Wednesday, May 13, 2015

Potato chips ဇာတိဇစ်မြစ်မချစ် အာလူးချစ်

နုတ်တရာစာတလုံး၊ သတိထားသုံးရပါမယ်။ စကားလုံးအရွေးကောင်းတာကို သဘောကျကြတယ်။ စကားလုံးထွင်တာ နောက်မှာ လိုက်ပါသူတွေ မနည်းပါ။ တလောကတည်းက (အရွေ့) ဆိုတာကို ပြောလိုက်ကြတာ။ အသုံးအနှုန်းသာရွေ့ပြီး တိုင်းပြည်အခြေအနေကဖြင့် တုပ်တုပ်မှ မလှုပ်ပါ။

ပြောင်ပြောင်မြောက်မြောက်ရေးရင် သိပ်ဖတ်ချင်ကြတယ်။ (ဆိုက်ဝါး) ခေါ်တဲ့ ဝါဒဖြန့်ချိရေးမှာတော့ နစ်နစ်နာနာ ထိထိမိမိ စကားလုံးတွေကို တမင်ရွေးသုံးကြတယ်။ ဒီပညာမှာ ကွန်မြူနစ်လက်ကျကို ဘယ်သူမှမမီပါ။

အရင်ခေတ်က ဆင်းရဲလွန်းတာကို ကုန်းကောက်စရာမရှိတာမျိုး၊ ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် မွဲတေနေတာမျိုး သရုပ်ဖေါ်တဲ့စာတွေ ခေတ်စားခဲ့တယ်။ နိမ့်ကျလွန်းသူတွေကို ဇာတ်လိုက်ထားတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေ ရောင်းကောင်းခဲ့၊ ရုပ်ရှင်တွေလည်းရိုက်ခဲ့ကြတယ်။ လက်တွေ့ဘဝထဲမှာ သူဌေးသူမီးတွေက တမျိုးတမည်အိမ်ထောင်ကျကုန်တယ်။ ခန္ဓာကိုယ်ရောင်းစားသူကို ကောလိပ်ကျောင်းသားက မေတ္တာထားတာတွေဖြစ်ကုန်တယ်။ ပညာမဲ့ကို ဟီးရိုးလို့လုပ်တော့ မိဘတွေမှာ စာကြိုးစားဘို့ပြောရတာ အလကားဖြစ်ရတယ်။

အနုပညာခေါင်းစဉ်ကို အမွှန်းတင်လွန်းတုံးက လူငယ်မှန်ရင် တီးရမလား၊ ဆိုရမလား၊ ကရမလား၊ ကဗျာစပ်ရမလား၊ စာရေးရမလားဆိုတာတွေက (မိုင်အမ်ဘီးရှင်း) စာစီစာကုံးတွေဖြစ်လာတယ်။ ပါရမီပါမှသာ ဖြစ်မြောက်ထွန်းပေါက်တာ မဟုတ်ပါလား။

ဒိနောက်မှာ လမ်းပြနိုင်တဲ့စာတွေ ပိတ်ပင်ခံရလို့ရှားပါးကုန်တော့ အသိလွဲမှားမှုခေတ်ကနေ အသိခေါင်းပါးမှုဖြစ်လာတယ်။ ဘာသာပြန်တွေတခေတ်ထတယ်။ (ဘက်ဆဲလား) အတော်များများ ဘာသာပြန်ကြတယ်။ တချို့စာအုပ်တွေက ကောင်းပါတယ်။ တချို့က အလိုက်လွဲပုံရတယ်။ ဗိုလ်ချည်းတွေးလာကြတယ်။ ဗမာမှုဆိုတာ လှိုက်စားခံနေရတဲ့အထဲ အရောင်တုတွေ သုတ်လာကြတယ်။ ရှေးဟောင်းလက်ရာတွေကို စည်းမဲ့ကမ်းမဲ့ပြင်တာနဲ့ အတူတူပဲ။

အခုအခြေအနေကြည့်ရတာ လက်ဟောင်းမူလသမားတွေကလည်း တပြားမှမလျှော့၊ ဝယ်မယ့်သူကသိပ်ရှိပုံမရ။ ပေါ်ပင်လို့ အရင်ကခေါ်တဲ့ (ဒိအရင်က ကာလပေါ်လို့ခေါ်တဲ့) အရာတွေဟာ (အာလူးချစ်ပ်) အထုပ်တွေလိုပဲ။ နေရာတိုင်းမှာ အိတ်လှလှလေးတွေနဲ့ လူတိုင်းလက်ထဲမှာ တွေ့နေရတာနဲ့ တူနေတယ်။ ဈေးပေါတာကိုး။ ဒါပဲရောင်းနေကြတာကိုး။ အပေါ်ယံကိုကြိုက်ကြတာကိုး။ အာဟာရလည်းမကောင်း၊ ရောဂါအဆန်းတွေလည်းရစေတယ်။

အစားအသောက်ကိုပြောချင်တာ မဟုတ်ပါ။ တချို့က ရိပ်ဖမ်းသံဖမ်းပြောလို့မရတော့တဲ့ဘဝ ရောက်နေကြလို့၊ တည့်ဒိုး ပြောပါရစေ။ စာကိုပြောချင်တာ။ ယဉ်ကျေးမှုကိုပြောနေတာ။ အသိပညာရှာတာကိုဆိုလိုတာ။ ကုန်ကုန်ပြောရရင် ကနေ့ခေတ် ဖြစ်နေတာတွေပါခင်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၅
နံနက် ၂ နာရီ ၃ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...