The visitors လေ့လာရေးကိုလေ့လာခြင်း

လွှတ်တော်နားနေချိန်မှာ ကိုယ်စားလှယ်တွေ ပြည်ပခရီးတွေ ထွက်နေကြတယ်။ ပြည်ပ ခရီးစဉ်တွေမှာ မပါရသူတွေက ကိုယ့်မဲဆန္ဒနယ်မြေကို သွားကြမယ်။ ကိုယ်နေတဲ့နေရာနဲ့ အရွေးခံတာက တခြားစီ ဖြစ်နေရင် တမင်တကာ သွားကြရမယ်။ ကိုယ်စားလှယ်လောင်း လျာထားရာမှာ ဒေသခံကို ဦးစားပေးပါဆိုတဲ့ လမ်းညွှန်မူက နေရာတိုင်းလိုလိုမှာ လူကြိုက် များပါတယ်။ တခြားနိုင်ငံတွေမှာလည်း အဲလိုပဲ။ ဒါပေမယ့် ခြွင်းချက်ဆိုတာ ရှိစမြဲပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကနေ သူတို့ ကျားဖြူပါတီက လာမယ့် ၂ဝ၁၅ အတွက် ကိုယ့်နယ်က လူကိုသာ ရွေးစေဖို့ မူချထားတယ်လို့ ပြောတယ်။ အန်အယ်လ်ဒီရဲ့ မူကိုတော့ အပြင်မှာနေတဲ့ ကျနော်ကပဲ ပြောလိုက်တယ်။ ပါတီဝင်မဟုတ်သူကိုပါ ပါတီကနေ ရွေးချယ်ခွင့်ပေးမယ်လို့။

ဒီလို အပြန်အလှန်စကားကို (အင်ဒီယာနား) မှာပြောကြတာပါ။ မကြာသေးခင်ကပဲ ပြည်ပခရီးထွက်ကြသူတွေထဲက တစုရဲ့တဝက်နဲ့ တွေ့ဆုံစကားပြောခွင့်ကြုံခဲ့ပါတယ်။ အဲဒီ အဖွဲ့ခွဲကို သမီးအိမ်မှာ ညနေစာ ကျွေးမွေးဧည့်ခံဖို့ အခွင့်ကြုံလို့ပါ။ နောက်အဖွဲ့ခွဲတခုက တခြားအခန့် ရှိတယ်တဲ့။ ပြည်ခိုင်ဖြိုးက ၂ ဦး၊ အန်အယ်လ်ဒီက ၂ ဦးနဲ့ အက်စ်အန်ဒီပီက ၁ ဦး ဖြစ်ပါတယ်။ သူတို့ ၅ ဦးနဲ့ ၁၉၉ဝ လူဟောင်း ကျနော်တို့ တွေ့ကြတာကို ၆ ပွင့်ဆိုင်တော့ ပြောမရပါ။ ကျနော်တို့က ပခုံးချင်းကပ်ထိုင်ကြပါတယ်။

ကျနော်က ပြည်ပမှာ နေရပေမယ့် ပြည်တွင်းမှာ နေ့တဓူဝဘာဖြစ်နေသလည်းကို နားထောင်မနေတဲ့နေ့ရယ်လို့ မရှိပါ။ ရက်ပေါင်း ၉ဝဝဝ လောက်ရှိပါပြီ။ တိုင်းပြည်က ထွက်ရကာစမှာ လှိုင်းတိုရေဒီယို တခုတည်းသာ ဆက်သွယ်ရေး နည်းလမ်း ရှိတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီး သောင်းကျန်းတဲ့ကာလတွေမှာ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးဟာ အသက်နဲ့ ရင်းလုပ်ရတဲ့ တာဝန် ဖြစ်တယ်။ ပေးဆပ်လိုက်ရတာတွေ ရှိတယ်။ ကွယ်လွန်သူ အန်အယ်လ်ဒီပါတီက ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဒိုထောင်းက ကျနော်နဲ့ အပြန်အလှန် စာရေးကြလို့ ထောင် ၇ နှစ်ကျခံသွားရတယ်။ တနွယ်ငင်တစင်ပါ တခြား အမတ် ၃ ယောက်လည်းပါသွားတယ်။

တဖြည်းဖြည်းနဲ့တော့ အနားကပ်လာပြီလို့ ပြောနိုင်လာပါတယ်။ အတွင်းထိလည်း နှိုက်ဖို့ရာ လက်လှမ်းမီစပြုလာပြီ။ ဒေလီမှာနေရတုန်း မြန်မာပြည်က ဘုရားဖူးတွေနဲ့ ဆေးလာကုသူတွေသာလာကြတာ များတယ်။ အဲဒီကာလမှာ မြန်မာပြည်က လာကြသူ မှန်သမျှ ကျနော်ကို ရှောင်ကြရတယ်။ ဟိုတချိန်က အနာကြီးရောဂါသည်တွေကို ရွာပြင် ထုတ်ထားကြပြီး၊ သူတို့အနားလည်း လူမကပ်ရဲကြသလိုပေါ့။ ကျနော်နဲ့ တွေ့တာကို ထောက်လှမ်းရေးက သိရင် အလုပ်ပြုတ်ကြမှာ စိုးရိမ်ကြရလို့ပါ။ အခုတော့ HIV တွေကိုလည်း မခွဲခြားပါ။

၁၉၉ဝ တုန်းက အန်အယ်လ်ဒီမှာ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပြဿနာတွေ တကယ်ရှိခဲ့တယ်။ ဗဟိုခန့်ဆိုတဲ့အသုံးဟာ မဆလ ခေတ်အမွေကို ရယူသလိုပဲ။ မကျေနပ်သူတွေက တသီးပုဂ္ဂလ လုပ်ကြရတော့ မဲတွေပြားပြီး တချို့နေရာတွေမှာ တစညပါတီက အချောင် အနိုင်ရသွားခဲ့တယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်မှာတော့ ဒေသခံမဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေက အများစုလို့ ပြောရမယ်။ ဒေါ်စုကိုယ်ကိုင်က စတယ် မဟုတ်ပါလား။ ကျနော်နယ်ဟောင်း ပုလဲကို ၁၉၉ဝ ဝက်လက်မြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က လာအရွေးခံရတာ ဖြစ်လာတယ်။ တရက်တည်းတချိန်တည်းမှာ လာဖမ်းတော့ ကျနော်ကလွတ်ပြေး၊ သူက အဖမ်းခံခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်လည်း အမရပူရကနေ ကျောက်ပန်းတောင်သွား အရွေးခံရတယ်။

အခု စကားဝိုင်းမှာပါတဲ့ ဦးအောင်ကြည်ညွန့်လည်း အရင်မွန်ပြည်နယ်ချောင်းဆုံကနေ တောင်တွင်းကြီးရောက်သွားရတယ်။ သူနဲ့ ပါတီတွင်း စကားတွေပြော ဖြစ်ကြတယ်။ ၂ဝ၁၅ မှာ ဘယ်သူတွေ အရွေးခံကြမလည်း။ အရွေးခံချင်သူတွေက များနေတယ်တဲ့။ အရွေးခံစေချင်သူမျိုးကတော့ ငြင်းနေတာလည်းရှိတယ်တဲ့။ ဆရာဝန်တယောက်နာမည် ပြောပြတယ်။ ကျနော်ကလည်း အလားတူပဲ နယ်ကအရွေးခံစေချင်သူနဲ့ ကျနော်ကလည်းသဘောတူတဲ့ ဆရာဝန်တယောက်က ငြင်းနေကြောင်း ပြောပါတယ်။

ဒီတချည်မှာ တမျိုးလုပ်စရာအကြောင်း ရှိလာပါတယ်။ ပါတီဝင်မဟုတ်သူကိုလည်း ပါတီကိုယ်စား အရွေးခံစေမယ်ဆိုတာ ဗျူဟာအရ မှန်ပါတယ်။ မိတ်ဆွေဖြစ်လာတဲ့ အက်စ်အန်ဒီပီ ကအမတ်က ဖေ့စ်ဘွတ်ကနေ အန်အယ်လ်ဒီထဲမှာ အရည်အချင်းရှိတဲ့သူတွေ များစေချင်တယ်လို့ ရေးပါတယ်။ နယ်တနယ်ကဆရာဝန်တဦးအကြောင်း စကားစပ်မိကြရင်း ပြောဖြစ်သွားတာပါ။ အဲတာလည်း မငြင်းပါ။ ကျနော်မြင်တာက ၂ဝ၁၅ မှာ နိုင်ငံရေးပါတီတွေ နေရာအရေအတွက်က ပိုအရေးကြီးတယ်။ အန်အယ်လ်ဒီမှာ နိုင်မယ့်သူတွေက ပြိုင်ကြစေချင်တယ်။ ပါတီနာမည်နဲ့ အရွေးခံသူတိုင်းအနိုင်ရရေး အဝေးကနေ ကူညီမယ်။ ဘာလို့ မနိုင်ရမှာလည်း။

အာဏာရ ပြည်ခိုင်ဖြိုးပါတီထဲမှာ နှစ်ပိုင်းဖြစ်နေသလားဆိုတာကို မီဒီယာက စောကြောနေတာ ကြာပြီ။ (ဆတ်ခ်ျဖိုင်းယား) ပစ်ကြည့်တာကနေ စပါတယ်။ အဲဒီပါတီဝင်တွေ ကိုယ်တိုင်က ငြင်းကြတဲ့သူရော၊ ဟုတ်တယ်လို့ ပြောသူရော တွေ့ရပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီယာနာပိုးလစ်ကို ရောက်လာတဲ့ မြန်မာနိုင်ငံက လေ့လာရေးအဖွဲ့ထဲမှာ ပြည်ခိုင်ဖြိုးအမတ် ဦးတင်မောင်ဦးကတော့ (အော့ဖ်သရက်ကော့) ပြောတာလားလို့တော့ မမေးမိပါ။ တကယ်ဟုတ်ပါတယ်တဲ့။ အမေရိကန်ကို ရောက်နေကြတဲ့အဖွဲ့နဲ့ နောက်လာကြအုန်းမယ့်အဖွဲ့ ၂ ခုကိုကြည့်လိုက်ရင် ဗိုလ်မှူးကြီးဟောင်းပြောတာ မှန်နေတယ်။

မေလမကုန်ခင်မှာ (ယူအက်စ်-မြန်မာ အင်ဂေ့ခ်ျမင့် ကွန်ဖရင့်) တခုကို IUPUI (အင်ဒီယာနာပိုးလစ် ပူဂျူး) တက္ကသိုလ်မှာ လုပ်ပါလိမ့်မယ်။ အဲဒီကိုလာမယ့် ပုဂ္ဂိုလ်တွေစာရင်းကို ကြည့်လိုက်ရင် အစိုးရအုပ်စု ဖြစ်နေတာ တွေ့ရတယ်။ လက်ရှိ ရောက်နေတာက လွှတ်တော်အုပ်စု။ အစိုးရနဲ့ လွှတ်တော်။ သဘောသဘာဝအရ မတူကြပေမယ့် မူလဘူတ တူကြတယ်။ ကြံခိုင်ရေးက လာကြသူတွေချည်း ဖြစ်လို့ပါ။ ဒါပေမယ့် ဦးသိန်းစိန်နဲ့ ဦးရွှေမန်း နှစ်ခြမ်းဖြစ်တယ်။ ရွေးကောက်ပွဲပြီးလို့ ကြံ့ခိုင်ရေးပဲ အစိုးရဖွဲ့နိုင်ရင်တော့ အစုံလိုက် အသစ်ဖြစ်လာစရာ ရှိနေပါတယ်။ ဒိုင်းဝန်ထက်တော့ မကဲကောင်းပါရဲ့။
နောက်ပွဲကို ဝါရှင်တန်နေ မြန်မာသံအမတ်ကြီး၊ သံရုံးစီးပွားရေးတာဝန်ခံတို့က ဒိုင်ခံ ပြောကြမယ်။ အမေရိကန်၊ သြစတြေးလျက တာဝန်ရှိသူတွေနဲ့ ဥရောပမြန်မာရုံးကလည်း ပြောကြမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယိုမိန်းခွန်းနဲ့ စမှာတဲ့။ ဒါဆို ဘာလည်း စဉ်းစာနေကြပါလိမ့်မယ်။ ကျနော်တော့ မအံ့သြမိပါ။ မြန်မာ့နိုင်ငံရေးဟာ တွေးစရာတွေနဲ့ နေခဲ့ရတာ ကြာလှပြီ မဟုတ်ပါလား။ ဒေါ်စုကို အသုံးချတာလား၊ ဒေါ်စုက အသုံးချခံတာလား တွေးတာက တိမ်ပါမယ်။ ဘယ်သူမှ ညံ့ကြတာ မဟုတ်လို့ တွေးတဲ့သူက ညံ့လို့မရပါ။

ညွန့်ပေါင်းအသံထပ်ထွက်တာတယ်။ အဲတာလည်း ဒေါ်စုကနေ ရွေးကောက်ပွဲကို သပိတ်မှောက်မလိုလို ပြောသလိုမျိုးနဲ့ မကွာပါ။ ကျနော်တော့ အမဲသားနဲ့ ဝက်သား ရောချက်တာ ၁၉၉ဝ ဇိုမီးအမတ်အိမ်မှာ တခါပဲ စားဖူးတယ်။

မြန်မာကိုယ်စားလှယ်အဖွဲမှာ ၁၂ ဦး ပါတယ်။ ကျနော်နေထိုင်ရာမြို့ကနေ တက်ဆပ်စ်ပြည်နယ် မြို့တော် ဒါးလပ်စ်ကို ဆက်သွားကြတယ်။ ညရောက်တော့ ဦးရဲထွန်းက သူ့ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။ သူတို့အားလုံးကို ဂုဏ်ထူးဆောင် မြို့တော်သားအဖြစ် ဒါးလပ်စ်မြို့တော်ဝန်ကနေ အသိအမှတ်ပြုစာတွေ ပေးသတဲ့။ ဒါနဲ့ (ကွန်မင့်) ကနေ ပြန်ရေးလိုက်ပါတယ်။ အေးဗျာ့ ကျနော် နယူးဒေလီမှာ ၂၄ နှစ်ကြာခဲ့တာ ဘာမှမရဘူး။ ခင်ဗျားတို့က ၂၄ နာရီအတွင်း ရတယ်၊ ကွာပလို့။

ဒီမိုကရေစီနိုင်ငံကြီး ၂ ခုက မတူကြပါ။ စစ်တပ်ဦးစီးသမားတွေက နေ့ချင်းပြီး ဒီမိုကရေစီရပြီတဲ့။ နိုင်ငံသားတွေအဖို့မှာတော့ အခက်အခဲတွေ၊ ဒုက္ခတွေဟာ ဘယ်နှစ်နှစ်ကြာ လေအုံးမည် မသိပါ။ အစိုးရသစ် ၄ နှစ်ဆိုတာ ကျနော် အိန္ဒိယကို ရောက်ကာစလို ကျောက်တူး၊ ဝါးခုတ်၊ ရရာအလုပ်လုပ်ခဲ့ကြရသလိုပဲ။

မြန်မာအစိုးရကနေ အမေရိကန် လော်ဘီ ငှားတဲ့သတင်းနဲ့ အမေရိကန်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ပွဲစားတွေ လာနေကြတဲ့ သတင်းက ဆက်နေတယ်။ ကျန်းမာရေးစာတွေလည်း ရေးနေတာမို့ မြန်မာပြည်က ရောဂါတွေ ဝေဒနာတွေအကြောင်း ကောင်းကောင်းသိတယ်။ အမေရိကမှာ အသည်းရောင် (စီ) ဆေး (ဆိုဗယ်လ်ဒီ) တပြားကို ဒေါ်လာ ၁ဝဝဝ ပေးရပြီး၊ ၁၂ ပတ်စာ ဒေါ်လာ ၈၄ဝဝဝ ကုန်တာမို့ မြန်မာအစိုးရကနေ (ပိုဒက်စတာ) ကို ပေးရတဲ့ငွေဟာ အသည်းရောင် (စီ) လူနာ ၁ဝ ယောက်စာနဲ့ ညီတယ်။ ဆင်ပါးစပ်နှမ်းပက်သလောက်တော့ မြန်မာအစိုးရ အကျိုးရပါလိမ့်မယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးဆင်ဖြူတော်ပါးစပ်ထဲ ဘယ်လောက်ခွံကျွေးကြမလည်း။

အမေရိကန်က ကောင်းတဲ့နမူနာတွေကို အလည်လာကြတဲ့ ကိုယ်စားလှယ်တော်တွေကနေ ယူဆောင်သွားနိုင်ကြပါစေ။ ကောင်းတဲ့ လွှတ်တော်အဖြစ် ပြောင်းနိုင်ကြပါစေ။ ကောင်းတဲ့အစိုးရပြောင်းဖို့ကတော့ မဲပေးကြမယ့်သူများကနေ အန်အယ်လ်ဒီကို မိုးဦးကျနှမ်းခင်းမှာ နှမ်းကျဲပက်သလိုမဲပေးပေးကြမှသာ ရနိုင်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ