တော့ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အတိုက်အခံအင်အားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းတယ် လို့ရေးထားတာပါ။ ဒီလိုပြောတာဟာ ဗုဒ္ဓ ဘာသာဝင် အများ စုကြီးရှိတဲ့ ဗမာပြည်မှာ ချောင်ထိုးခံရတဲ့လူစုနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ဝေဖန်ချက်ပေးလိုက်ခြင်းပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဒီကိစ္စကိုရှင်းပြတော့ မီဒီယာက မသိချင်ယောင်ဆောင်ကြတယ်။ ဗုဒ္ဓဘာသာမှ တစ်ပါး အခြား ဘာသာကိုးကွယ်သူ ဗမာနိုင်ငံသားဦးရေက ပြည်ပမှာနေတာ သုံးသန်းထက်မနည်းရှိပါတယ်။ သူတို့ထဲက ငါးပုံ လေးပုံ ကျော်ဟာ ဗမာပြည်ကနေ တရားမဝင်ထွက်ပြေးကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာမရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံကတော့ တစ်ခါတစ်ရံ ပြော တယ်။ မလေးရှားကလည်း တရားမဝင်ရွှေ့ပြောင်းလာကြတဲ့ ဗုဒ္ဓဘာသာဝင် အလုပ်သမားတွေ အကြောင်းကို သာ ထောက်ပြ တတ်တာပါ။ ကျန်တဲ့နိုင်ငံတွေကတော့ ဒီကိစ္စကို အာရုံမစိုက်ကြပါဘူး။

(မေး) မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လှေစီးပြီးရောက်လာကြတဲ့သူတွေ သူတို့ရဲ့နိုင်ငံတွေဆီကို မလာအောင် တစ်ကြိမ် နှစ်ကြိမ်လောက် တားဖူးတယ်။ အခု ဒီနိုင်ငံတွေ စိတ်ပြောင်းသွားကြပြီ။ ဒီတော့ ဒီအခြေအနေ ပြေလည်မှုရရှိအောင် သူတို့ ပူးပေါင်းဆောင်ရွက်နိုင်မလား။

(ဖြေ) အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို မွတ်စလင်အများစုနေထိုင်တဲ့ ဒေသတွင်းနိုငံတွေဟာ ဒီဒေသမှာရှိတဲ့ ဘယ်နိုင်ငံကပဲ လာလာ မွတ်စလင်ရွှေ့ပြောင်းသူတွေကို မျက်ကွယ်ပြုထားခဲ့တာ ထုံးစံပါ။ အိန္ဒိယနဲ့ ပါကစ္စတန်က အစွန်းရောက် အုပ်စုတွေဆီ ကပဲ အသံတွေထွက်လာတယ်။ ရိုဟင်ဂျာအမည်ခံထားတဲ့ လက်နက်ကိုင်အုပ်စုတွေကို အကူအညီ ပေးကြတယ်။ နောက်ထပ် အာစီယန် နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကဆိုရင် မွတ်စလင်လှေစီးခရီးသည်တွေနဲ့ ဒေသတွင်းတရားမဝင် ရွှေ့ပြောင်းသူတွေ ကို ကူညီဖို့ကိစ္စမှာ အသံတိတ်နေတယ်။

(မေး) ဒီပြဿနာကို ဖြေရှင်းရာမှာ အာစီယန်ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။

(ဖြေ) ဗမာပြည်ကို အာစီယန်အဖွဲ့ထဲဝင်ခွင့်ပြုခဲ့တဲ့ ၁၉၉၇ခု ဇွန်လ ၂၃ ရက် ကတည်းက အာစီယန်အဖွဲ့ကြီးဟာ ဗမာပြည်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းခဲ့တဲ့ လုပ်ရပ် တစ်ခုမှမရှိပါဘူး။ အာစီယန်အဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာရ အစိုးရကိုသာ မျက်နှာသာပေးခဲ့ပြီး နှိပ်ကွပ်ခံနေရတဲ့ လူထုကိုဖြစ်ဖြစ် အဲဒီအစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ ဘယ်ပြဿနာကိုဖြစ်ဖြစ် ကူညီခဲ့တာ ဖြေရှင်းပေးခဲ့တာ မရှိပါဘူး။

(မေး) အဲဒီ အဖွဲ့အစည်းကြီးမှာ ကျင့်ဝတ်အရရော နိုင်ငံရေးအရပါ စွက်ဖက်နိုင်တဲ့ အခွင့်အာဏာရှိပါသလား။

(ဖြေ) မရှိပါဘူး။ လုံးဝ မရှိပါဘူး။ ၂ဝဝ၄ ခုနှစ်တုန်းကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖိအားပေးကြလို့ ၂ဝဝ၆ခုနှစ်မှာ ဗမာပြည် အိမ်ရှင်နိုင်ငံဖြစ်ရေးကို အာစီယန်အဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်ခဲ့ကြဖူးတယ်။ အဲဒီလို ရဲရဲဆုံးဖြတ်ခဲ့ကြတာကလွဲလို့ အာစီယန်ဟာ ဗမာပြည်ကို ဘယ်တုန်းကမျှ ထိပ်တိုက်ဟန့်တားတာမရှိခဲ့ဖူး။ အခု ရိုဟင်ဂျာကိစ္စမှာ အမေရိကန်နဲ့ အီးယူတို့ကပါ မဆီလျော်တဲ့ တောင်းဆိုချက်တွေလုပ်နေပြန်တယ်။

(မေး) ဆရာ့ အမြင်အရဆိုရင် ဒီ အရေးပေါ်ပြဿနာကိုဖြေရှင်းဖို့ သင့်တော်တဲ့ နည်းနာက ဘာပါလဲ။

(ဖြေ) ဒီပြဿနာကို ပိုဆိုးသွားစေတဲ့ အကြောင်းနှစ်ချက်ရှိတယ်ဗျ။ ဗမာအစိုးရကိုယ်တိုင်ကြောင့်ရော တစ်ဖက်သတ် နားချ နေကြတဲ့သူတွေရဲ့ လှည့်ဖျားခံနေရတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြောင့်ရောပေါ့ဗျာ။ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် မနေ မနားအထောက်အပံ့ပေးခဲ့ကြတဲ့ အစိုးရတွေရော ထောက်ပံ့ရေး အေဂျင်စီတွေရော ၂ဝဝ၇ ခုနှစ်ကတည်းက ရန်ပုံငွေ ထောက်ပံ့ နေတာတွေကို ရပ်ဆိုင်းလိုက်တယ်။ အဲဒီကတည်းက ရိုဟင်ဂျာတွေအတွက် စည်းရုံးနားချပေးတဲ့၊ တက်တက်ကြွကြွနဲ့ ငွေကြေး ပြည့်ပြည့်စုံစုံရှိတဲ့ အဖွဲ့တစ်မျိုးတည်းသာ ကျန်တယ်။ ဒီတော့ကာ (ဗမာပြည် ဒီမိုကရေစီရရှိရေး) မှသည် (မြန်မာပြည် ရိုဟင်ဂျာ ထွေးပိုက်ရေး) အဖြစ် ပြောင်းသွားတယ်။ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အစိုးရက ရိုဟင်ဂျာနဲ့ပတ်သက်ရင် နိုင်ငံရေး ကစားလို့ မဖြစ်ပါ။ စစ်ခေါင်းဆောင်တွေက ရိုဟင်ဂျာလို့ရေးတာ ပြောတာကို ပိတ်ပင်ခြင်းဖြင့် လူထုရဲ့လက်ခုပ်သံကို ရအောင် ကြိုးစားနေတယ်။ ဗိုလ်ချုပ်ကြီးတွေက အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စုကို ဖန်တီးတော့ အဲဒီအုပ်စုက အမုန်းစကားတွေ ပြောကြ တော့တာပေါ့။ ကုလသမဂ္ဂကိုယ်စားလှယ်ကို မလိုမုန်းထားအပုပ်ချစကားတွေ သုံးနှုန်းတော့တာပေါ့။ မကြာသေးမီက ဆိုရင် ပြည်ထောင်စုလွှတ်တော်က အငြင်းပွားစရာဖြစ်တဲ့ လူဦးရေဥပဒေကြမ်းကို အတည်ပြုခဲ့တယ်။ စစ်အရာရှိဟောင်းတွေ လုပ်နေ တာမှန်သမျှရဲ့ ရည်ရွယ်ချက်က ဒီနှစ်အောက်တိုဘာလလောက်မှာ ကျင်းပမယ်ဆိုတဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲရဖို့ချည်းပါပဲ။ ဒါပေမဲ့ နိုင်ငံကတော့ ရိုဟင်ဂျာအရေးနဲ့ ပြည်ပရဲ့ ခြိမ်းခြောက်မှုခံနေရပြီ။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ ပြဿနာရဲ့ သဘောသဘာဝနဲ့ အကြောင်းရင်းဇာစ်မြစ် အမှန်ကို တိတိကျကျ နားလည် မှဖြစ်မယ်။ လူသားဆန်တဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေးရှုထောင့်ကနေ ဆောင်ရွက်တာပဲ အမှန်တကယ်ကောင်းတာပါ။ ဒါပေမဲ့ ခက်တာက နိုင်ငံတကာကလည်း နိုငံသားအဖြစ်အသိအမှတ်ပြုရေးနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ရေး ဆိုတာ တွေကိုသာ တောင်းဆိုနေကြတယ်။ ဒီလိုမျိုး နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စကို တမင်သက်သက် ဝင်ရောက်စွက်ဖက်ခံခဲ့တဲ့ နိုင်ငံမျိုး ရှိသလားဗျာ။

(မေး) ဗမာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိမ့်မယ်လို့ ဆရာ ထင်သလား။ ဒါမှမဟုတ် သူတို့ကို ဗမာပြည်မှာ အေးအေးချမ်းချမ်းနေထိုင်နိုင်စေဖို့ အခွင့်အရေးတွေပိုပေးလိမ့်မယ်လို့ကော ထင်ပါသလားဗျာ။

(ဖြေ) လူကုန်ကူးမှုဟာ တကယ့်စိန်ခေါ်မှုကြီးပဲလို့ ဗမာအစိုးရကထောက်ပြတဲ့အချက်ကို ကျွန်တော်သဘောတူပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကတော့ ပိုက်ဆံရရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ်လှေနဲ့တင်ခေါ်သွားကြမှာပဲ။ ဘယ်နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ဘယ် နိုင်ငံသားတွေကိုပဲဖြစ်ဖြစ်ခေါ်သွားမှာပဲ။ ဒါပေမဲ့ ဘာလို့ ရိုဟင်ဂျာကျမှ ပြဿနာတက်ရတာတုန်း။ ဘာလို့ ဗမာပြည်ကျမှ ပြဿနာဖြစ်ရတာတုန်း။ ဘင်္ဂလားဒက်ရှ်ကိုကျတော့ ဘယ်သူမှ မပြောကြဘူး။ ပြီးတော့ ပင်လယ်ပြင်က ဖမ်းဆီးမိတဲ့ လူတွေကို ပြန်ပို့တာ ဘယ်သူ့ကိုမျှ အထောက်အကူမပြုပါဘူး။ သူတို့ဟာ မိမိအခြေတကျနေထိုင်ခဲ့တဲ့နေရာကို စွန့်ခွာလာခဲ့ကြတာပါ။ ဘာ လို့ထွက် ပြေးလာခဲ့ကြတာလဲ။ ဒါ အရှင်းကြီးပါ။ ဘင်္ဂလားဒက်ရှ်ရော ဗမာပြည်ပါ သူတို့အတွက် ပဋိရူပဒေသမဟုတ်လို့ပေါ့။ ဘင်္ဂလားဒက်ရှ်ကို အသာထား။ ဗမာပြည်ကတော့ ပြင်ပက ချီးမွမ်းနေကြသလို ပြောင်းသွားပြီဆိုတာ မဟုတ်ပါ။ ပြင်ပက အဆ မတန်ဖိအားပေးနေတာတွေ၊ ဗမာအစိုးရက ဒီပြဿနာကို အကိုင်အတွယ်မှားတာတွေက အဲဒီ ကံဆိုးသူ မောင်ရှင်တွေကို ဘယ်လိုမှု ကယ်ရာရောက်မှာ မဟုတ်ပါဘူး။ မမြင်ရတဲ့ နောက်ကွယ်က အားကောင်းတဲ့ လက်တံရှည်တွေရှိတယ်။ ဗမာအစိုးရက ကိုယ့်နိုင်ငံကောင်းစားရေးကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာဝင်ဖြစ်နေနေ ကိုယ့်ပြည်သူတွေကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာကို ကိုးကွယ်သူတွေကိုဖြစ်စေ၊ ဘယ်နိုင်ငံသားကိုဖြစ်စေ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်လို့ အာဏာတည်မြဲမယ်ဆိုရင် အစိုးရက နိုင်ငံသားဖြစ်အောင်လုပ်ပေးလိုက်မှာပဲ။

(ဘာသာပြန် Tin lay)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...